ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၅) ကို အပြီးသတ်တိုက်ခိုက်ပြီးနောက် မြို့နယ်တစ်ခုလုံး အာက္ခတပ်တော် (AA) က ထိန်းချုပ်လိုက်သည်ဟု သိရသည်။
စကခ-၅ ကို သိမ်းလိုက်ပြီဖြစ်ကြောင်း AA က ရခိုင်အခြေစိုက် သတင်းဌာနများကို အတည်ပြုထားသည်။
“တောင်ကုတ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ၏ စကခ-၅ တပ်မ ဌာနချုပ်ကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်မှာ အပြီးသတ်ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီး ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက အာရက္ခမင်းသမီးမီဒီယာကို ယနေ့ ပြောထားသည်။
ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ တိုက်ခိုက်လျက်ရှိသည် ဟု ဆိုသည်။
ကံပိုင်ရပ်ကွက်ရှိ စကခ-၅ အနီးတွင် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၄၆၊ ၅၄၄၊ စခန်းများ တစ်ဆက်တည်း တည်ရှိသည်။
AA က နိုဝင်ဘာ ၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကြာမြင့်သည့် ထိုးစစ်အတွင်း မြို့ ပြင်ပရှိ စစ်စခန်းများ သိမ်းပိုက်ရရှိခဲ့သည်။ မြို့နယ်အတွင်းရှိ စစ်စခန်းကြီး ၃ ခုကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေကြောင်း နိုဝင်ဘာ ၂၉ ရက်နေ့ကတည်းက သတင်းထုတ်ပြန်ခဲ့သည်။
တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်နှင့်မအီမြို့တို့ရှိကြပြီး တောင်ကုတ်မြို့ပေါ်တွင် ချောင်းကောက်၊ ဂူတာ၊ ကံပိုင်၊ သိမ်တောင်၊ ကိုင်းရှည် စသော ရပ်ကွက်များ ရှိသည်။
၂၀၁၉ ခု စက်တင်ဘာအထိ အစိုးရစာရင်းများအရ မြို့နယ်အတွင်း လူဦးရေ တစ်သိန်းခွဲကျော် နေထိုင်ကြသည်။
တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလမှ စတင်၍ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး မြို့သိမ်း တိုက်ပွဲအတွက် နိုဝင်ဘာ ၄ ရက်မှ စတင်ကာ AA က ထိုးစစ်ဆင်ခဲ့သည်။
ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်မြို့စသည့် ၁၂ မြို့တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ထားသည်။
လက်ရှိတွင် အမ်း (နပခ) အနီး၊ ဂွမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေသည်။
ဒီဇင်ဘာ ၇ ရက်တွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှအပ အမ်းတစ်မြို့နယ်လုံး၊ ဒီဇင်ဘာ ၈ ရက်တွင် မောင်တောမြို့ လက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကို သိမ်းပြီး မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်ကိုပါ ထိန်းချုပ်ခဲ့သည်။ တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူမြို့နယ်၊ မာန်အောင်၊ ပြည်နယ်မြို့တော် စစ်တွေတို့တွင် AA ၏ ထိုးစစ်များ မရှိသေးပေ။
တောင်ကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု
စစ်ကောင်စီလေတပ်ကလည်း တောင်ကုတ်မြို့ကို အပြင်းအထန် ဗုံးကြဲခဲ့ရာ ဒေသခံများ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည်။
တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းခွဆုံကို စစ်ကောင်စီလေယာဉ်က ဒီဇင်ဘာ ၄ နှင့် ၉ ရက်နေ့တို့တွင် ဗုံး ကြဲခဲ့သဖြင့် နေအိမ် ၂၃ လုံးနှင့် ခရစ်ယာန်ဘုရား ကျောင်း ၁ ခု ပျက်စီးခဲ့ကြောင်း AA နှင့် နီးစပ်သည့် အာရက္ခမင်းသမီးမီဒီယာတွင် ဖော်ပြထားသည်။
အလားတူ တောင်ကုတ်မြို့နယ်၊ ခရိုင်ရွာကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၃ နာရီခန့်တွင် စစ်လေယာဉ်က ဗုံး ၄ လုံး ကြဲ ချခဲ့စဉ် အရပ်သား ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရသည်။ ဒဏ်ရာရသူ များအနက်မှ အသက် ၁၂ နှစ်အရွယ် မနှင်းယုလှိုင် နောက်တစ်နေ့တွင် သေဆုံးခဲ့သည်။
တောင်ကုတ်မြို့နယ်၊ ကမ်းဒေးရွာကိုလည်း ဒီဇင်ဘာ ၆ ရက် မွန်းတည့်ချိန်တွင် လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချခဲ့ရာ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲ၍ ကျောင်းထိခိုက်ပျက်စီးခဲ့သည်။
တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးမီ အောက်တိုဘာလအတွင်းကပင် စစ်ကောင်စီ က လေကြောင်း တိုက်ခိုက်မှုများ နေ့ရောညပါ ပြုလုပ်ခဲ့ရာ ကလေးများအပါအဝင် အရပ်သားထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။
တောင်ကုတ်မြို့မှ ၁၀ မိုင်ခန့်အကွာ လူ ၁၀၀၀ ကျော် နေထိုင်သည့် ကင်းတောင် (စံပြ) ရွာကြီးကိုလည်း လဆန်းက ဗုံးကြဲခဲ့စဉ် သေဆုံးသူ ၄ ဦး အနည်းဆုံးရှိပြီး ၁၃ ဦးခန့် ဒဏ်ရာရသွားကြသည်။