သတင်း

နောင်ချို၊ တောင်ခမ်းကို စစ်ကူဖြည့်သည့်  စစ်ကောင်စီတပ်ကို ဓနုတပ် ပိတ်ဆို့တိုက်ခိုက် 

တောင်ခမ်းတွင် လတ်တလော တိုက်ပွဲရပ်နေသော်လည်း ထိုစခန်းကို အားဖြည့်ရန် ရှမ်းပြည်နယ်တောင် ပိုင်းမှတဆင့် လာသော စစ်ကူတပ်များကို DPLA နှင့်ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်ကောင်စီတပ်ကို ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ၁၀ ရက်ကြာ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ပြောသည်။ 

နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ  ရပ်စောက်မြို့မြောက်ဘက်  ၃၈ မိုင်ကျော်အကွာ ကျောက်ဂူရွာအနီး တိုက်ပွဲများ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့သည်ဟု  DPLA ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီသည် နောင်ချိုမြို့နယ် တောင်ခမ်းရွာ အနောက်ဘက် တစ်မိုင်အကွာရှိ အခြေစိုက်စစ်စခန်းကို အင်အားဖြည့်တင်းရန် ရပ်စောက်မြို့ဘက်မှ စစ်ကူပို့ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ်ဘက်မှ စစ်ကူပို့ရန်မှလည်း  ပြင်ဦးလွင်-မိုးကုတ်လမ်း တစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က နေရာယူထားပြီး စစ်ရေးအခြေအနေ တင်းမာနေသည်။ 

ထို့ကြောင့် စစ်ကောင်စီသည် ရပ်စောက်- ကျောက်ဂူ လမ်းကြောင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

“ဒီလမ်းက တောင်ခမ်းကို စစ်ကူပို့ဖို့ တစ်ခုတည်းသောလမ်းဖြစ်တာကြောင့် ဒီလမ်းကို ကာထားခြင်းအား ဖြင့် တောင်ခမ်းကို သူတို့စစ်ကူပို့ဖို့ အခက်အခဲဖြစ်သွားတယ် ” ဟု DPLA ၏ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။ 

ကျောက်ဂူဒေသသည် နောင်ချိုမြို့နယ်နှင့် ရပ်စောက်မြို့နယ်အကြား နယ်မြေထိစပ်နေသော နေရာတွင် တည်ရှိကာ တောင်ခမ်းရွာနှင့် ၃၁ မိုင်ကျော်သာ ကွာဝေးသည်။

တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

အဆိုပါ ၁၀ ရက်တာ တိုက်ပွဲများအတွင်း DPLA နှင့် ပူးပေါင်းတပ်များသည် စစ်ကူများကို ဖြတ်တောက် တိုက်ခိုက်ရုံ သာက နယ်မြေခံတပ်များဖြစ်သည့် အမှတ် (၃၄၉) အမြောက်တပ်၊  အမှတ် (၂၉၂) ခြေလျှင်တပ်ရင်းတို့နှင့်ပါ တိုက်ပွဲများရှိခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည်   ဒရုန်း ပိုမိုအသုံးပြုလာသည်ဟု DPLA  ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“ဩဂုတ်လတုန်းကလည်း ဒီကျောက်ဂူဒေသမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်၊ အဲဒီအချိန်တုန်းက စစ်ကောင်စီ က ဒရုန်း သုံးခဲ့တာမရှိဘူး။ လေကြောင်းပစ်ကူတွေ ပေးတာကို ကြုံခဲ့ရတာပေါ့လေ၊ အခုဒီတစ်ခေါက်မှာ တော့ သူတို့ လေကြောင်းပစ်ကူလာတာ မရှိတော့ဘူး၊ ဒရုန်းကိုတော့ တော်တော် သုံးလာတယ်” ဟု သူက ပြောသည်။ 

စစ်ကောင်စီသည် “၁၀၂၇ စစ်ဆင်ရေး” အတွင်း   ဒရုန်းတိုက်ခိုက်မှုကြောင့် စခန်းများစွာ လက်လွှတ်လိုက်ရပြီးနောက်  ယခုနှစ်ဆန်းမှစ၍ ဒရုန်းအသုံးပြုမှု ပိုများလာပြီး လတ်တလော မတ္တရာတိုက်ပွဲများတွင် တိုက်ခိုက်ရေးဒရုန်း အမျိုးမျိုးသုံး လာကြောင်း MDY-PDF က ပြောထားသည်။ 

