အယ်ဒီတာ့အာဘော်

အသက်ကိုရင်းပြီး CDM တွင် ပါဝင်လာသူ ရဲများကို နားလည်ပေးသင့် 

အာဏာသိမ်းသည့်နေ့မှစ၍ ယနေ့အချိန်ထိ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်ပြီးလူမဆန်သည့် ပြုမူမှုများကို မလိုလားသော ရာနှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ အသက်ကို စွန့်စား၍လည်းကောင်း၊ ၎င်းတို့၏မိသားစုဝင်များ ဘဝပျက်လုနီးပါးအဖြစ်ခံ၍လည်းကောင်း  CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေကြသည်။ 

ထိုရဲတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့သူတို့ကို ရက်စက်စွာသတ်ဖြတ်မည်လော၊ မိမိတို့ထောင်ကျ၊ ဘဝပျက်၊ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်မည့်အနေအထားကို ရွေးချယ်မည်လော ဆိုသော အခြေအနေတွင် ဆိုက်ရောက်နေသည်။ ပထမရွေးချယ်မှုကို ရွေးချယ်ပါက ပိုမိုလွယ်ကူသည်။ သို့သော်လည်း ၎င်းတို့သည် ဒုတိယအခြေအနေကို  ကြီးမားသောပေးဆပ်မှုများဖြင့် ရွေးချယ်နေကြသည်။ 

အာဏာသိမ်းပြီးချိန်မှစ၍ လမ်းဘေးလောင်းကစားမှုမှအစ သစ်နှင့် မူးယစ်ဆေး အလုံးအရင်းသယ်ဆောင်မှုအထိ ဥပဒေမဲ့လုပ်ရပ်မျိုးစုံ လွတ်လွတ်လပ်လပ် လုပ်ကိုင်၍ ရနေသည်။

ရဲတပ်ဖွဲ့က ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လျစ်လျူရှုထားရဦးမည် ဆိုသည်မှာ အများစုသိသော လျှို့ဝှက်ချက် ဖြစ်နေသည်။

ရဲတပ်ဖွဲ့သည် ဥပဒေစိုးမိုးရေးလုပ်ငန်းအ၀၀ကို ရပ်ထားပြီး စစ်ကောင်စီက ပစ်မှတ်ထားသည့်နေရာတို့ကိုသာ အာရုံစိုက်ပေးနေရသည်။

ပုံမှန်အားဖြင့် ဆိုလျှင် ရဲတို့မှာ စစ်ဗိုလ်ချုပ်ကြီးများ အဆင့်ဆင့် စီမံကိုင်တွယ်မှုအောက်တွင် လုပ်ကိုင်ခဲ့ရသည့်အတွက်  သမားရိုးကျအာဏာသိမ်းမှုကိုပင် သည်းခံနိုင်မည့် အနေအထားရှိသည်၊ သို့သော်  မတရားဖမ်းဆီး သတ်ဖြတ်ရမည့် လုပ်ရပ်များကို မပြုလုပ်မိရန် ၎င်းတို့၏ မွေးရာပါ လူသားဆန်မှုက စေ့ဆော်နေသည်။ ထို့ကြောင့် ကြီးမားစွာသော ဆုံးရှုံးမှုများကို ထွေးပိုက်ပြီး CDM တွင် ပါ၀င်လာကြသည်။  ထိုအချက်ကို မည်သူကမျှ ပေါ့ပေါ့ဆဆ မတွက်ဆသင့်ပေ။ 

သို့ရာတွင် အင်တာနက်ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်တော်သားများဟု ယူဆရသူတို့က  ၎င်းတို့ကို တိုက်ခိုက်စော်ကားနေသည်။  CDM ရဲတို့သည် ဆန္ဒပြသမားများနှင့် ပူးပေါင်းပြီးသတင်းနှိုက်ချင်သည်ဟူ၍လည်းကောင်း၊   နေ့တွင် CDM လုပ်ပြီး ညတွင် တာဝန်ထမ်းဆောင်နေသူများဟုလည်း ထိုးနှက်ရေးသားနေကြသည်။ 

