သတင်း

မတ္တရာတိုက်ပွဲများတွင် စစ်တပ်၏  ဒရုန်းအမျိုးမျိုးကို MDY-PDF ရင်ဆိုင်ရ

စခန်းပေါင်းများစွာ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ဒေသအများအပြားတွင် ဒရုန်းအသုံးပြုမှု ပိုများလာသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်   ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး  ထိုးစစ်ပြန်ဆင်ရာတွင် စစ်ကောင်စီက ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။ 

မတ္တရာမြို့အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နိုဝင်ဘာ လလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် ပါဝင်လာသည်မှာ ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊  Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ ဖြစ်သည်ဟု သိရသည်။

“စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရာမှာ ဒရုန်းကို အရင်ကထက် ပိုမိုအသုံးပြုလာတယ်။ အထူးသဖြင့်တော့ ကာမီကာဇေလို့ ခေါ်တဲ့ Suicide ဒရုန်းတွေကို ပိုပြီး အသုံးပြုလာနိုင်တာမျိုးတွေ့ရတယ်”ဟု MDY-PDF ပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့တို့၏ ခံစစ်စခန်းနေရာများ၊ ဘန်ကာများ၊ ရှေ့တန်းကွပ်ကဲရေးစခန်းများ ပစ်မှတ် ဖြစ်လာသည်ဟု သိရသည်။

ကပ်လျက်တည်ရှိသည့်   ပုသိမ်ကြီးမြို့နယ် အခြေစိုက်တပ်များကလည်း  ဒရုန်းသုံးသည်ဟု  မတ္တရာ အရှေ့ခြမ်း စစ်မျက်နှာပြင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့ရဲ့ ဆူဆိုက်ဒရုန်းတွေက အကြီးကြီးတွေ၊ ဗုံးသီးကတော့ တခါတလေလည်း သေးတယ်၊ တခါ တလေဆိုလည်း အကြီးကြီးတွေပါတယ်။ နေ့စဉ်လို ဒရုန်းနဲ့လာတိုက်တယ်၊ လက်နက်ကြီးလည်းပစ်၊ ဒရုန်းလည်း လာချ၊ ခပ်စိတ်စိတ်ဖြစ်လာတယ်။ အရင်ပွဲ(တိုက်ပွဲ)တွေတုန်းက ဒရုန်းက ဒီလောက်သုံးတာ မျိုး မတွေ့ဖူးဘူး”ဟု တပ်ဖွဲ့ဝင်အမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အချိန်များတွင်လည်း  ကျေးရွာများ၊  တော်လှန်ရေးအင်အားစု၏ စခန်းများ၊  ဒရုန်းသုံးပြီး တိုက်ခိုက်နေသည်ဟု မတ္တရာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအဆိုအရ သိရသည်။

နိုဝင်ဘာ ၂၇ ရက် နံနက်တွင်   မြို့အရှေ့မြောက်ဖက် ၃ မိုင် ကျော်အကွာ လက္ကောင်းကြီးကျေးရွာ ဓမ္မာရုံ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးနှင့် အမျိုးသမီးငယ် နှစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက  ဒရုန်းစစ်ဆင်ရေးသင်တန်းရုပ်သံကို  စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများ တွင် ဖော်ပြလာရာ စာသင်ခန်းအတွင်း စစ်ယူနီဖောင်းဝတ်ထားသူ ၈၀ ခန့်၊ စစ်ရေးပြကွင်းအတွင်း ၂၀၀ ခန့်  ပါဝင်သည်ကို  တွေ့ရသည်။ 

အဆိုပါရုပ်သံတွင် ပြသထားသည်မှာ ကင်းထောက်ဒရုန်း၊ ဗုံးသီးချသည့်ဒရုန်း၊ အသေခံဒရုန်းတို့ ဖြစ်သည်။

ရုရှားနိုင်ငံထုတ် VT- 40 FPV Drone  ကဲ့သို့သော ဒရုန်းအမျိုးအစားလည်း ပါဝင်သည်။ 

ယမန်နှစ်ကုန်ပိုင်းက  ဗုံးတပ်ဒရုန်း အများအပြား အသုံးပြုသည့်  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ၏ “ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် စစ်တပ်စခန်း ရာနှင့်ချီ စွန့်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည်  ၎င်းတို့ အကြီးအကျယ် အထိနာခဲ့ရသော ဒရုန်းကို တန်ပြန်အသုံးပြုလာနိုင်ရန်  နှစ်လယ်ခန့်မှ စတင်၍ ကြိုးပမ်း လာသည်။

စစ်ကောင်စီတပ်သုံး ဒရုန်းတစ်စီး။

အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီကို လေယာဉ်ဆီ ပိတ်ပင်ရန် တောင်းဆိုလှုံ့ဆော်နေမှုများ ရှိလာချိန်တွင် ဒရုန်းကို အသုံးပြုခြင်းမှာ စစ်တပ်အတွက် များစွာ တွက်ခြေကိုက်သော ရွေးချယ်မှုလည်း ဖြစ်နေသည်။

အလားတူ လေယာဉ်ပစ်ကူတောင်းခံခြင်းထက် ဒရုန်းအသုံးပြုမှုက အမိန့်ကို မြန်မြန်ဆန်ဆန် စီးဆင်းကာ အလျင်အမြန်တိုက်ခိုက်နိုင်နေသော အားသာချက်ပါ ရှိနေသည်။ 

