သတင်း

တီးတိန်မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေ၊ ရဲ ၉ ဦး အရှင်ဖမ်းမိ

ကျီခါးနှင့်တွန်းဇံမြို့တို့ကို CNA ဦးဆောင်သောတပ်များက သိမ်းပိုက်ပြီးနောက် PDF Zoland ပါဝင်သော ချင်းညီနောင် အဖွဲ့ များကလည်း တစ်ဆက်တည်းဖြစ်သည့် တီးတိန်မြို့ကို ဝင်ရောက်တိုက်ခိုက်နေသည်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ် ရှိ  စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ (မေ ၂၇) နံနက် အရုဏ်ချိန်မှစတင်၍  ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကာ တော်လှန်ရေးအင်အားစုက ရဲ ၉ ဦး ကို ဖမ်းဆီးရမိထားသည်ဟု သိရသည်။ 

နံနက် ၄  နာရီဝန်းကျင်ခန့်မှ စတင်ပြီးတီးတိန်မြို့မြောက်ဘက်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ထိုးစစ်ဆင်ခဲ့သည်၊ အခြေချစစ်တပ်စခန်းကုန်းဖြစ်သည့် မိုက်ခရိုတာဝါတိုင်ကုန်းဆိုသည့်နေရာကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု တိုက်ခိုက် ရာတွင် ပါဝင်နေသည့် ချင်းညီနောင်အဖွဲ့တွင် ပါဝင်သော PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အရှင်ဖမ်းဆီးရမိတာ ၉ ယောက်ပါ။ သူတို့တပ်စွဲထားတဲ့ မိုက်ခရိုတာဝါတိုင်နားကို သိမ်းပိုက်ရတာပါ”ဟု  အဆိုပါ ပြောခွင့်ရသူက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ 

ရဲများကို မည်သို့မည်ပုံ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးပေ။

တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

အခြေစိုက်စခန်းနေရာများ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီက  မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု  ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့များထံမှ သိရ သည်။ 

“ ဂျက်ဖိုက်တာနဲ့ ၁၂ ခါ သူတို့က ဗုံးကြဲတယ်။ ဒီနေ့မနက် ၅ နာရီကစပြီးမှ ၁၀ နာရီကြား။ မြို့ထဲကို ရမ်းပစ်တာ။ မြို့ ထဲမှာပဲ ကျနေတာပေါ့”ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ချင်းညီနောင်အဖွဲ့တွင် PDF Zoland ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန် ပက်လက်) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ ပါဝင်သည်။

မီးလောင်နေသော တီးတိန်မြို့တစ်နေရာ။ (ဓာတ်ပုံ-ပေးပို့)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၃ မတ်လတွင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တီးတိန်မြို့ပေါ် တွင် အိမ်ခြေ ၂,၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၅,၀၀၀ ကျော် နေထိုင်သည်။ 

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် အိန္ဒိယနယ်စပ်သို့ သွားရာ လမ်းကြောင်းပေါ်တွင်ရှိသည့် တီးတိန်မြို့ သည် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း  (ခလရ) ၂၆၉ အခြေစိုက်သည်။ 

အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံးရှိ ကျီခါးမြို့နှင့် တွန်းဇံမြို့ကို ချင်း အမျိုးသားတပ်မတော် (CN A) ဦးဆောင်သည့် ချင်းတော်လှန်ရေးအင်အားစုက ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ကျီခါးနှင့် တွန်းဇံကို တိုက်ခိုက်သိမ်းပိုက်ပြီး ရက်ပိုင်းအကြာတွင် တွန်းဇံတောင်ဘက် ကပ်လျက်ရှိ တီးတိန်မြို့ကို  သိမ်းနိုင်ရေး ချင်းညီနောင်အဖွဲ့က ကြိုးပမ်းနေခြင်းဖြစ်သည်။ 

တွန်းဇံမြို့တိုက်ပွဲသို့ လေကြောင်းဖြင့် စစ်ကူလာချပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ တီးတိန်မြို့ ဘက်သို့ ဆုတ်ခွာသွားသလို မေ ၂၆ ရက် နံနက်က တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာ ၂  ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ 

