
မန္တလေးမြို့တွင် ယနေ့ (မတ် ၁၁) နံနက်ပိုင်းက မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်လက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းရာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ရသူ ပြည်သူတစ်ဦးနှင့် ပတ်သက်၍ ချော်လဲပြီး လျှာကိုက်မိကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။
Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် ဗီဒီယို၌ သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသည့် လူငယ်တစ်ဦး၏ နံဘေးတွင် ဆန္ဒပြသူဟု ယူဆရသူ အရပ်ဝတ်ဖြင့်တစ်ဦးကို ထိုင်ခိုင်း၍ အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက “သူ့ဟာသူ ဦးဆက်ပွင့်သွားတာ (ဦးခေါင်းနောက်ဘက်) အဲဒါလေးကို ဒီကောင့်ကို ပြောခိုင်းပြီးတော့ အဲဒီမှာရိုက်(ဗီဒီယို)”ဟု ပြောနေသည်ကို တွေ့ရသည်။
သို့သော် အလောင်းနံဘေးထိုင်နေသော အရပ်ဝတ်ဖြင့်လူက ဦးခေါင်းဒဏ်ရာမရှိကြောင်း စစ်ကောင်စီတပ်ဖွဲ့ထံ ပြန်လည်ပြောကြားခဲ့သည့်အတွက် “ခလုတ်တိုက်လဲပြီး မျက်နှာနဲ့ မှောက်လျက်ကျတာပေါ့၊ မျက်နှာနဲ့ မှောက်လျက်ကျတာ၊”ဟု အလောင်းကို စစ်ဆေးခြင်းလည်းမရှိ၊ မတ်တတ်ရပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးက ဝင်ရောက်ပြောဆိုသည်ကို အဆိုပါရုပ်သံ၌ ကြားရသည်။
အလောင်းနံဘေးတွင် ထိုင်နေသည့် အရပ်ဝတ်က ထပ်မံ၍ “လျှာကိုက်မိလောက်တယ်”ဟု ထင်ကြေးပေးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက “လျှာကိုက်မိတာ မဟုတ်ဘူးဟေ့ကောင်၊ သွေးထွက်တယ်ဆိုကတည်းက ခလုတ်တိုက်ပြီး နောက်စေ့နဲ့ကျတာပဲနေမှာ”ဟု တုံ့ပြန်သည်ကို တွေ့ရသည်။
“နောက်စေ့နဲ့မကျဘူးဆရာ”ဟု အရပ်ဝတ်ဖြင့်လူက ပြန်ပြောရာတွင် ခန္ဓာကိုယ်အနှံ့အပြား၌ ကျည်ဆန်ရာရှိမရှိ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးခိုင်းသည်။

အရပ်ဝတ်ဖြင့်လူက အလောင်းကိုမှောက်ချီ၊ လှန်ချီပြု၍ စစ်ဆေးနေချိန် စက္ကန့်ပိုင်းအတွင်း သေနတ်ဒဏ်ရာရှိမရှိ စစ်ကောင်စီတပ်ဖွဲ့က နှစ်ကြိမ်မေးမြန်းသည့်အခါ “မရှိဘူးဆရာ”ဟုသာ စစ်ဆေးနေသူက ပြန်ဖြေသည်။
ထို့နောက် ချက်ချင်းပင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက “အဲဒါဘာဖြစ်လို့၊ ပြေးရင်းလွှားရင်းနဲ့ မျက်နှာနဲ့ကျတယ်၊ လျှာကိုက်မိသွားတယ်။ ဟုတ်တယ်နော်။ သေချာတယ်နော်။ မှတ်တမ်းတင်ထား၊ မှတ်တမ်းတင်ထား” ဟု ပြောပြီး သက်သေအဖြစ် မေးခြင်းဖြစ်ကြောင်း၊ နောင်မှ ဟိုလိုဒီလိုမပြောရန် လိုကြောင်း အရပ်ဝတ်ဖြင့်ပုဂ္ဂိုလ်အား သတိပေးခဲ့သည်။
ယနေ့နံနက်ပိုင်း မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းကို လမ်း ၉၀ ပေါ်ရှိ ကိုးလုံးတကာ ဘုရားရှေ့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက် အဆိုပါဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
သေနတ်ဖြင့် ၁၂ ချက်ထက်မနည်း ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း သေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း မြင်တွေ့ခဲ့သူ ဦးထက်တေဇာအောင်က ပြောသည်။
၎င်းကိုယ်တိုင်သည်လည်း ခြေထောက်၌ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာရသူဖြစ်ပြီး “ကျွန်တော်တို့က မြတောင်စစ်ကြောင်းဒိုင်းကာအဖွဲ့ လမ်း၉၀ကို လုံးတကာဘုရားရှေ့အရောက် ဖြိုခွဲတာ သေနတ် ၁၂ချက်လောက်ပစ်တယ်၊ မျက်ရည်ယိုဗုံးရော ပစ်တယ်။ ကျွန်တော်ရှေ့တင်တစ်ယောက်က ကျတာ အလောင်း သူတို့ဘက်က ကောက်သွားတယ် ကျွန်တော်လည်းပစ်ခံရတော့ မကယ်လိုက်နိုင်ဘူး”ဟုလည်း ၄င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ဆန္ဒပြပွဲများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာ တွင် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်သည်။