
ခရစ်စမတ်အပြီး နောက်တစ်ရက်တွင် ဒေသခံမုဆိုးများ၏ အမဲလိုက်ခရီးတွင် လိုက်ပါဖြစ်ခဲ့သည်။
ကရင်တို့၏ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေါနတောင်၏ အစိတ်အပိုင်းတစ်ခုအတွင်း ဖြစ်သည်။
ယခုခရီးတွင် လိုက်ပါခွင့်ရရန် မိုးမကျမီကထဲက ရင်းနှီးသည့် ဒေသခံများထံတွင် အကူအညီ တောင်းထားခဲ့သည်။ စစ်ပွဲပဋိပက္ခများတွင် ၃ နှစ်တိုင် မှတ်တမ်းယူနေရသည့်အတွက် ကော်သူးလေ၏ အခြားသော စာမျက်နှာများကိုလည်း လှန်လှောကြည့်လိုခြင်းကြောင့် လိုက်ပါဖြစ်ခဲ့သည်။
မိုးရာသီတွင် ဒေါနတောတခွင်တွင် အင်မတန်ကြီးမားပြီး ပေါပေါများများရှိနေသည့် ကျွတ်များ ရှိနေသည့် အတွက် ပွင့်လင်းရာသီ ရောက်မှ အမဲလိုက်ရန်ရွေးချယ်ခဲ့ကြသည်။
ဒီဇင်ဘာ၏ ချမ်းငွေ့မပြယ်သေးသည့် မနက်ခင်း ၈ နာရီအချိန်တွင် ရွာမှစထွက်ခဲ့သည်။
လမ်းပြအပါအဝင် မုဆိုးသုံးယောက်ပါဝင်ကာ သူတို့အားလုံး တောပုန်းဟုခေါ်သည့် လက်လုပ်ယမ်းထောင်း သေနတ်ကိုယ်စီနှင့်ဖြစ်သည်။
တောပုန်းဟူသည့်အခေါ်သည် ကရင့်တော်လှန်ရေးနှင့် ဆက်စပ်နေသည်ဟု အသက် ၇၀ ကျော် ကရင်ဒေသခံတစ်ဦးထံမှ ကြားသိရသည်။
“တော်လှန်ရေးစတော့ ရရာလက်နက်ကိုင်တဲ့အခါမှာ လက်လုပ်တွေပါလာတယ်။ လက်နက်ကိုင် သူပုန် တောထဲမှာလည်းနေကြတော့ အဲဒီကတော့ တောပုန်းဖြစ်လာတာ။ တို့ငယ်ငယ်ကလည်း ဒီလိုပဲခေါ်တယ်” ဟု ကော်သူးလေနယ်မြေတွင် အစဉ်တစိုက်နေထိုင်ခဲ့သည့် အဖိုးအိုက ပြောသည်။
သေနတ်တစ်လက်လျှင် ကျပ်ငွေ ၁ သိန်းဝန်းကျင်ရှိသည့် တောပုန်းများ (ဝါ) လုပ်သေနတ်များကို ကော်သူးလေ၏ နေရာတိုင်းတွင် အလွယ်တကူတွေ့နိုင်သည်။
ကျောက်တုံးကျောက်ခဲများပေါကာ ကြည်ကြည်လင်လင်စီးဆင်းနေသည့် စမ်းချောင်းအတိုင်း ခြေလျင် လျှောက်ခဲ့ကြခြင်း ဖြစ်သည်။ သစ်ဆွဲသည့်နေရာတွင် အသုံးပြုသည့်ဆင်တစ်ကောင်ကို ဆင်ဦးစီးက ရေချိုးပေးနေသည်ကို အဝေးမှလှမ်းမြင်နေရသည်။ လွန်ခဲ့သောနှစ် ၂၀၂၃ ခုနှစ်မှ စတင်ကာ ကော်သူး လေ ဒေသတွင်း သစ်ထုတ်ခြင်းကို ကန့်သတ်လိုက်သည့်အတွက် ဆင်များအနည်းငယ်အနားရနေသည်။
ဆင်၏လည်ပင်းတွင် တပ်ဆင်ထားသည့် ခလောက်သံကို ခပ်လှမ်းလှမ်းမှပင်ကြားနေရသော်လည်း အနား ရောက်သည့်အခါတွင် ရေချိုးပြီးသည့်အတွက် တောတွင်းသို့ ပြန်ဝင်သွားပြီဖြစ်သည်။