အမှန်မှာ ဆန္ဒပြသမားတို့၏အခြေအနေအား စုံစမ်းရန်    CDM လုပ်စရာမလိုပေ။ ဆန္ဒပြသမားတို့မှာ စနစ်တကျစုစည်းထားသောလူစုမဟုတ်၊ ခေါင်းဆောင်ဟူ၍လည်း သီးသန့်မရှိ၊ စိတ်တူကိုယ်တူ မိမိနိုင်သမျှ ဆန္ဒပြနေခြင်းသာဖြစ်သည်။

ထို့ကြောင့် စစ်သားများ၊ ရဲများက  ဆန္ဒပြသမားအယောင်ဆောင်၍ သတင်းအလွယ်တကူရယူနိုင်သည်။ ယူလည်း ယူနေကြသည်။

ထို့ပြင် မြို့ကြီးများတွင် လမ်းဘေး တပ်ဆင်ထားသော CCTV စောင့်ကြည့်ကင်မရာများမှတစ်ဆင့် စစ်အုပ်စုက မြေပြင် အခြေအနေကို အလွယ်တကူစောင့်ကြည့်နေနိုင်သည်။

ယခုတလောတွင် ရန်ကုန်ရှိ ဆန္ဒပြမှုများပုံမှန်ဖြစ်ပွားရာ မြေနီကုန်း၊ လှည်းတန်း၊ တာမွေ၊ အင်းစိန် အစရှိသည့် မြို့နယ်များတွင် စစ်အုပ်စုက CCTV ကင်မရာအသစ်များကို တပ်ဆင်နေသည်မှာလည်း ဆန္ဒပြပြည်သူလူထု၏ လှုပ်ရှားမှုများကို အဝေးမှ အလွယ်တကူ စောင့်ကြည့်ရန်ဖြစ်သည်။ 

ရဲများ CDM တွင် ပါ၀င်သည် ဆိုသော်လည်း လုပ်ငန်းခွင်မ၀င်တော့ဘဲ လုံခြုံသည့်နေရာတစ်ခုခုသို့ တိမ်းရှောင်နေခြင်းသာ ဖြစ်သည်။ သပိတ်စခန်းများကို သွားရောက်စီမံကူညီရန် သွားရောက်မည်မဟုတ်ပေ။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါ၀င်သူချင်းအတူတူ အရပ်ဘက်ဝန်ထမ်းများမှာ အများအားဖြင့် အိမ်တွင်နေထိုင်နေကြပြီး ရာထူးကြီးသူများ၊ ဦးဆောင်သူဟု စွပ်စွဲခံရသူတို့သာ ရှောင်တိမ်းကြရသည်။

လက်နက်ကိုင်အဖွဲ့တွင် တာဝန်ယူထားသူတို့မှာ အာဏာဖီဆန်သည်နှင့် တပ်ဖွဲ့တွင်း စည်းကမ်းများကို ချိုးဖောက်ရာရောက်ခြင်း၊ ဝန်ထမ်းအိမ်ရာမှ မိသားစုလိုက် အချိန်တိုအတွင်း ထွက်ခွာရန် ခက်ခဲခြင်း စသည့် အဟန့်အတားများရှိနေသည်။ 

ထိပ်တန်းအရာရှိများပါ၀င်သည့် ရာနှင့်ချီသော ရဲများ CDM တွင် ပါ၀င်နေပြီး အရေအတွက်မှာ လာမည့်ရက်ပိုင်းအတွင်း ထောင်ဂဏန်း ဖြစ်သွားနိုင်သည်။

လူထုဘက်သို့ ရပ်တည်လာသူများမှာ အများအားဖြင့် မြို့နယ်ရဲစခန်းများတွင် တာဝန်ကျသော ရဲများ ဖြစ်နေသည်။ ဆန္ဒပြသူတို့ကို လိုက်လံဖမ်းဆီးရိုက်နှက်ပစ်ခတ်ရန် အထူးလေ့ကျင့်ထားသော  လုံထိန်းရဲများမှာ CDM တွင် ပါ၀င်လာမှု မရှိသလောက်ပင်။

