သတင်း

မင်းတပ်နှင့်ကန်ပက်လက်မြို့ကို AA ၏ မဟာမိတ်ချင်းညီနောင်အဖွဲ့ ထိန်းချုပ်

ပလက်ဝမြို့မှ အပ ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို စစ်ကောင်စီတပ် လက်လွှတ်လိုက်ရသဖြင့် ဒေသတွင်းတော်လှန်ရေး အင်အားစုက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို ဒီဇင်ဘာ ၂၂ ရက်တွင် ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်သည်ဟု  ချင်းတော်လှန်ရေးအဖွဲ့များထံက သိရသည်။ 

နိုဝင်ဘာ ၉ ရက်နေ့ကတည်းက မင်းတပ်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ရာ နောက်ဆုံး လက်ကျန် အမှတ်  (၂၇၄) ခြေလျင်တပ်ရင်းဌာနချုပ်ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင်   အပြီးသတ်တိုက်ခိုက်ခိုက်နိုင်ခဲ့သဖြင့် မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီဇင်ဘာ ၂၂ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ 

တပြိုင်တည်းမှာပင် တော်လှန်ရေး အင်အားစု ထိုးစစ်ဆင်နေသော ချင်းမြောက်ပိုင်း ဖလမ်းမြို့ကိုလည်း နေရာအများစု ထိန်းချုပ်နိုင်ပြီဟု သိရသည်။

နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ခလရ (၂၇၄) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့က ပြောသည်။  

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း မင်းတပ်ခရိုင်နှင့်မြို့နယ်ရဲစခန်းမှ စစ်သားနှင့်ရဲ ၁၂၃ ဦး လက်နက်ချထားပြီး ဖြစ်သည်။

“၁၆၀ ကျော် လိုက်လံဖမ်းဆီးရမိပါတယ်။ ထပ်မံဖမ်းဆီးရမိတာတွေလည်း ရှိနေတုန်းပါ။ ဖမ်းဆီးရမိတဲ့ (ရာထူး) အဆင့်တွေကို အသေးစိတ် နောက်မှထုတ်ပြန်ပါ့မယ် ” ဟု ဆလိုင်းယောမန်က ဆိုသည်။

အဆိုပါစစ်ဆင်ရေးတွင် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များဖြစ်သည့် Yaw Defense Force (YDF)၊ Yaw Army (Yaw Army)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  မုံရွာခရိုင် အမှတ် (၃) တပ်ရင်း တို့ ပါဝင် တိုက်ခိုက်ခဲ့ပြီး အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်းနှင့်စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးခဲ့သည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

AA နှင့် မဟာမိတ်ဖြစ်သည့် ချင်းညီနောင်တွင် ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ စုဖွဲ့ထားသည်။

သိမ်းဆည်းရမိသော လက်နက်ကြီးတစ်ခု။ (ဓာတ်ပုံ- Yaw Mang)

 ၂၄ နာရီမကြာသော ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ

မင်းတပ်မြို့နှင့် နယ်မြေချင်း ထိစပ်နေသော ကန်ပက်လက်မြို့ကိုလည်း ဒီဇင်ဘာ ၂၂ ရက် နံနက်က မြို့သိမ်းတိုက်ပွဲ ကြေညာခဲ့အပြီး နေ့လယ်ပိုင်းတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ -ကန်ပက် လက် (CDF- Kanpetlet) ထံက သိရသည်။ 

ကန်ပက်လက်မြို့ပေါ်တွင် နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၂ ရက် နံနက်က ထိတွေ့ပစ်ခတ်မှု အနည်းငယ်ရှိပြီးနောက် မကွေးတိုင်း၊ ယောနယ်အတွင်း ဆုတ်ခွာသွားရာ မြို့ကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည် ဟု ဆိုသည်။

စစ်သားနှင့်ရဲ အင်အား ၁၀၀ နီးပါးက ကန်ပက်လက်မြို့ ရဲစခန်း၊ ရန်အောင်စေတီကုန်း၊ ဘုန်းကြီးကျောင်း ဝင်း၊ သစ်တောရုံး၊ အထက်တန်းကျောင်း၊ ပညာရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့တွင် နေရာယူ တပ်စွဲထားခြင်း ဖြစ်သည်။

“ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပြီးမှ ဆုတ်သွားတာပါ။ ကျွန်တော်တို့ ကန်ပက်လက်ကို လောလောဆယ် ချင်းညီနောင်အနေနဲ့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါပြီ”ဟု CDF (ကန်ပက်လက်) မှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ ညနေက ပြောသည်။ 

စစ်တပ်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များ အရ ကန်ပက်လက်တွင် မြို့နေ လူဦးရေ ၄၀၀၀ နီးပါးရှိသည့်အနက် မြို့ခံအများစုမှာ ကြိုတင်တိမ်းရှောင်သွားကြောင်း သိရသည်။ 