ရွာမှ ထွက်လာပြီး ၂ နာရီနီးပါး လမ်းလျှောက်ပြီးသောအခါတွင် ခေတ္တနားကြသည်။
အနားယူသည့်နေရာ၏ မလှမ်းမကမ်းတွင် ဘက်စကတ်ဘောကွင်းတစ်ကွင်းစာနီးပါးရှိ ရေကန်ကျယ်ကြီး ရှိသည်။ ကျောက်နံရံနှစ်ခုအကြား ရှိနေသည့် ရေကန်အတွင်း အရွယ်အစားကြီးမားသည့် နှစ်ချို့ငါးများကို ပေါပေါများများ တွေ့ရသည်။ ထိုနေရာသည် ငါးမဖမ်းရန် သတ်မှတ်ထားသည့် ပိတ်ကွက်ဖြစ်သည်။
ငါးများကို ချောင်းဖျား တနေရာတွင် ဘေးမဲ့ပေးခြင်းအားဖြင့် ကရင်တို့သည် ငါးသံယံဇာတကို ထိန်းသိမ်း ကြသည်။ အချို့သောနေရာများ တွင်တော့ ကိုးကွယ်ယုံကြည်မှုဖြင့်လည်း ငါးဖမ်းခြင်းကို ပိတ်ပင်ထားတတ်ကြသည်။
မည်သည့်အတွက်ပိတ်ပိတ် ပိတ်ကွက်အတွင်းမှငါးများကို မည်သူကမျှမဖမ်းကြပေ။ ဖမ်းလျှင် မကောင်းသည့် အရာများ ကြုံရနိုင်သည်ဟု ယုံကြည်ထားကြသည့်အတွက်ဖြစ်သည်။
နာရီဝက်ခန့် အနားယူပြီးနောက် ခရီးဆက်ခဲ့ကြသည်။

မီတာ ၁၀၀ ထက်မနည်းမြင့်ကာ ၆၀ မှ ၇၀ အကြား ဒီဂရီ တိမ်းစောင်းနေသည့် ကျောက်နံရံများကို လက်ဗလာဖြင့် ကုပ်ဖက်တက်ကာ သွားခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ သွားရသည်မှာ နာရီဝက်ခန့်ကြာသည်။
အောက်သို့လှမ်းမမြင်ရသည့် ချောက်အတွင်း ပြုတ်မကျစေရန် ကျောက်ဆွယ်များကို မြဲမြဲကိုင်ကာ သတိထားသွားနေရသည့်အတွက် ကင်မရာပင် မထုတ်နိုင်ခဲ့။ ထိုလမ်းကို ဒေသခံတို့က ထမင်းစားရေသောက် သွားလေ့ ရှိကြသည်။
၆ နာရီ နီးပါးလမ်းလျှောက်ခဲ့ပြီးနောက် တညတာ စခန်းချရန်နေရာသို့ရောက်ခဲ့သည်။
မုဆိုးတို့၏ ကျောတွင် လွယ်ပိုးလာသည့် အိတ်များအတွင်းမှ ဆန်ကိုထုတ်ကာ ညစာအဖြစ် ဖန်တီးကြသည်။ လူလေးယောက်စာ လုံလုံလောက်လောက် ချက်၍ရသည့် တစ်လုံးထဲသော သတ္တုအိုး သည် ဟင်းချက်ရန်အတွက်လည်း အသုံးဝင်သည်။ ငရုတ်သီးခြောက်တောင့်ကို ကြက်သွန်နီနှင့်ရောကာ ဆီသတ်ထားသည့်အရာမှာ ထိုနေ့အဖို့ရသည့် တစ်မျိုးထဲသော ဟင်းလျာ ဖြစ်သည်။
“သားကောင်ရသည့်အခါ ဟင်းကောင်းစားရမည်” ဟု အတူပါလာသည့် မုဆိုးတစ်ဦးက ဆိုသည်။

