သတင်း

မန္တလေး စိန်ပန်းရပ်ထိုင်သပိတ်ဖြိုခွင်းခံရမှု သေဆုံးသူတစ်ဦးထပ်တိုး

မန္တလေးမြို့ စိန်ပန်းရပ်ထိုင်သပိတ်ကို အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ယမန်နေ့ညနေပိုင်းအထိ သေဆုံးသူအချို့ကိုသာ အတည်ပြုနိုင်သော်လည်း ယနေ့ (မတ် ၁၄) နံနက်ပိုင်းတွင် သေဆုံးသူနောက်တစ်ဦးကို ထပ်မံအတည်ပြုနိုင်ခဲ့သည်။ 

ထပ်မံအတည်ပြုနိုင်ခဲ့သော သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးဖြစ်ပြီး ၎င်းသည် ယမန်နေ့ က စစ်တပ်နှင့် ရဲများ၏ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ကျောင်းသားလူငယ်များကို ကူညီကယ်ထုတ် ရန်သွားရောက်ချိန်တွင် ရင်ဘတ်ကိုထုတ်ချင်းပေါက် ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။ 

ရင်ဘတ်ကို ကျည်ဆန်ထိမှန်ခဲ့သော ကိုရဲဆွေဦးကို ဆေးကုသပေးရန် ဝိုင်းဝန်းသယ်ဆောင်ရာ လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

“သားတစ်ယောက်ဆုံးရှုံးတော့ နှမြောတာပေါ့။ ဒါပေမယ့် နိုင်ငံအတွက်ပဲလေ” ဟု ကိုရဲဆွေဦး၏ မိခင် ဒေါ်သန်းအေးက Myanmar Now ကို ပြောသည်။

ကိုရဲဆွေးဦး၏ နာရေးအခမ်းအနားကို မန္တလေးမြို့ ၄၁ လမ်းတွင် ယနေ့နံနက်ပိုင်းက ပြင်ဆင်လျက်ရှိပြီး နေ့လယ် ၁၂ နာရီတွင် အေးရိပ်ငြိမ်သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်သည်။ ကိုရဲဆွေဦးသည် ဖိနပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ၅ နှစ်အရွယ်သမီးငယ်လေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က စိန်ပန်းရပ်ကွက်အတွင်း ထောင်နှင့်ချီသော ပြည်သူများထိုင်သပိတ် ပြုလုပ်နေစဉ် စစ်တပ်နှင့် ရဲများက နံနက် ၁၀ နာရီခွဲခန့်မှစ၍ ညနေ ၄နာရီခွဲခန့်အထိ အင်အားသုံးပိတ်ဆို့ကာပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်များသည်ဟု ကူညီဆောင်ရွက်ပေးနေသော အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များက ဆိုသော်လည်း ယနေ့နံနက်ပိုင်းအထိ သေဆုံးသူ ၅ ဦးကိုသာ နာမည်နှင့်တကွ အတည်ပြုနိုင်သေးသည်။ 

အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ပွဲချင်းပြီးသေဆုံးသူအချို့ကို လူမှုကူညီရေးအသင်းများက နေအိမ်သို့ လိုက်လံပို့ဆောင်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များယူ ရုပ်အလောင်းအချို့ ယူဆောင်သွားသော ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက်မှာ များပြားနိုင်ကြောင်း ခန့်မှန်းထားကြသည်။ 

သေဆုံးခဲ့သူများအနက် အသက် ၂၁ နှစ်အရွယ် ကိုစောပြည့်နိုင်၊ အသက် ၅၆ နှစ်အရွယ် ဦးဝင်းဌေး၊ အသက် ၃၆ နှစ်အရွယ် ကိုမင်းမင်းထွန်းကိုသာ ယမန်နေ့ညနေပိုင်းတွင် အတည်ပြုနိုင် ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ထပ်မံအတည်ပြုသူနှစ်ဦးမှာ အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးနှင့် အသက် ၅၃ နှစ်အရွယ် ဒေါ်ကေကြည်တို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ယမန်နေ့က ပစ်ခတ် ဖြိုခွင်းခံရမှုအတွင်း သေဆုံးခဲ့သူများဖြစ်သော်လည်း ယနေ့နံနက်မှသာ အတည်ပြုနိုင်ခြင်းဖြစ်ပြီး ဒေါ်ကေကြည်သည် ဦးခေါင်းကိုကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

နေအိမ်တွင် ပုန်းအောင်းနေသူ လူငယ်များကို ကာကွယ်ရင်း ဦးခေါင်းကိုကျည်ဆန်ထိမှန်ခဲ့သူ အသက် ၅၀ အရွယ် ဒေါ်ပြုံးကို ဆေးကုသမှုပေးနိုင်ရန် လူနာတင်ကားပေါ်သယ်ဆောင်စဉ် စစ်ကောင်စီလက်နက်ကိုင် များက အတင်းအဓမ္မဆွဲယူသွားသောကြောင့် ၎င်း၏ အခြေအနေနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင် ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button