
စစ်ကောင်စီလက်နက်ကိုင်များက ပြည်သူလူထုကို သတ်ဖြတ်နှိမ်နင်းနေမှုများ ရပ်တန့်ရေးအတွက် စစ်ကောင်စီနှင့် စကားပြောဆိုနိုင်ရန် စီစဉ်နေသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရေးနည်းလမ်းကိုလည်း တိုင်းရင်းသားခေါင်းဆောင်အချို့ စဉ်းစားနေကြောင်း ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“လူထုကို အကာအကွယ်ပေးဖို့ဆိုတာက ဥပမာ လူထုကို ဒီလိုသတ်ဖြတ်နှိပ်ကွပ်နေတာကို ရပ်ပေးဖို့ အတွက် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင် အကြီးပိုင်းတွေ ကိုယ်တိုင်ကိုယ်ကျ စစ်ကောင်စီကို ပြောမလား သွားညှိမလားပေါ့” ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာသည် ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယကလည်း ဖြစ်သည်။
သို့သော် ထိုအစီအစဉ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စွဲရေးသဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသးလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့လုံး တညီတညွတ်တည်း သဘောထား တူညီသည့် စဉ်းစားချက်မျိုး မဟုတ်သေးကြောင်းလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“၁၀ ဖွဲ့ (NCA ထိုးထားသည့်) က စီစဉ်တယ်လို့ ပြောရင် ၁၀ ဖွဲ့ထဲမှာပဲ မလိုဘူးပြောတဲ့သူနဲ့ လိုတဲ့ပြောတဲ့ သူနဲ့ရှိနေတော့ သူတို့တွေကို ခြုံပြောလို့တော့ မရဘူး” ဟု ၎င်းက ပြောသည်။
မတ်လ ၁၂ နှင့် ၁၃ ရက်နေ့များတွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပ ခဲ့ရာ ဆန္ဒထုတ် ဖော်ပွဲများနှင့် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုများအပေါ် စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်တိုက်ခိုက် ဖြိုခွင်းနေခြင်းများနှင့် ပြည်သူများကို ဥပဒေဖမ်းဆီးခြင်းများကို အမြန်ဆုံးတားဆီးနိုင်ရေး နည်းလမ်းရှာခဲ့ သည်ဟု PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုထားသည်။
စစ်ကောင်စီနှင့် စကားပြောရန် စီစဉ်သည့်ကိစ္စမှာ နည်းလည်းတစ်ခုဖြစ်သည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“စစ်ကောင်စီနဲ့ကတော့ တခြားကိစ္စတွေ ခဏထားဦး။ ဒီအသေအပျောက်များတဲ့ ကိစ္စတွေကို ဆက်သွယ် ဆက်ဆံသွားမည်ဆိုတာ ရှိပါတယ်။ သို့သော်လည်းပဲ ဒါလည်းပဲ အစွန်းမရောက်အောင် အဓိက ရည်ရွယ်ချက်က အသိအမှတ်ပြုရာလည်း မရောက်အောင် တစ်ဖက်ကလည်း အသေအပျောက်တွေလည်း လျော့သွားအောင် နည်းရှာမယ့်သဘောပါ” ဟု ၎င်းက ပြောသည်။
တစ်ဖက်တွင်လည်း လူထုကို အကာအကွယ်ပေးနိုင်ရေး နိုင်ငံတကာနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရန် နည်းလမ်းကိုလည်း အပစ်ရပ် ၁၀ ဖွဲ့အကြား ဆွေးနွေးခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီ (FRC) ကိုလည်း PPST ကဖွဲ့စည်းခဲ့သည်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် စစ်ရေးဆိုင်ရာများ ပါဝင်သလားဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကို မေးမြန်းရာတွင် ၎င်းက “ဒါကတော့ CPRH က လွှတ်ထားတဲ့ တရားဝင်ကိုယ်စားလှယ်တွေ ပြောရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ တာဝန်ကျတဲ့နေရာမှာ တာဝန်ယူဖို့ပေါ့ဗျာ။ အဲဒီသဘောပါပဲ” ဟု ဖြေကြားသည်။
ထို့ပြင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဦးဆောင်နာယကက “အထူးသဖြင့်တော့ CDM ကြောင့်ဖြစ်ဖြစ် ပစ်ခတ် တိုက်ခိုက်လို့ သေဆုံးတာ ဒဏ်ရာရတာ တိုင်းပြည်ပျက်တာပေါ့ဗျာ။ မြို့ရွာတွေ ပျက်စီးတာကို ဘယ်လို ကုစားမလဲဆိုတာ နည်းနည်းအရေးပေါ် အခြေအနေဖြစ်တာကိုး။ စားနပ်ရိက္ခာလား၊ ဆေးဝါးလား၊ လုံခြုံ ရေးလားစသည်ဖြင့်ပေါ့။ ကျွန်တော်တို့ချည်းပဲ ဖြေရှင်းလို့ မရနိုင်ဘူးလေ။ ၈၈ တုန်းကလည်း တစ်ခါဖြစ်ဖူးတာကိုး။ အဲဒါကြောင့် နိုင်ငံတကာရဲ့ ကူညီပံ့ပိုးလည်း လိုပါတယ်။ ဒီဟာလေးကို ကျွန်တော်တို့ ဆက် သွယ်ရှာပေးတဲ့သဘောပါ။ ဘက်စုံပါတယ်” ဟု ဆက်လက်ပြောကြားသည်။
ရွေးကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဆက်သွယ်ရာတွင် နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းအဆင့် မရောက်အောင် ကြားကျကျ ဆောင်ရွက်သွားရန်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
“တော်လှန်ရေးကာလမှာ လိုအပ်ချက်အရ ပေါ်လာတဲ့ အင်အားစုတစ်ခုအနေနဲ့ ဆွေးနွေးဆက်ဆံရမယ်ဆို တာ ဆက်ဆံရေးကလည်း ရှိရမှာပေါ့။ စစ်ကောင်စီကိုလည်း ဆက်ဆံရေးက ရှိရမှာပေါ့။ စစ်ကောင်စီက စာပေးလာတယ်။ စာပြန်တယ်။ စာပါအကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးဖို့လိုတယ်။ အဲဒီလိုပဲ ကြားကျကျပေါ့ဗျာ။ နိုင်ငံရေးအရ မကျော်သွားအောင် ထိန်းနေတဲ့သဘောပါပဲ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့အတွင်း ဆွေးနွေးရာတွင် CRPH နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်သူများ ရှိသကဲ့သို့ ၈၈ တုန်းက အခြေအနေမျိုး မလိုလားကြောင်း ဆွေးနွေးမှုများလည်း ရှိသည်ဟု အခြား တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကလည်း ပြောသည်။