ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီး ဒုတိုင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားများကို လက်ရဖမ်း မိခဲ့သည်ဟု AA က အတည်ပြုသည်။
“ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံးကို ကျွန်တော်တို့ အာရက္ခ တပ်တော်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။
“ အဲဒီမှာ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ နပခရဲ့တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကိုလည်း ကျွန်တော်တို့ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်းပဲ ဖမ်းဆီးရရှိနိုင်ဖို့ ကျွန်တော်တို့ ဆက် လက်ပြီးမှ လုပ်ဆောင်နေတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်သည့် အမ်းမြို့ကို ယခုနှစ် စက်တင်ဘာလကုန်ကတည်းက AA က စတင်တိုက်ခိုက်ခဲ့ပြီး မဲတောင်၊ တောဟိန်းတောင်၊ စွေ့ချောင်း စသော ဗျူဟာကုန်းများ စတင်သိမ်းပိုက်ခဲ့သည်။
နိုဝင်ဘာ ၆ ရက်အထိ သတင်းများအရ ခြေမြန်တပ်ရင်းနှစ်ခုဖြစ်သော ခမရ (၃၇၃) နှင့် ခမရ (၃၇၁) ၊ လေ ကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၇ တွင် စစ်ဌာနချုပ်မှ အပ စစ်ကောင်စီစခန်း ၃၀ ကျော်ကို AA တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်။
ထိုရက်က အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၇၁) ၊ ခမရ (၃၇၂) ၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက် ထိုးစစ်ဆင်ခဲ့ရာ ယခု စစ်ဌာနချုပ် ကျသွားသောကြောင့် AA သိမ်းပိုက်နိုင်သည့်တစ်မြို့နယ် တိုးလာပြီ ဖြစ် သည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် (MNDAA) ထံ လက်လွှတ်လိုက်ရပြီးနောက် ရခိုင်းနှင့်ချင်း စစ်ဒေသများအတွက် အရေးပါသော တိုင်းစစ်ဌာန ချုပ် နောက်တစ်ခုကိုပါ လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
AA ဘက်ကလည်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးအခြေအနေကို ဒီဇင်ဘာ ၁၆ နှင့် ၁၇ ရက် အခြေအနေများကို ရုပ်သံဖိုင် ၂ ခု တစ်ရက်ခြားထုတ်ပြန်ခဲ့သည်။
ထိုရုပ်သံဖိုင် ၂ ခုတွင် အလံဖြူထောင်လက်နက်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မီးလောင်နေသည့် တိုင်းစစ်ဌာနချုပ် အဆောက်အအုံများ၊ ပျက်စီးနေသည်စစ်ကောင်စီ၏ လက်နက်ခဲယမ်းများလည်း ပါဝင် သည်။
အမ်းမြို့နယ် သိမ်းပိုက်နိုင်ရေးအတွက် ကျောင်းသားတပ်ဖွဲ့ ၂ ဖွဲ့က AA နှင့်အတူ တိုက်ခိုက်နေသလို မကွေး တိုင်းအခြေစိုက် မဟာမိတ်တပ်ဖွဲ့များကလည်း အမ်း-ပဒါန်းလမ်းပိုင်းတွင် ကူညီတိုက်ခိုက်ပေးနေသည်။
AA ပြောခွင့်ရ ဦးခိုင်သုခက တပြိုင်နက် တိုက်ခိုက်နေသည့် အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့တို့ကို ရလုနီးပါး ဖြစ်နေပြီဟု နိုဝင်ဘာလလယ်ခန့်က Myanmar Now ကို ပြောထားသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့်သတင်းများကို အမှောင်ချထား ပြီး မကြာသေးခင် ဒီဇင်ဘာ ၁၅ ရက်က နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်တွေမြို့၌ ပြု လုပ်ခဲ့ကြောင်းသာ ဖော်ပြထားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အပါအဝင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပြီး ခွန်စံလွင်၊ ဒေါ်နုမြဇံ၊ ဦးဇော်အေးမောင်၊ ဒေါ်အေးနုစိန် တို့လည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
အမ်းကျပြီးနောက် တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်ကောင်စီတပ်ဖွဲ့များ အခြေ စိုက်သော ပြည်နယ်မြို့တော် စစ်တွေသာ ကျန်တော့သည်။
စစ်ကောင်စီကလည်း တရုတ်အကျိုးစီးပွားများရှိသော ကျောက်ဖြူမြို့နယ် မကျစေရေး ခုခံရန် ပြင်ဆင် နေပြီး မြို့တော် စစ်တွေ ကျပါကလည်း တစ်ပြည်နယ်လုံး လက်လွှတ်ရမည့် အခြေအနေ ဖြစ်သဖြင့် ကမ်း ခြေတစ်လျှောက် ခြံစည်းရိုးများခတ်ကာ စစ်ပြင်ဆင်ထားသည်။
တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ်
ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး သံတွဲခရိုင်၊ ဂွမြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း ဦးခိုင်သုခက ဆိုသည်။
