
မြန်မာနိုင်ငံဘက်ကို ပေးထားသည့် လျှပ်စစ်ဓါတ်အားလိုင်းများ ဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်ပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၅) နံနက်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ် မြို့ ၃ မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ထိုင်းဝန်ကြီးချုပ်က မီးဖြတ်ရန် အမိန့်ထုတ်ခဲ့ပြီး လိုက်နာရန် ပျက်ကွက်ပါက ပျက်ကွက်သော ထိုင်းအာဏာပိုင်များကို အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတိပေးပြောဆိုခဲ့သည်။
ထို့နောက် ယနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ထိုင်းနှင့်နယ်မြေထိစပ်နေသော ကရင်ပြည်နယ် မြဝတီ နှင့် ဘုရားသုံးဆူမြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့ လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် မြဝတီမြို့နှင့်ဘုရားသုံးဆူမြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းဘက်က ပေးထားသည့် လျှပ်စစ်လိုင်းများပြတ်တောက်သွားပြီဖြစ်ကြောင်း မြို့ခံ ၄ ဦးက အတည်ပြုသည်။
မြဝတီမြို့နယ်ရှိ ဟိုတယ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက နံနက် ၈ နာရီ ကျော်ကျော်တွင် ထိုင်းဘက်မှ လာသော လျှပ်စစ်မီး (ဒေသအခေါ် ထိုင်းမီး) ပြတ်တောက်သွားပြီဖြစ်ကြောင်း ပြောသည်။
မြဝတီမြို့ခံအမျိုးသမီးတစ်ဦးကလည်း “၉ နာရီနဲ့ ၄ မိနစ်လောက်ကတည်းက မလာတော့ဘူး။ ထိုင်းမီး ယူထားတာကြာပြီ။ လှမ်းတော့ အကြောင်းမကြားပါဘူး။ မီးဖြတ်မယ့်အကြောင်း လိုင်းပေါ်မှာပဲ တွေ့တာ” ဟု ပြောသည်။
၎င်း၏ အိမ်မှာ ထိုင်းဘက်မှ လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ၈ ဘတ်နှုန်း (မြန်မာငွေ ၆၀၀ ကျပ်ဝန်းကျင်) ဖြင့် ဝယ်ယူသုံးစွဲနေသူဖြစ်သည်။
“တစ်ယူနစ်ကို ၈ ဘတ် ကောက်တယ်။ တစ်လ အနည်းဆုံး(ဘတ်) ၃ထောင်ကျော်လောက် ကျတယ်။မီးပြတ်သွားတော့ တကယ်ကို အသုံးလိုတဲ့သူတွေခက်ခဲသွားတာပေ့ါ။ ဒီလိုဖြတ်လိုက်တော့ အန်တီတို့က ဘာပြောလို့တတ်မှာလဲ”ဟု အထက်ပါအမျိုးသမီးက ဆိုသည်။
စစ်ကောင်စီသစ္စာခံ ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေမြဝတီမြို့တွင် ရွှေကုက္ကိုလ် မြို့သစ် ၊ KK Park အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုအပါဝင် ရာဇဝတ်လုပ်ငန်းများ တွင်တွင် ကျယ်ကျယ် ပြုလုပ်နေပြီး လိုအပ်သော လျှပ်စစ်မီးကို ထိုင်းဘက်မှ ရယူသုံးစွဲနေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသားများအပါအဝင် အာဆီယံနိုင်ငံသားများကို ထိုင်းဘက်မှတဆင့် မြန်မာနိုင်ငံဘက်သို့ လူ ကုန်ကူးကာ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွင် အတင်းအဓမ္မခိုင်းစေမှုများ ယမန်နှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ကျယ်ကျယ်ပြန့်ပြန်ပေါ်ထွက်လာသည်။

ထို့နောက် ထိုင်းအစိုးရသည် တရုတ်ဖိအား၊ နိုင်ငံတကာဖိအားများဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း မြန်မာ နယ်စပ်ဘက်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် ကြိုးပမ်းနေသည်။
နယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း ထိုမြို့ တွင်နေထိုင်သူ အသက် ၄၀ ကျော်ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ကနေ လျှပ်စစ်ဓါတ်အားကို ဝယ်ယူသုံးစွဲနေရသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီ လိတ်မြို့တွင် ယနေ့နံနက် ၉ နာရီတွင် မီးပြတ်သွားခဲ့ပြီး ၎င်းတို့မြို့ထက်ဝက်နီးပါးက ထိုင်းမီးကို ဝယ်ယူသုံးစွဲနေကြသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ လာအိုမီး ရှိတော့ မတရားကြီး ဆိုးဆိုးရွားရွားကြီးဖြစ်မှာမဟုတ်ဘူး။ လာအိုမီး ဖြတ်လိုက်ရင်တော့ ကြာမှာပေ့ါ။ မီတာခကောက်တာက အတူတူပဲ။ အခုက စက်သုံးဆီက မဝင်တော့ဘူးလို့ ပြောတယ်။ လူတိုင်းလိုလို ပုံးတွေနဲ့ ဆီလိုက်ဝယ်နေကြတယ်။ လူတွေက အုတ်အုတ်ကျက်ကျက်ဖြစ်နေတာ”