ချင်းပြည်နယ်တောင်ပိုင်း အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအောင်ချိုဦးကို ဒီဇင်ဘာ ၂၂ ရက် ညနေတွင် Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ချက် မရရှိခဲ့ပေ။

ချင်း၂ မြို့ကို လက်လွှတ်လိုက်ရပြီးနောက် ညနေ ၅ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက ၂ မြို့လုံးကို လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

တော်လှန်ရေးအင်အားစု စုဖွဲ့မှုများ ရှိနိုင်သည်ဟုယူဆသည့် နေရာများ  တိုက်ခိုက်ခံခဲ့ရသည်ဟု CDF (ကန်ပက်လက်) တာဝန်ရှိသူက ဆိုသည်။ 

“စစ်တပ်ဘက်က တုံ့ပြန်လှုပ်ရှားတာကတော့ အခုပဲ ၅ နာရီ ၈ မိနစ် လောက်ဝန်းကျင်မှာပဲ လေယာဉ်နဲ့ တစ်ခေါက် ဗုံးကြဲတာတို့၊ စက်သေနတ်နဲ့ပစ်သွားတာတို့ လာလုပ်သွားတာရှိပါတယ်။ လောလောဆယ် တုံ့ပြန်တာကတော့ ဒီတစ်ကြိမ်ပဲရှိပါသေးတယ်” ဟု သူက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောသည်။

နာမည်ကျော်ခရီးသွားနေရာတစ်ခုဖြစ်သည့် ခေါနူးစုမ် ခေါ် ဝိတိုရိယတောင်ရှိရာ ကန်ပက်လက်မြို့နယ် သည် ပလက်ဝ၊ မင်းတပ်၊ မကွေးတိုင်း ဆောမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့နှင့် ထိစပ်နေသည်။

 ချင်းညီနောင်နှင့် မဟာမိတ်များက ကန်ပက်လက်မြို့နယ်ထဲမှ ကျင်ဒွေးမြို့ကို  ဧပြီတွင် တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သလို မတူပီမြို့ကို   ဇွန်လကုန်ပိုင်းတွင် သိမ်းထားသည်။

၂၀၂၃ စက်တင်ဘာလအတွင်း ကန်ပက်လက်မြို့အဝင် မှာ ချင်းပြည်နယ်အလံ လွှင့်ထူခဲ့သော CDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- CDF -Kanpetlet)

 AA ထိန်းချုပ်သော ပလက်ဝ၊ AA ၏ မဟာမိတ် ချင်းညီနောင် ထိန်းချုပ်သော မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်မြို့တို့ တော်လှန်ရေးအင်အားစုလက်အောက် ကျရောက်သွားပြီဖြစ်ရာ စစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို လက်လွှတ်ရပြီ ဖြစ်သည်။ 

ထို့ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားသည့်အခြေအနေ ဖြစ်ကြောင်း  မကွေးတိုင်း၊ ယောဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူက သုံးသပ်သည်။ 

“အိန္ဒိယဘော်ဒါလိုင်း၊ ဘင်္ဂလားဒေ့ရှ် ဘော်ဒါလိုင်းက ချင်းပြည်တောင်ပိုင်းနဲ့ ရခိုင်ကို ဖြတ်သန်းပြီးတော့ မကွေးတိုင်းကနေ ပြည်မအထိ အဲ့ဒီအကျိုးကျေးဇူးကို ကျွန်တော်တို့က အသုံးချလို့ ရမယ်။ လွတ်မြောက် နယ်မြေဖြစ်တဲ့ ချင်းညီနောင်တို့၊ ရခိုင်တို့အပေါ်မူတည်ပြီးတော့ လူမှုစီးပွား ဖွံ့ဖြိုးမှုတွေကို အပြန်အလှန် မှီခိုလို့ရမယ့် အနေအထားရှိတယ်။ အဲ့ဒီအတွက်ကြောင့် ပြည်မတော်လှန်ရေးအတွက်လည်း အကျိုးများမဲ့ အနေထားရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုကလည်း ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာနှင့် တွန်းဇံမြိုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့တော် ဟားခါးနှင့် ထန်တလန်မြို့ တွင် လည်း စစ်ရေးတင်းမာနေသည်။ 

ချင်းပြည်နယ်တော်လှန်ရေးတွင် AA ၏ မဟာမိတ်များ ဖြစ်သော ချင်းညီနောင်အဖွဲ့ တော်လှန်ရေးအင်အား စုများနှင့် CNF/CNA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ ဦးဆောင်လှုပ်ရှားနေကြသည်။

ပုံစာ-သိမ်းဆည်းရမိသော မင်းတပ်မြို့ စစ်စခန်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ (ဓာတ်ပုံ- Yaw Mang)

Show More

Related Articles

Back to top button