“ ဂွမြို့မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေတုန်းပဲ ။ ဂွမြို့ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေ သလို ဂွကနေ ငါးသိုင်းချောင်းဘက်ကို ကျော်တဲ့ ရိုးမတောင်ပေါ်မှာလည်းပဲ တိုက်ပွဲတွေ ဆက်လက်ပြီး တော့ ပြင်းထန်နေတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဂွမြို့နယ်၌ သြဂုတ် ၁၀ ရက်၌ တိုက်ပွဲများ စတင် ဖြစ် ပွားခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ဂွနှင့် သံတွဲကြားရှိ ကျိန္တလီမြို့ကို သိမ်းနိုင်ရေး AA က ထိုးစစ်ဆင်ခဲ့သည်။
ထိုကာလအတွင်း ကျိန္တလီမြို့အနီး တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြောက်ဘက်ရှိ သံတွဲမြို့သိမ်းတိုက်ပွဲလည်း ပြင်းထန်နေကာ စက်တင်ဘာ ၆ ရက်တွင် ငပလီကမ်းခြေအနီးရှိ နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်သည့် မောင်ရွှေလေးရေတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ရာ သံတွဲမြို့နယ်သည်လည်း AA က ထိန်းချုပ်နိုင်ခဲ့သည်။
ဂွမြို့နှင့်ကျိန္တလီမြို့ကြားတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ကျိန္တလီမြို့ကို AA ထိန်းချုပ်ထားပြီး ဖြစ်သော် လည်း စစ်ကောင်စီက မကြာခဏလက်နက်ကြီးဖြင့်လှမ်းပစ်နေကြောင်း ဦးခိုင်သုခက အောက်တိုဘာ ၁ ရက်က ပြောထားသည်။
“ကျိန္တလီကတော့ ကျွန်တော်တို့သိမ်းပိုက်ထားတဲ့မြို့ပဲ။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ ထုတာ၊ လေယာဥ်နဲ့ပစ်တာတွေတော့ရှိနေသေးတယ်။ ကျောက်ပါးစပ်ရွာနားတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေ တယ်”ဟု ဦးခိုင်သုခက Myanmar Now ကို ထိုရက်က ပြောသည်။
ထိုနေ့မှာပင် တိုင်းစစ်ဌာနချုပ်ရှိသော အမ်းကို စတင်ထိုးစစ်ဆင်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
စစ်ကောင်စီတပ်သည် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား အောက်တိုဘာ ၇ ရက်၊ နံနက် ၂ နာရီခွဲခန့်တွင် ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာသွားကြောင်း AA က ထုတ်ပြန်သည်။
ကျိန္တလီနှင့် မိုင် ၄၀ ခန့်ဝေးသည့် ဂွမြို့ရှိ ဒေသခံအများစုက ထိုစဉ်ကတည်းက စတင်တိမ်းရှောင်ခဲ့ကြပြီး ထိုစဉ်က သံတွဲတွင် တိုက်ပွဲဖြစ်နေ၍ တောင်ဘက်ရှိ နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းဘက်သို့ စတင် တိမ်းရှောင်ခဲ့ကြသည်။
ရခိုင်တပ် AA ၏ထိုးစစ် ဧရာဝတီတိုင်းထဲရောက်မလာနိုင်ရန်အတွက် စစ်ကောင်စီသည် အောက်တိုဘာလ တတိယပတ်တည်းက တိုင်း ၂ ခုအစပ် ရခိုင်ရိုးမတောင်ခြေကျေးရွာများမှ အရပ်သားများကို ခြိမ်းခြောက် ကာ မောင်းထုတ်ပြီး ကြိုတင်စစ်ရေးပြင်ခဲ့သည်။
ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ကျေးရွာ ၂၀ ခန့် နှင့် ဂွမြို့နယ်ရှိ ရွာတချို့အပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ခန့်ကို ပြောင်းရွှေ့ခိုင်းခဲ့သည်။
နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းရှိ ဒေသတချို့သည် AA ၏ နိုဗာ ၃ စစ်ဒေသအတွင်း ပါဝင်နေသည်။
ဂွမြို့တွင် တောင်ကုတ်မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံ ခမရ ၅၆၂ ၊ ၅၆၃ တို့ရှိပြီး ဧရာဝတီတိုင်းမှတဆင့် စစ်ကူများဖြည့်တင်းထားသည်။
ဌာနချုပ်ဖြစ်သော စကခ-၅ မှာမူ AA ၏ ထိုးစစ်ဆင်မှုအတွင်း ဒီဇင်ဘာ ၁၄ ရက်တွင် လက်လွှတ်ထားရပြီး ဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာအထိ အစိုးရစာရင်းများအရ စုစုပေါင်း လူဦးရေမှာ ၆၅,၀၀၀ ကျော် ဖြစ်ပြီး ဂွမြို့နယ်တွင် ကျိန္တလီမြို့နှင့် ဂွမြို့တို့ရှိသည်။
ဂွမြို့သည် ရန်ကုန်မြို့နှင့် ၁၄၆ မိုင်ခန့်သာ ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့လည်း ဖြစ်သည်။
သံတွဲ-ဂွ- ငါးသိုင်းချောင်း- ရန်ကုန် အဝေးပြေးလမ်းပေါ်ရှိ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့် ဂွမြို့နယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဝန်ကြီးချုပ် ဦးညီပု၏ မဲဆန္ဒနယ် ဖြစ်သည်။
လက်ရှိတွင် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်၊ အမ်း စသည့် ၁၃ မြို့တို့ အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားသည်။