
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ် ဘုရားလမ်းထိပ်နှင့် ဘီအိုစီမှတ်တိုင်အကြားတွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များသည် ယနေ့ (မတ် ၁၂) နံနက်ပိုင်းက ပိတ်ဆိုးထားသည့် အကာအရံများ အား ရှင်းလင်းစဉ် ဆ/ကရပ်ကွက်၌ ပြည်သူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံ ခဲ့ရပြီးနောက် ညနေပိုင်းတွင် လေးထောင့်ကန်အထိုင်သပိတ်တပ်ဦးထိပ်တွင် အလံနက်များလွှင့်တင် ခဲ့ကြသည်။
ထိုသို့ အလံနက်လွှင့်တင်ခြင်းမှာ လက်နက်မဲ့ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင်များက နေ့ရောညပါ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေမှုများအတွက် ပြည်သူချင်းအကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာခြင်းဖြစ်ပြီး သင်္ဃန်းကျွန်းနည်းတူ အခြားမြို့နယ်များတွင်လည်း အလံနက်လွှင့်တင်မှုများ ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများအနက် အသက်အငယ်ဆုံးဟု ယူဆရသူမှာ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး သင်္ဃန်းကျွန်း အ.ထ.က (၁) ကျောင်းရှေ့၌ ရပ်၍ ရှင်းလင်းမှုအား ကြည့်ရှုနေစဉ် ရဲဆိုင်ကယ်နှစ်စီး အနီးသို့ရောက်ရှိလာပြီး လည်ပင်းအား အနောက်ဘက်မှ သိုင်းညှစ်ကာ လက်ထိတ်ခတ် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။
ဇမ္ဗူဒိပ်လမ်းနှင့် လေးထောင့်ကန် လမ်းထောင့်တွင်လည်း ဆိုက်ကားပေါ်တွင် ထိုင်နေသည့် ဆိုက်ကား သမားတစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးခဲ့သလို ဆိုက်ကားသုံးစီးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက် ရတနာမြဉ္ဇူလမ်းထိပ်ရှိ ကွမ်းယာသည်တစ်ဦးကိုလည်း ဖမ်းဆီးကာ ယင်း၏ဆိုင်ကို ဖျက်ဆီးသွားသည်ကို တွေ့ရသည်။
ရဲနှင့်စစ်သား အများအပြားပါဝင်သည့် ယာဉ်တန်းသည် လမ်းအား ဆက်လက်ရှင်းလင်းလျက်ရှိ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ရတနာမဉ္ဇူ နှင့် ရတနာသုခလမ်းများ အတွင်းသို့ ထပ်မံဝင်ရောက်ကြပြီး အသံဗုံးတစ်လုံးခွဲ၍ သေနတ်တစ်ချက်ဖောက်ကာ လူငယ်လေးဦးအား ထပ်မံဖမ်းဆီးခဲ့သည်။
ဘီအိုစီမှတ်တိုင်အနီးတွင်လည်း လမ်းထိပ်များအတွင်းထိ ဝင်ရောက်ကာ လူငယ်များကို မဖမ်းဆီးရန် တားဆီးနေသူ၊ မုန့်ဖတ်ဝယ်ရန် ဈေးဝယ်ထွက်လာသူတို့အပါအဝင် လမ်းသွားလမ်းလာအချို့ကိုလည်း ထပ်မံဖမ်းဆီးသွားသည်။
နေ့လယ်ပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် ယာဉ်တန်းများသည် စံပြဈေးဘက်သို့ ဆက်လက်ထွက်ခွာ၍ လမ်းရှင်းလင်းမှုများ လုပ်ဆောင်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ထွက်ခွာ သွားသည်။ ၎င်းတို့ ထွက်ခွာသွားသည်နှင့် သင်္ဃန်းမြို့ခံပြည်သူများက လေးထောင့်ကန်လမ်းမကြီး ပေါ်တွင် အပိတ်အဆို့ အကာအရံများအား ပြန်လည်ပြုလုပ်ခဲ့ကြသည်။
ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရဲနှင့်စစ်ကားများ အ.ထ.က (၁) ကျောင်းရှေ့သို့ ပြန်ရောက်လာပြီး အတားအဆီး အကာအရံများကို ရှင်းလင်းခဲ့သည်။ ညနေ ၅ နာရီခွဲအချိန်မှာတော့ စစ်ကားနှင့် ရဲကားများ ထပ်မံရောက်ရှိ လာသော်လည်း သပိတ်စစ်ကြောင်းခုခံရေးလူငယ်အဖွဲ့များနှင့် ပြည်သူအချို့က လမ်းများအား ပြန်လည်ပိတ်ဆို့ လျက်ရှိစဉ် လှည့်ပြန်သွားသည်။