ဗန်းတဲ့ရွာနှင့် မွာလ်ဘင်းရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း သားအဖ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ ဘုရားကျောင်း တစ်ခုနှင့် နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ထို့နောက် ညပိုင်းတွင်လည်း တီးတိန်မြို့မြောက်ဘက်ရှိ ခလရ (၂၆၉ )  စခန်း မြို့တောင်ဘက်ကို လက်နက်ကြီးဖြင့်  ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

“ ၂၆ ရက်နေ့မနက်ပိုင်းလောက် ၂ နာရီလောက်မှာ ရွာ ၂ ရွာကို ဗုံးကြဲတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ လွှမ်းမိုး ထားတဲ့ မြို့တစ်ဝက်ကို လက်နက်ကြီးနဲ့ပစ်ခဲ့တယ်။ အဲ့ဒါပစ်ပြီးမှ ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း မိုက်ခရို ဘက်က ပစ်တာဆိုတော့ မနက်မှာ ဝင်တာပေါ့”ဟု အထက်ပါ တီးတိန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။ 

စစ်ကောင်စီက တီးတိန်မြို့တိုက်ပွဲအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်တပ်၏ အွန် လိုင်း ဝါဒဖြန့် စာမျက်နှာတချို့တွင်မူ မြို့တွင်းရှိ တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်ဖွယ်ရှိသော အဆောက်အအုံကို မီးရှို့ရန် လှုံ့ဆော် ရေးသားနေကြသည်။

ချင်းတော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့်မြို့များ တည်နေရာပြ မြေပုံ။

ပြီးခဲ့သည့်ရက်ပိုင်းက ကျီးခါး၊ တွန်းဇံမြို့သိမ်းတိုက်ပွဲကြောင့် တီးတိန်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် များ၊ တီးတိန်မြို့ခံများမှာ ကလေးမြို့နှင့် အိန္ဒိယ-မြန်မာနယ်စပ်သို့ ထွက်ပြေးနေရကြောင်း စစ်ရှောင်အရေး ကူညီနေ သူများထံမှသိရသည်။ 

“ တချို့တွေက သူတို့အမျိုးတွေရှိတဲ့ ကလေးဘက်ကို ဆင်းသွားတယ်။ များသောအားဖြင့် မြို့ပေါ်က လူတွေက ရွာကနေတက်လာတဲ့သူတွေ ဆိုတော့ သူတို့ရွာကိုလည်း သူတို့ပြန်ပြီးတော့ ရှောင်တာ လည်းရှိတယ်။ အိန္ဒိယနဲ့ မြန်မာ နယ်စပ်ဘက်ခြမ်းမှာနေတာ ပိုများပါတယ်” တီးတိန်အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားက ဆိုသည်။ 

ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ထိပ်တစ်ခုဖြစ်ပြီး ဗျူဟာကျသည့် တီးတိန်မြို့နယ်၊ ကနေဒီတောင် ထိပ်ရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် PDF Zoland က တိုက်ခိုက်သိမ်းပိုက်ထားသည်။  

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ရေဇွာမြို့၊ ကျင်ဒွေးမြို့၊ ကျီခါးမြို့နှင့် တွန်းဇံမြို့တို့ကို ချင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက် ထားပြီး စစ်ကောင်စီ တပ်စခန်းစွန့်ခွာသွားသည့် ဝေဘူလ၊ နှာရိန်၊ မကွီအိမ်နူး၊ ဆူခွာမြို့တို့ကို တော်လှန် ရေးအင်အားစုများက နယ်မြေ ထိန်းချုပ်ထားသည်။ 

ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization-CHRO) က ထုတ်ပြန်သည့် မေ ၂၆ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၄ ဧပြီလထိ သုံးနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ် တွင် စစ်တပ်တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ၁၁၆ ခု၊ ဆေးရုံ နှင့် ကျန်းမာရေးဆိုင်ရာ အဆောက် အဦ၂၆ ခုနှင့် စာသင်ကျောင်း ၄၉ ခု ပျက်စီးခဲ့ရကြောင်း သိရသည်။

PDF Zoland တပ်ဖွဲ့ဝင်များကို ယခုနှစ် မတ်လအစောပိုင်းက တွေ့ရစဉ်။(ဓာတ်ပုံ-PDF Zoland)

Show More

Related Articles

Back to top button