လမ်းပြလည်းဖြစ်သည့် မုဆိုးက တောပုန်းကို အသင့်အမြဲထားကာ မျက်လုံးကိုလည်း တောအုပ်အတွင်း နစ်မြှုပ်ထားလေ့ရှိသည်။
သစ်ပင်များပေါ်တွင် ကျက်စားလေ့ရှိသည့် ရှဉ့်၊ မျောက်၊ ငှက် ကဲ့သို့သော သတ္တဝါများလည်း အလွတ် မပေးဘဲ မျက်စိရှင်ရှင်ထားတတ်သူဖြစ်သည်။
လာသည့်လမ်းတွင် တွေ့ခဲ့သည့် သိန်းငှက်တစ်ကောင်ကို တောပုန်းဖြင့် သူ လှမ်းပစ်လိုက်သော်လည်း ငှက်မှာ ထိုနေ့အဖို့ ကံကောင်းခဲ့သည်။ ကော်သူးလေ၏ နေရာအတော်များများတွင် ဒေသခံတို့က တောပုန်းနှင့် မဟုတ်လျှင်တောင် လေးခွ၊ လေသေနတ်တို့ဖြင့် ငှက်ပစ်လေ့ရှိကြသည်။
စာသင်ကျောင်းတစ်ခုတွင် ကလေးများနှင့်ဆုံခိုက် “ငှက်များက လူနှင့်သဘာဝတ်ပတ်ဝန်းကျင်ကို မည်သို့ အကျိုးပြုသနည်း” ဟု မေးကြည့်မိရာ “ပစ်စားလို့ရသည်” ဟု တညီတညွတ်တည်း ဖြေသည့်နှင့် ကြုံခဲ့ဖူးသည်။

ညမှောင်လာသည့်အခါတွင် ထောင်နှင့်ချီသည့် အဖြူရောင်ပိုးဖလံများ ဟိုမှသည်မှထွက်လာကာ ရေစို ထားသဖြင့် အခြောက်ခံထားသည့် အဝတ်များ ပေါ်တွင် နားနေကြသည်။
မုဆိုးများကမူ ညအချိန် ဟင်းစားအရှာထွက်ကြသည်။
စမ်းချောင်းအတွင်းရှိ ကျောက်တုံးများတွင်နေကြသည့် အချိုရည်ဘူးအသေး (၃၅၀ မီလီလီတာ ) နီးပါး ရှိသည့် စားဖားကြီးများနှင့် ကျောက်အကြိုအကြားမှ ငါးများကို ရှာဖွေကြခြင်းဖြစ်သည်။ ယင်းတို့သည် တောကောင် မရမီစပ်ကြား ဟင်းလျာများဖြစ်သည်။

တစ်နေရာတွင် တစ်ညသာ စခန်းချ၍ နောက်ရက်တွင် ခရီးဆက်ခဲ့ကြသည်။ နောက်ထပ် စခန်းချရာ နေရာသို့ ရောက်ရန် ၆ နာရီနီးပါး လမ်းလျှောက်ရသည်။
ရွာမှထွက်လာပြီး ၂ ရက်တိုင်တိုင် တောကောင်တစ်ကောင်မှ မရသေးသည့်အတွက် ဖားရိုက်ငါးရှာရင်း ဟင်းစာကို ဖြေရှင်းကြသည်။
“မုဆိုးများနှင့် လိုက်လာသည်လား တံငါတို့ဖြင့် လိုက်လာမိပြီလား”ဟု တွေးတောမိပါသေးသည်။
ကော်သူးလေနယ်မြေတွင် အမဲမလိုက်ရန်ကန့်သတ်ထားသည့် ဧရိယာများ၊ ကန့်သတ် တောရိုင်းတိရိစ္ဆာန် များရှိသည်။ အမဲမလိုက်ရန် ကန့်သတ်ထားသည့် ဧရိယာသည် သစ်တောဧရိယာနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာရှိနေသည်။ ခွင့်ပြုဧရိယာများတွင် စီးပွားဖြစ်မဟုတ်သော်လည်း အလွန်အကျွံ အမဲလိုက်မှုများကြောင့် တောကောင်များ တစ်နှစ်ထက်တစ်နှစ်ရှားပါးလာပြီဖြစ်သည်။