CDM တွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏အသက်ကို ဖက်နှင့်ထုတ်ကာ ထွက်ပြေးတိမ်းရှောင်နေရဖွယ်ရှိသည်၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ CDM တွင် ပါ၀င်လာရခြင်းမှာ ဆန္ဒပြသမားများထံမှ သတင်းနှိုက်ချင်၍ဖြစ်သည် ဟူသော ရေးသားမှုများသည် အစိုးရိမ်လွန်ခြင်းလည်း ဖြစ်နိုင်သကဲ့သို့  အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့် စစ်ဆင်ရေးလည်း ဖြစ်နိုင်ကြောင်း  သတိထားသင့်သည်။ 

ယခုကဲ့သို့ဝါဒဖြန့်ခြင်းအားဖြင့် ပြည်သူတို့က CDM ရဲများကို ကူညီမှုမပြုစေရန်၊ တာဝန်ဆက်လက်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင်များ CDM တွင် မပါဝင်စေရန် လှုံ့ဆော်ခြင်းသာဖြစ်သည်။ 

အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းသည့်နောက်ပိုင်း ဖမ်းဆီး၊ ပစ်သတ်၊ ရိုက်နှက်၊ အကြမ်းဖက်လုယက်မှုများကို ပြုနေသည်သာမကဘဲ ကြီးမားသော ဝါဒဖြန့်စစ်ဆင်ရေးကို ဆင်နွှဲနေသည်ကို သတိပြုသင့်သည်။

ဇန်နဝါရီ ၂၈ ရက်နေ့တွင် Myanmar Now သတင်းဌာနက နေပြည်တော်တွင် နိုင်ငံရေးမုန်တိုင်းကြီး ၇၂ နာရီအတွင်း ကျရောက်တော့မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံတော်သမ္မတပါ ဖမ်းဆီးခံရတော့မည်ဟူ၍ သတင်းရေးသားခဲ့သည်။ 

ထို ၇၂ နာရီဆိုသော သတင်းစကားမှာ ပြည်သူများကြားထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားသည်ကို အကြောင်းပြု၍ အာဏာသိမ်းပြီးနောက် ၇၂ နာရီအတွင်း ပြည်သူတို့ လမ်းပေါ် မထွက်လျှင် အာဏာသိမ်းခြင်းမှာ အလိုလိုပျက်ပြယ်မည်ဟု  ပြည်သူတို့အား  အမှန်တကယ်လမ်းပေါ်မထွက်စေရန် ဝါဒမှိုင်းဖြန့်ခဲ့သည်။ 

ယခုအချိန်တွင်လည်း ရက်ရက်စက်စက် ပစ်သတ်ခံရသော ဆန္ဒပြသမားတို့မှာ စစ်တပ်က သတ်သည်မဟုတ် ထူးဆန်းလျှို့ဝှက်သော တတိယအင်အားစုတစ်စုက ဆန္ဒပြလူလုပ်ထဲ ရော၍ တပ်မတော်ပုံရိပ်ကျရန် ဆန္ဒပြသမားတို့ကို အနီးကပ်လုပ်ကြံသတ်ဖြစ်နေသည်ဟု စစ်တပ်ချုပ်ကိုင်ထားသော သတင်းစာများက လံကြုပ်ပြု၍ ရေးသားနေကြသည်။ 

ထို့ကြောင့်  မိုးလုံးပြည့်မုသာဝါဒဖြန့်စကားများကို အထူးသတိထားသင့်ကြောင်း၊ CDM တွင်ပါ၀င်လာသော  ရဲတပ်ဖွဲ့ဝင်များကို အထင်မမှားသင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။ 

Show More

Related Articles

Back to top button