ထိုင်းနိုင်ငံကနေ လျှပ်စစ်မီးဖြတ်တောက်ခံလိုက်ရပြီးနောက် လာအိုနိုင်ငံကနေ ဝယ်ယူသုံးစွဲနေသည့် လျှပ်စစ်ဓါတ်အားကို ထပ်မံတိုးမြင့်ဝယ်ယူ၍ ဖြန့်ဖြူးပေးမည်ဟု တာချီလိတ်မြို့ မီးလင်းရေး ဦးဆောင်ကော်မတီက ယနေ့ ထုတ်ပြန်သည်။
တာချီလိတ်မြို့ကို ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ်၊ လာအိုနိုင်ငံကနေ ၃၀ မဂ္ဂဝပ်ဝယ်ယူ၍ ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ယခုအခါ ထိုင်းဘက်က ဖြတ်တောက်လိုက်သည့် လျှပ်စစ်ဓာတ်အားပမာဏ ကို လာအိုနိုင်ငံကနေ တိုးမြှင့်ယူသွားမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောတွင် လျှပ်စစ်မီးဖြတ်တောက်ခံထားရသည့် ၃ မြို့သို့ ဖုန်းဆက်သွယ်ရ ခက်ခဲနေပြီး အခြေ အနေအသေးစိတ်ကို Myanmar Now က ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျဆင်းလာသော စီးပွားရေးနှင့်အတူ လျှပ်စစ်ဓါတ်အားကိုပါ အချိုးကျခွဲဝေ ပေးနေရသဖြင့် မြန်မာနိုင်ငံရှိ နယ်စပ်မြို့အများစုသည် ပြင်ပနိုင်ငံများမှ လျှပ်စစ်မီးကို အများဆုံး ဝယ်ယူသုံးစွဲနေကြရသည်။
မြဝတီဒေသရှိ ငွေလိမ်လုပ်ငန်းများသည် လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် လောင်စာဆီကို အဓိက အသုံးပြုနေသောကြောင့် နိုင်ငံပုံရိပ်ကျဆင်းမည့် အရေးနှင့်ရင်ဆိုင်နေရပြီဖြစ်ရာ ပြတ်ပြတ်သားသား လုပ်ဆောင်ရန် ထိုင်းဝန်ကြီးချုပ်က ယမန်နေ့က အမိန့်ပေးထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် NSC တို့ ယမန်နေ့က အစည်းအဝေး ပြုလုပ်ပြီး နောက် ထိုင်းအစိုးရက ငွေလိမ်လုပ်ငန်းများကို ပံ့ပိုးနေသည်ဟု သံသယရှိ နေရာများကို စတင် လျှပ်စစ် ဖြတ်တောက်လိုက်သည်။
မြန်မာနိုင်ငံဘက်ရှိ လျှပ်စစ်မီးဆက်သွယ်ထားမှု ၅ ခုကို ယနေ့နံနက်က ဖြတ်တောက်ပစ်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။
ငွေလိမ်လုပ်ငန်းများသည် အမေရိကန်အပါဝင် အခြားသောနိုင်ငံသားများကို ပစ်မှတ်ထား၍ အွန်လိုင်းမှ တဆင့်ဖြားယောင်မြူဆွယ်၍ ဒေါ်လာသန်းနှင့်ချီလိမ်လည်ကြသည်ဖြစ်၍ လုပ်ငန်းလည်ပတ်ရေးအတွက် လျှပ်စစ်မီးရရှိရေးမှာ အရေးပါသည်။
ထိုင်းသတင်းဌာနများကလည်း ထိုကိစ္စကို ထောက်ပြလာခဲ့ကြပြီး လူပြောများလာသည့် မြဝတီဒေသကို ထိုင်းအစိုးရက နှစ်နိုင်ငံအစိုးကြား သဘောတူစာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ လျှပ်စစ်မီး ပေးနေသည် ဟု Thai Examiner သတင်းဌာနက ဇန်ဝါရီ ၂၇ ရက်တွင် ရေးသားထားသည်။
မြဝတီဒေသ လျှပ်စစ်မီးရရန် Shwe Myint Thaung Yinn Industry & Manufacturing (SMTY) ကုမ္ပဏီက တာဝန်ယူထားပြီး BGF တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းနှင့်ဇနီး နန်းမြင့်မြင့်ဝင်းတို့ ပိုင်ဆိုင် သည့် ကုမ္ပဏီဖြစ်သည်။
မြဝတီမြို့အပြင် လူကုန်ကူးမှု၊ ညှင်းပမ်းနှိပ်စပ်မှုအပါဝင် ရာဇဝတ်မှုများကြောင့် ကျော်ကြားသည့် ရွှေကုက္ကိုလ်၊ KK Park အမည်ရ နေရာများကိုပါ လျှပ်စစ်မီး ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါနေရာနှစ်ခုကို ယမန်နှစ် ဇွန်လအတွင်း ထိုင်းအစိုးရက ဓါတ်အားဖြတ်တောက်ပစ်ခဲ့သည်။
၂၀၂၄ ခုနှစ် မေလတွင် KK park တစ်ခုတည်းကနေ ဓာတ်အားဖြန့်ဖြူးက ထိုင်းဘတ်ငွေ သန်း ၃၀ ခန့် ထိုင်းအစိုးရက ဝင်ငွေ ရရှိခဲ့ကြောင်း၊ မြဝတီဒေသတစ်ခုလုံးရှိ ငွေလိမ်စင်တာလုပ်ငန်းများကနေ ရရှိသည့် ဝင်ငွေမှာ ထိုင်းဘတ်ငွေ သန်း ၁၀၀အထိပင် ရှိနိုင်ကြောင်း Thai Enquirer က ရေးသားထားသည်။