အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်မရသည့် ကျောင်းသားလူငယ် အများအပြားရှိနေ

အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြပွဲများတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အဆက်အသွယ်မရသေးသည့် ကျောင်းသားလူငယ် အများအပြားရှိနေကြောင်း ဖမ်းဆီးခံရသူများ၏မိသားစုဝင်များနှင့် အကျိုးဆောင်ရှေ့နေများက ပြောသည်။

အဆက်အသွယ်မရသူများတွင် အစောဆုံး မတ်လ ၃ ရက်နောက်ပိုင်းဖမ်းဆီးခံရသူများပါဝင်နေပြီး ထိုရက် ထက်ပို၍ အစောပိုင်းကျသည့်ရက်များအတွင်း ဖမ်းခံရသူများလည်း ရှိနိုင်သည်ဟု မိသားစုဝင်များနှင့်​ရှေ့​နေများက​ပြောသည်။

မတ်လ ၃ ရက်က တာမွေမြို့နယ် ကျောင်းမြောင်းဆန္ဒပြသပိတ်စစ်ကြောင်းတွင် ဖမ်းဆီးခံရသည့် ရန်ကုန်တက္ကသိုလ် ပန်းချီသင်တန်းမှ ကျောင်းသားများအနက် အဆက်အသွယ်မရသူ ဆယ်နှင့်ချီရှိနေသေးကြောင်း ကျောင်းသားမိခင်တစ်က ပြောသည်။

“တကယ်တမ်းဆိုရင် ကလေးတွေက ဘာမှသိပ်သိတာမဟုတ်ဘူး။ ဘာနေရာမှာလုပ်မယ်ဆိုရင် အဲဒီနေရာရောက်အောင်သွားပြီး ဆန္ဒထုတ်ဖော်တာပဲရှိတာလေ။ ဒီလောက်အထိ အကြာကြီးထားဖို့ မလိုဘူးလို့ ထင်တယ်။ အခုက သိပ်ကြာနေပြီ”ဟု ၎င်းက မှတ်ချက်ပေးသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ)အနီး ငြိမ်းချမ်းစွာဆန္ဒပြသည့်ဖြစ်စဉ်အတွင်း မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းခံရသူ အသက် ၂၀ အရွယ် ကိုကောင်းသန့်ဇင်မှာလည်း ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်း ၎င်း၏သူငယ်ချင်းများက ပြောသည်။

တာဝဖြစ်စဉ်တွင် ကိုကောင်းသန့်ဇင်အပါအဝင် သုံးဦးဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟုကြားသိရခြင်းကြောင့် သွားရောက်စုံစမ်းခဲ့သော်လည်း အမှန်တကယ်ရှိမရှိ အတည်ပြုချက်မရရှိခဲ့ဟု ကိုကောင်းသန့်ဇင်၏ သူငယ်ချင်းတစ် ဦးက​ပြောသည်။

“လက်ရှိမှာတော့ ကျွန်တော်တို့ လိုက်တော့စုံစမ်းနေတယ်။ ဒါပေမဲ့ အခုချိန်အထိ ဘယ်နေရာမှာရှိနေတယ် အတိအကျမသိရသေးဘူး။ ဟိုနေရာမှာရှိတယ် ဒီနေရာမှာရှိတယ်ဆိုတာမျိုးပဲ ကြားရတယ်။ အခုနောက်ဆုံးအခြေအနေက အင်းစိန်ထောင်မှာလို့တော့ ကြားတယ်။ ဒါကလည်း ကြားတာပဲရှိတယ်။ တကယ်ရှိမရှိ မသိရဘူး”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မတ်လ ၁၂ ရက်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ် နိုင်ငံလုံးတွင် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၂၀၉၂ ဦးရှိသည်။ ယင်းတို့အနက် ထောင်ဒဏ်ချမှတ်ခံရသူ သုံးဦး ဖမ်းဝရမ်းထုတ်ခံရ၍ တိမ်းရှောင်နေသူ ၇၃ ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ ၃၁၉ ဦးရှိသည်ဟု ဖော်ပြသည်။

ဖမ်းဆီးခံရပြီး အဆက်အသွယ်မရသူ ခန့်မှန်းစာရင်းကို ယခုအချိန်အထိ့ မည်သည့်အဖွဲ့အစည်းကမျှ မထုတ်ပြန်​သေး​ပေ။ သို့​သော် ဖမ်းဆီးခံရပြီး အဆက်အသွယ်မရသဖြင့် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး ​ဖေစ်ဘွခ် ကွန်ရက်​ပေါ်တွင် တင်၍ အကူအညီ​တောင်းခံသူအ​ရေအတွက်မှာပင် ဆယ်ဂဏန်းရှိသည်။

အကျိုးဆောင်ရှေ့နေများမှာ ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေးကူညီဆောင်ရွက်ပေးလျက်ရှိသော်လည်း လက်ရှိတွင် ထိန်းသိမ်းခံရသူများနှင့် အဆက်အသွယ်ရရေး စွဲဆိုလိုက်သည့်အမှုဖြစ်စဉ်များအပေါ် ရှေ့နေပါဝါရရှိရေး ဆောင်ရွက်ရာ၌ပင် အခက်အခဲများရှိနေသည်ဟုတရားလွှတ်​တော် ​ရှေ့​နေများကဆိုသည်။

“ကျွန်မတို့အနေနဲ့က ဖမ်းဆီးခံရတဲ့ကလေးတွေနဲ့ပတ်သက်ပြီး အချက်အလက်စုတယ်။ ပြီးတော့ စာရင်းပြုစုတယ်။ လတ်တလောမှာ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်။ ဘယ်လိုပုဒ်မနဲ့တပ်မယ်ဆိုတာ ကျွန်မတို့ မသိဘူး။ ပုဒ်မတွေဘာတွေ တပ်လာပြီဆိုလို့ရှိရင်တော့ ပုဒ်မအပေါ်မူတည်ပြီးတော့ ရှေ့နေပါဝါယူပြီး ကျွန်မတို့ရှေ့နေအဖွဲ့က လိုက်ပါဆောင်ရွက်တာမျိုး ဖြစ်ပါတယ်”ဟု အကျိုးဆောင်ရှေ့နေတစ်ဦးက ပြောသည်။

လတ်တလောအခြေအနေများအရ ဖမ်းဆီးခံရသူများအရေးလိုက်ပါဆောင်ရွက်ရာတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုကိုင်စွဲ၍ လုပ်ဆောင်ခြင်းထက် ခုခံကာကွယ်ခွင့်ဟူ​သောရှုထောင့်မှသာ ချဉ်းကပ်လုပ်ဆောင်နေရကြောင်း
အထက်ပါရှေ့နေက ဆက်​ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button