ရွာမှ ထွက်လာပြီး ၃ ရက် မြောက်တွင် ပထမဆုံးရသည့် တောကောင်မှာ ရှဉ့်အထီးတစ်ကောင်ဖြစ်သည်။
ပထမဆုံးရသည့်တောကောင်သည် အထီးဖြစ်ပါက နောက်ထပ်တောကောင်ရရန် ခက်ခဲလေ့ရှိသည်ဟု ကရင်မုဆိုးတို့က ယုံကြည်ထားသည်။
ထိုနေ့အဖို့ နောက်ထပ်တောကောင်မရတော့ပေ။
မုဆိုးတို့သည် နေ့ဘက်တွင် တောကောင်လာလေ့ရှိသည့်နေရာများကို မှတ်သားကာ ညဖက်တွင် သွားရောက် စောင့်ဆိုင်းကာပစ်ခတ်ခြင်းဖြင့် အမဲလိုက်ကြသည်။
စခန်းချနေရာတွင် စောင့်နေရသည့် အချိန် တောပုန်းမှ “ထိန်း” ခနဲ အသံကို ညအမှောင်တွင် ကြားလိုက်တိုင်း ဟင်းစားရပြီဟု တွေးမိသည်။ မုဆိုးတို့ ပြန်လာသည့်အချိန်တွင် ကြားရသည်က
“လွဲသွားသည်” ဟူ၍ ဖြစ်သည်။
စားဖားနှင့်ငါးတို့သည် စား၍မကုန်တော့သည့်အတွက် ကြပ်ခိုးပင်ရိုက်ထားရပြီဖြစ်သည်။

နောက်ရက်များတွင်လည်း တောကောင်ဟူ၍ ရှဉ့်များကိုသာရသည်။ အထီးများပင်ဖြစ်သည်။
ရလာသည့် ရှဉ့်ကို ကလီစာထုတ် အမွှေးမီးမြှိက်၍ ဟင်းလျာအဖြစ် စားသောက်ကြသည်။ ရှဉ့်တစ်ကောင် သည် လူလေးယောက် စားလောက်ရုံမက ပိုလျှံပါသေးသည်။

ညအချိန်အမဲလိုက်ရာတွင် အလင်းအားကောင်းကာ စူးရှသည့် ဓာတ်မီးများကို အသုံးပြုကြသည်။
တောစောင့် (သားကောင်လာမည့်လမ်းတွင်စောင့်ခြင်း) နေသည့် ညအချိန် မီးရောင်ကြောင့် မြင်ရသည့် တောကောင်၏ မျက်လုံးနေရာကို မြင်လိုက်သည်နှင့်တပြိုင်နက် ပစ်ခတ်ကြခြင်းဖြစ်သည်။
သေနတ်တစ်ချက်ပစ်ပြီးတိုင်းတွင် နောက်တစ်ခါအတွက် အသင့်ဖြစ်နေရန် ယမ်းထောင်းခြင်းနှင့် ခဲသီးများ ထည့်ခြင်းကို ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် တောပုန်းကို နောက်တစ်ချက်ပစ်ရန်အတွက် အချိန် ၁၀ မိနစ် နီးပါး ကြာလေ့ရှိသည်။

၅ ရက်မြောက်သည့်နေ့တွင် ပါလာသည့် ရိက္ခာဆန်ကုန်တော့မည်ဖြစ်သည့်အတွက် အမဲလိုက်ခြင်းကို အဆုံံးသတ်လိုက်ကြသည်။
ပြန်လာသည့်လမ်းတွင် အခြားသော မုဆိုးတစ်ဦးနှင့် ဆုံသည်။
သူ့တွင်ပါလာသည့် လက်ကျန် တောအရက်ကို ဧည့်ခံရင်း သူသည်လည်း ၂ ည အိပ် ၃ ရက် စောင့်ဆိုင်းကာ အမဲလိုက်သော်လည်း ရှဉ့် သုံးကောင်သာရသည်ဟုဆိုသည်။ မုဆိုးများ၏ ဖြစ်အင်ကို ကြည့်ကာ လူကြိုက်များသည့် ကာတွန်းဇာတ်ကောင်တစ်ခုကိုပင် အမှတ်ရမိပါသေးသည်။
အပြန်ခရီးတွင် စမ်းချောင်းအတိုင်းမဟုတ်တော့ဘဲ မတ်စောက်သည့် တောင်များကို တက်လိုက် ဆင်းလိုက်ဖြင့် ၈ နာရီနီးပါး လမ်းလျှောက်ခဲ့ရသည်။
ည မှောင်စတွင် ရွာပြန်ရောက်သည့်အတွက် “ဘာတွေရခဲ့သနည်း” ဟု မေးသူ မရှိတော့ချေ။