သတင်း

မင်းတပ်၊ ကန်ပက်လက်မြို့တို့မှ  နိုင်ကျဉ်း ၁၅ ဦးကို ကယ်ထုတ်နိုင် 

ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲအောင်မြင်မှုကြောင့် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် အိမ်အတွက် ဆန်ဝယ်လာအပြီး ထောင်တစ်သက် ချမှတ်ခံထားရသည့် မီးသတ်သမားတစ်ဦးလည်း ပါဝင်သည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ထံက သိရသည်။ 

မင်းတပ်မြို့မရဲစခန်းမှ ကယ်ထုတ်နိုင်ခဲ့သည့် နိုင်ကျဉ်းများတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်ပြီး အများစုမှာ ဒေသခံ ချင်းလူမျိုးများဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့  (Chin Brotherhood-CB) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။ 

မကွေးတိုင်း ယောဒေသ၊ ချင်းပြည်နယ် မရာဒေသနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ ဖြစ်ကြသည်၊   အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ခံထားရသူ ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ချင်းဒေသအတွင်း သွားလာရေးနှင့် စားသောက်ရေး ပိတ်ဆို့ဖြတ်တောက်ထားသော ကြောင့်   ရိက္ခာပြတ်နေကြစဉ် သူက မိသားစုအတွက် ဆန် ၂ တင်း ဝယ်ပြီး အပြန် စစ်ကောင်စီ စစ်ဆေးရေးဂိိတ်တစ်ခုတွင် ဖမးဆီးခံရသည်။

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅  ဖြင့် စွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များအတွက် သယ်ယူသည်ဟူသော စွပ်စွဲချက်ဖြင့်   အမှုဖွင့်ခဲ့သည်ဟု ကိုယောမန်က ဆိုသည်။

“ဆန်လေး ၂ တင်း သယ်တာနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံရပြီးတော့မှ ထောင်ထဲမှာ သေမဲ့ ပုံစံ မျိုး မျှော်လင့်ချက်မဲ့ခဲ့တယ်”ဟု ၎င်းကဆိုသည်။ 

စစ်ကောင်စီတပ်သားများက မင်းတပ်အချုပ်ခန်းတွင် ဖမ်းဆီးထားသူများကို နည်းမျိုးစုံဖြင့် နှိပ်စက် ညှဉ်းပန်းခဲ့သည်ဟု ဆလိုင်းယောမန်က ပြောသည်။ 

“အချုပ်ခန်းထဲမှာထည့်ထားတာကိုပဲ လက်ထိတ်ခတ်ထားတယ်။ သံခြေကျင်း ခတ်ထားတယ်။ အကုန်လုံး သံခြေကျင်း ခတ်ထားတော့ အပေါ့အပါးသွားတဲ့အခါတွေလည်း အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။ 

“သူတို့အိပ်နေတဲ့ အချုပ်ခန်း၊ ထောင်ခန်းထဲကို ခွေးတွေ…လမ်းဘေးလေလွင့်ခွေးတွေကို ထည့်လွှတ်ထား တဲ့အတွက်ကြောင့် ခွေးတွေက သေးပါ၊ ချီးပေါက်တာနဲ့ သူတို့မှာ အိပ်ရ၊ နေရ၊ ထိုင်ရ၊ စားရ သောက်ရတာ နဲ့ အဆင်မပြေဘူး။ တမင်တကာ ငတ်အောင် ထားတယ်” 

ပြန်လွတ်လာသူတို့ကို  ကုသမှုများ ပေးကာ မိသားစုထံ ပြန်ပို့ပေးလိုက်ပြီဖြစ်ကြောင်း ပြောသည်။

မင်းတပ်မြို့ထဲမှ မီးလောင်ပျက်စီးနေသော နေအိမ်တစ်လုံး။ (ဓာတ်ပုံ- Mindat Post)

နိုဝင်ဘာ ၉ ရက်တွင် မင်းတပ်နှင့် ဖလမ်းမြို့၊ ဒီဇင်ဘာ ၂၂ ရက် တွင် ကန်ပက်လက်မြို့တို့ကို အာရက္ခ တပ်တော် (AA) ၏ မဟာမိတ် ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ 

