သတင်း

ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို စစ်ကောင်စီ လက်လွှတ်ရ 

နှစ်ဘက် ထိခိုက်ကျဆုံးမှု ရှိသော ဂွမြို့ ထိုးစစ်တိုက်ပွဲအပြီး မြို့ကို အပြီးသတ် ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း AA က ကြေညာရာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီထိန်းချုပ်မြို့ ၃ မြို့သာ ရှိတော့သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်၏ တောင်ဘက်ဆုံးအစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် (AA) သည် ဒီဇင်ဘာ ၂၉ ရက် မွန်းတည့်ချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ 

ဂွအခြေစိုက် ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တို့ကို  ဒီဇင်ဘာ ၁၅ ရက် မှ စတင်ပြီး ထိုးစစ်ဆင်ခဲ့သည်၊   ရက်များမကြာမီ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။ 

“ ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ဂွမြို့မှာရှိတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ စစ်အခြေစိုက် စခန်းတွေအားလုံးကို ကျွန်တော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုသည်။

ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းလျက်ရှိသလို စစ်ကောင်စီ လေတပ်နှင့် ရေတပ်က ပစ်ခတ်တိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။

“ စစ်ကောင်စီဖက်က စစ်ကူအင်အားတွေ ထပ်ဖြည့်ပြီးတော့ ဂွမြို့အနီးတဝိုက်ကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာတွေ ရှိတဲ့အတွက်ကြောင့် တချို့နေရာမှာတိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေတာ ရှိပါတယ်” ဟု ဦးခိုင်သုခက ယင်းနေ့ မွန်းလွဲပိုင်းက ဆိုသည်။

“အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေဆဲ ဖြစ်သလို ရေတပ်ကလည်းပဲ ဧရာဝတီတိုင်း ကမ်းသာယာကမ်းခြေအနီး ရေပြင်ထက်ကနေ ပြီးတော့ ရေကြောင်း ပစ်ကူ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတာတွေ ရှိပါတယ်” 

မြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအများအပြား ရခဲ့ပြီး ဓာတ်ပုံများကို AA က ညဦးပိုင်း၌ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ဂွမြို့ မကျစေရေးအတွက် စစ်အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံကာကွယ်ခဲ့ပြီး တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ကာ  အခြားအဆင့် အမြောက် အမြားသေဆုံးခဲ့သည်ဟု AA က ဆိုသည်။

ဂွမြို့  တိုက်ပွဲအတွင်း စစ်သား ခန့်မှန်း ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ၊ AA ဘက်မှလည်း အထိအခိုက်အကျအဆုံးများလည်း ရှိကြောင်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဂွမြို့အခြေစိုက်တပ်များသာမက စစ်ကူလာသော  တပ်မ (၆၆) လက်အောက်ခံ ခမရ ၄ တပ်ရင်း၊ တပ်မ (၁၁) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၂၁၄  ၊ ၂၁၅ ၊ ၂၁၇ တပ်ရင်းများ၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သော ခလရ ၃၆ ၊ ၃၈၊   ၉၃၊  ၂၇၁ တပ်ရင်းများနှင့် ခမရ ၃၀၈ တပ်ရင်းတို့ကိုပါ တိုက်ခိုက်ခဲ့ရသည်ဟု AA ဘက်က ဆိုသည်။

သံချပ်ကာ ၁၀ စီးခန့်ဖြင့် ပစ်ကူသလို လေကြောင်း၊ ရေကြောင်းပစ်ကူများ သုံးခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အတွင်း AA က ဂွမြို့ကို သိမ်းနိုင်ခဲ့သည်။

ဂွမြို့နယ်အတွင်း ၂၀၂၄ သြဂုတ် ၁၀ ရက်မှစတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဂွနှင့် သံတွဲကြား ရှိ ကျိန္တလီမြို့ကို သိမ်းနိုင်ရေး AA က စတင်ထိုးစစ်ဆင်ခဲ့သည်။ 

ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကုတ်မြို့ကျပြီးနောက် ကပ်လျက် ဂွမြို့နယ်ထဲမှ စစ်ကောင်စီ၏ ခမရ ၅၆၃ တပ်ရင်းကို စတင်တိုက်ခိုက်၍ ဂွမြို့သိမ်းတိုက်ပွဲကို AA က အရှိန်မြှင့်ခဲ့သည်။ 

စစ်ကောင်စီတပ်ကလည်း ဂွမြို့နယ် လူနေကျေးရွာများ မီးရှို့ခြင်း၊ တံတားများ ဖျက်ဆီးခြင်းများ ပြုလုပ် ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ဂွမြို့နယ်၊ အလယ်ရွာကို မီးရှို့ခဲ့သလို ဒီဇင်ဘာ ၂၁ ရက် နံနက် ၇ နာရီတွင် ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များမီးရှို့ခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့် ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်သည်ဟု  ဆိုသည်။


AA က တပြိုင်နက်ထိုးစစ်ဆင်နေသော ၄ မြို့ဖြစ်သော အမ်း၊ တောင်ကုတ်၊ မောင်တောနှင့် ဂွမြို့နယ်တို့ ကို အပြီးသတ်ရရှိခဲ့ပြီဖြစ်သည်။

-ဂွမြို့သိမ်းပြီးနောက် ပျက်စီးနေသော သံချပ်ကာတစ်စီးအနီး တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ -AA Info Desk)

၂၀၁၉ ခုနှစ် စက်တင်ဘာအထိ အစိုးရစာရင်းများအရ စုစုပေါင်း လူဦးရေမှာ ၆၅,၀၀၀ ကျော် ဖြစ်ပြီး ဂွမြို့နယ်တွင်  ကျိန္တလီမြို့နှင့် ဂွမြို့တို့ရှိသည်။ 



သံတွဲ-ဂွ- ငါးသိုင်းချောင်း- ရန်ကုန် အဝေးပြေးလမ်းပေါ်ရှိသော ဂွမြို့နှင့် ဧရာဝတီတိုင်း ငါးသိုင်းချောင်း မြို့မှာ မိုင် ၅၀ ကျော်သာ ကွာဝေးပြီး ရခိုင်ရိုးမသာ ခြားသည်။

လက်ရှိတွင် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်၊ အမ်း၊ ဂွ စသည့်  ၁၄ မြို့တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားသည်။ 

ရခိုင်တစ်ပြည်နယ်လုံးသိမ်းမည်ဟု ကြွေးကြော်ထားသော AA အနေဖြင့် ထိုးစစ်ဆင်ရန်မှာ ပြည်နယ် မြို့တော် စစ်တွေနှင့် တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူမြို့နယ်၊ မာန်အောင်တို့သာ ကျန်ရှိသည်။

သို့သော်လည်း  AA သည် ၎င်းတို့၏နယ်မြေစိုးမိုးမှုကို ပိုမိုခိုင်ခန့်ရန် အတွက် စစ်ကောင်စီနှင့်နိုင်ငံရေးဆွေးနွေးရန် အသင့်ရှိသည်ဟု ဒီဇင်ဘာ ၂၉ ရက် နေ့လယ်က ကြေညာခဲ့သည်။

တရုတ်၏ ကြားဝင်မှုဖြင့် ” ဟိုင်ဂင်သဘောတူညီချက်” တွင်လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ ကြောင်း AA က ဖော်ပြထားသည်။

စစ်ရေးထက် နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းမည်ဟု AA က ကြေညာလာသည့်အတွက် ပြည်နယ်မြို့တော် စစ်တွေနှင့် တရုတ် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းရှိရာ ကျောက်ဖြူမြို့ကို AA ဆက်လက် သိမ်းပိုက်ရန် ရှိမရှိ ဆိုသည်က စိတ်ဝင်စားစရာဖြစ်လာသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်နှင့်  နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့ ၌ တွေ့ဆုံစဉ် မြောက်ပိုင်း ၃ ဖွဲ့အတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောထားသည်။

နိုင်ငံရေးနည်းလမ်းဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်သော တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA) တို့က အသီးသီးစာထုတ်ပြန်ထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button