DPLA က ကျောက်ဂူဒေသတိုက်ပွဲများတွင် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အလောင်းများ၊ သိမ်းဆည်း ရမိသော လက်နက်ခဲယမ်းများကို ယမန်နေ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးသည်ဟူသော ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးသလို Myanmar Now ကလည်း ထိုအရေအတွက်ကို  သီးခြား အတည်မပြုနိုင်သေးပေ။

DPLA က ၎င်းတို့၏   ထိခိုက်ကျဆုံးမှု အခြေအနေကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ 

DPLA သည်  ၂၀၂၁  စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပထမဆုံးသော ဓနုလူမျိုး ကိုယ်စားပြုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး TNLA ထံတွင် စစ်သင်တန်းတက်ထားသည်။

ဓနုပြည်နယ်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး စသည့် ဦးတည်ချက်များဖြင့် DPLA ကို ၂၀၂၂ ခုနှစ် သြဂုတ် ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။


နောင်ချိုမြို့သိမ်းတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော DPLA သည် လက်နက်ကိုင်အဖွဲ့အများ အပြား အခြေစိုက်သော ရှမ်းပြည်နယ် တောင်ပိုင်းတွင် ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေသည်။ 

စစ်ကူလာသော တပ်များကို ဆက်လက် ဖြတ်တောက်ပိတ်ဆို့ရုံသာမက ကျောက်ဂူရွာနှင့်အနီးတဝိုက်ကို နယ်မြေ စိုးမိုးထားနိုင်ပါက ရပ်စောက်မြို့တွင် အခြေချထားသော စစ်ကောင်စီတပ်စခန်းများကို ခြိမ်းခြောက်နိုင်သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။ 

 တောင်ခမ်းရွာသည် ကျောက်ဂူ – အင်တော – ရပ်စောက်လမ်းမှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ပေါက်ဖြစ်နေသဖြင့် စစ်ရေးအရ အရေးပါသည်။ 

ထို့ကြောင့် တောင်ခမ်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဆုတ်ခွာလာသည့် ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၀၂ ၊ ခမရ ၃၀၆ ၊ ခမရ ၃၂၅ တို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ဘက်မှ လာသော စစ်ကူများဖြင့် တောင်ခမ်းအခြေစိုက် အမြောက်တပ်များ မကျစေရန် စစ်ကောင်စီက အပြင်းအထန် ခုခံ နေသည်။

တောင်ခမ်းရွာတောင်ဘက် ကျောက်ဂူနှင့် မြို့နယ်ခွဲအဆင့်ရှိ အင်တောကို စစ်ကောင်စီက ထိန်းချုပ်ထား ပြီး အင်တော၏ တောင်ဘက် ဆင်းပါက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့သို့ ရောက်ရှိမည် ဖြစ်သည်။

နောင်ချိုမြို့တောင်ဘက် တောင်ခမ်းရွာရှိ  အမြောက်တပ်ရင်းနှစ်ရင်းကို TNLA က ဩဂုတ် ၂၈ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ကျန်အမြောက်စခန်းနှစ်ခုကို ဆက်တိုက်ခိုက်နေသည်။ 

ဇူလိုင် ၁၀ ရက်တွင် နောင်ချိုမြို့ကို သိမ်းလိုက်ပြီးနောက် TNLA သည် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ တောင်ခမ်းရွာကို ဩဂုတ် ၁၀ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ ၃ လကျော်ကြာမြင့်ခဲ့သည်။ 

သို့ရာတွင်  TNLA က လူထု စစ်ဒဏ်ခံနေရမှု၊  တရုတ်ဖိအားတို့ကြောင့် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ရန်အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်လိုက်ပြီးနောက် အပစ်ရပ်ကာ တိုက်ပွဲများ ရပ်နေသည်။

သို့သော်လည်း စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကာ မန္တလေး -မိုးကုတ် ကားလမ်း ပေါ်ရှိ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာအတွင်း ယမန်နေ့ (ဒီဇင်ဘာ ၉) မွန်းတည့်ချိန်က လက်နက်ကြီးကျည် ကျကာ အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ 

ကျေးရွာရှိ   သကြားစက်ရုံဝင်းအတွင်း ၁ လုံး၊ စက်ရုံဘေးတွင်  ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား  ၂ ဦးနှင့် ဒေသခံ အမျိုးသမီး ၁ ဦး  ဒဏ်ရာရရှိကာ ကား ၂ စီး၊ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသဖြင့်  ပြည်သူလူထု အထူးဂရုပြုကြရန် TNLA က တိုက်တွန်းထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း နောင်ချိုတိုက်ပွဲတွင် တွေ့ရသော DPLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-DPLA)

Show More

Related Articles

Back to top button