ဒီဇင်ဘာ ၂၁ ရက်တွင် လက်ကျန် စစ်စခန်းဖြစ်သော အမှတ် (၂၇၄) ခြေမြန်တပ်ရင်းကို တိုက်ခိုက်ပြီး မင်းတပ်မြို့ကို သိမ်းနိုင်ခဲ့သည်။   ကန်ပက်လက်မြို့ကိုမူ မြို့သိမ်းတိုက်ပွဲ ကြေညာသည့်နေ့တွင် စစ်ကောင်စီတပ်သားများက နယ်မြေကပ်လျက် ယောနယ်ထဲဆုတ်ခွာသွားခြင်း ဖြစ်သည်။

ကန်ပက်လက်မြို့ ရဲစခန်းတွင် နိုင်ကျဉ်း ၂ ဦး၊ သာမန်အကျဉ်းသား ၂ ဦးကို  တွေ့ခဲ့ရသည်ဟု  CDF (ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“အချုပ်သား ၄ ဦးထဲမှာ ၂ ဦးကတော့ နိုင်ကျဉ်းလို့ ပြောလို့ရပါတယ်။ တော်လှန်ရေးမှာပါဝင်ကြလို့ အဖမ်း ခံရတာ” ဟု ၎င်းက ဆိုသည်။ 

ထို ၄ ဦး လုံခြုံသည့်နေရာတွင် ရှိနေကြောင်း၊ မိသားစုဝင်များနှင့်ဆက်သွယ်ကာ ပို့ဆောင် ပေးရန် စီစဉ်ထားကြောင်း CDF (ကန်ပက်လက်) ထံက  သိရသည်။ 

ချင်းတော်လှန်ရေးအင်အားစုက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေရာ သိမ်းပိုက်ရမိသော မြို့များမှ စစ်ကောင်စီတပ် ဖမ်းထားသော အချုပ်သားများ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ခဲ့ကြ သည်။ 

ယခုနှစ် ဇွန်လကုန်က မတူပီမြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ခဲ့ရာ နိုင်ကျဉ်း ၁၃ ဦး ပြန်လွတ်မြောက်ခဲ့ သည်။ 

အလားတူ ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည့် အင်အားစုသည်  မေလကုန်ခန့်က တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် တစ်သက်တစ်ကျွန်း ချခံထားရသည့် CDM ဝန်ထမ်းတစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား တချို့ကို ကယ်ထုတ်နိုင်ခဲ့ သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း ဆန့်ကျင်သူဟု စွပ်စွဲဖမ်းဆီးမှု အများအပြား ရှိခဲ့ရာ ၂၁,၀၀၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ထားသည်။ 

ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုရှိသည့်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ကျင်ဒွေးမြို့တို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကိုမူ မဟာမိတ် အာရက္ခတပ်တော် (AA) က ထိန်း ချုပ်ထားသည်။ 

စစ်ကောင်စီက တိုက်ပွဲများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေပြီး တော်လှန်ရေး အင်အားစုက ခလရ (၂၆၈ ) ကို ဆက်လက် ထိုးစစ် ဆင်နေသည်။

CNA ဦးဆောင်သော ချင်းတပ်များ လှုပ်ရှားသလို ချင်းညီနောင် (CB) အဖွဲ့များကလည်း AA နှင့် မဟာမိတ် ပြုကာ စစ်ရေးဖော်ဆောင်နေသည်။

ယခုနှစ် မေလက တီးတိန်မြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းညီနောင်က ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ပြီး နေရာတချို့သိမ်းပိုက်နိုင်သော်လည်း ခလရ (၂၆၉) တပ်ရင်းတွင် စစ်ကောင်စီ ဆက်လက် တပ်စွဲ ထားသည်။ 

အိန္ဒိယ-မြန်မာနယ်စပ် တွန်းဇံမြို့နယ်ကို CNA ဦးဆောင်သည့် တော်လှန်ရေးတပ်များက  ယခုနှစ်ဆန်းတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန် အနီးတွင်လည်း စစ်ရေးတင်းမာနေ သည်။ 

ထို့ကြောင့် ချင်းပြည်နယ်၏ ၈၅ ရာခိုင်နှုန်းကို CNA, CB, AA တော်လှန်ရေးအင်အားစုများက နယ်မြေ စိုးမိုး ထားပြီး ဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ယနေ့ ပြုလုပ်သည့် မင်းတပ်နှင့်ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

မကွေးတိုင်းနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မင်းတပ်နှင့်ကန်ပက်လက်မြို့တို့မှာ ကပ်လျက်ဖြစ်ပြီး မိုင် ၄၀ ခန့်သာ ကွာဝေးသည်။ 

Show More

Related Articles

Back to top button