 ၂၀၂၁ ဒီဇင်ဘာလက ချင်းဒေသတော်လှန်ရေးအင်အားစုထံတွင် သွားရောက်ပူးပေါင်းခဲ့သော  ဗိုလ်ကြီး ကောင်းသူဝင်းက  စစ်တပ်က ဒရုန်းအသုံးပြုခြင်းသည် လေတပ်ပစ်ကူထက် ပိုမို လျင်မြန် ထိရောက်မှု ရှိသည်ဟု အောက်တိုဘာ တတိယပတ်က Myanmar Now ကို မှတ်ချက်ပေးထားသည်။

“လေတပ်က လေယာဉ်တစ်စီး ထွက်လာဖို့ထက် စောင့်ရတဲ့အချိန်လောက်လည်း မကြာဘူး၊ အမိန့် ဖြတ်သန်းစီးဆင်းပုံလည်း အဲဒီလောက် မကြာတဲ့အနေအထားမျိုးတွေဖြစ်တယ်” ဟု စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းက  ပြောသည်။

နိုင်ငံတောင်ဘက်ဆုံးဒေသ တနင်္သာရီတိုင်းတွင် စက်တင်ဘာအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့ သည်ဟု FE5 Tanintharyi အဖွဲ့ ၏ အစီရင်ခံစာတစ်ခုက ဆိုသည်။ 

ထိုဒေသအခြေစိုက် FE5 Tanintharyi အဖွဲ့၏ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံ စာတွင် စစ်ကောင်စီဒရုန်းကြောင့် အရပ်သားများ သာမက တော်လှန်ရေးအဖွဲ့ဝင်များလည်း ထိခိုက်မှုရှိခဲ့ သည်ဟု ဖော်ပြထားသည်။


ဒေသတွင်းသတင်းဖော်ပြမှုများအရ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေများ ဖြစ်သော စစ်တောင်းမြစ်တစ်လျှောက်၊ အုပ်ချုပ်ရေးနယ်မြေအရ သတ်မှတ်ထားသော တပ်မဟာများတွင် ဒရုန်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ခပ်စိတ်စိတ်ဖြစ်နေသည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်း ကလေး၊ ဘုတလင်ကန့်ဘလူမြို့နယ် နှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့တွင်  စစ်တပ် ဒရုန်းများက လူနေကျေးရွာများကို တိုက်ခိုက်ခဲ့ကြသည်။ 

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်တောင်ပိုင်း  မိုးမောက်မြို့နှင့် မြို့အနီးရှိ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းတို့ကို ပြန်သိမ်းရန် စစ်ကောင်စီက ဒရုန်းအများအပြားသုံးကာ ထိုးစစ်ဆင်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာ ဒုတိယပတ်က ပြောထားသည်။

ယခင်လဆန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ပြီးနောက် ဒရုန်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာသည်ကို တွေ့ရသည်။

အတွဲလိုက်ပစ်ဒုံးများသုံးနေ

မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးမှတလျောက်ကို ယခုနှစ် စက်တင်ဘာမှ စတင်၍  စစ်ကောင်စီက ထိုးစစ်ဆင်လျက်ရှိရာ၊ မြေပြင်စစ်ကြောင်း၊ လေကြောင်းအပြင်၊ ဧရာဝတီမြစ်ကြောင်းမှ လည်း ထိုးစစ်ဆင်လာနေသည်။

ထိုသို့ထိုးစစ်ဆင်ရာတွင် ယခင်က ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ စိန်ပြောင်းများ၊ ဟောင်ဝစ်ဇာ အမြောက်များ ကိုသာ အသုံးပြုခဲ့သော်လည်း လတ်တလောတိုက်ပွဲများတွင် အတွဲလိုက်ပစ်ဒုံး (4Tubes) ကို အသုံးပြုလာသည်ဟု ကိုအော်စမွန်က ပြောသည်။

“အနောက်ခြမ်းက ထိုးစစ်ဆင်နေတဲ့ စကစ တပ်တွေကတော့ ကုန်းကြောင်းရော၊ လေကြောင်းရော၊ မြစ်ကြောင်းကပါ ပစ်ခတ်နေတာအပြင် အခုနောက်ပိုင်းမှာ 4 Tubes တွေပါ သုံးလာတာရှိတယ်”ဟု သူက ဆိုသည်။

မတ္တရာမြို့ပေါ် အခြေစိုက်တပ်များက စစ်မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်တည်၊ တပ်လှုပ်၊ တပ်ပြောင်းရွှေ့ခြင်းများ ရှိသည့်အချိန်များ၊ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အတွဲလိုက်ပစ်ဒုံး (MLRS) များဖြင့် ပစ်ခတ်လေ့ရှိသည်ဟု သိရသည်။

ယခုနှစ် မတ်လလယ်က ရခိုင်တပ် AA သိမ်းဆည်းရမိသော  အတွဲလိုက်ပစ်ဒုံး (MLRS)တစ်ခု။ (ဓာတ်ပုံ- AA Info Desk)

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနှင့် ဒေသတွင်း ပူးပေါင်း တော်လှန်ရေးတပ်များက “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မတ္တရာမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်စခန်း ၃၂ ခု၊ လက်ရှိအချိန်တွင် မတ္တရာမြို့ကို အရှေ့၊ မြောက်နှင့် အနောက်ဘက်တို့မှ ဝိုင်းဝန်း ပိတ်ဆို့ထားနိုင် သည်ကိုတွေ့ရသည်။

မတ္တရာနယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်မှ စပြီး တန်ပြန်ထိုးစစ်ဆင်လာရာ မြို့နယ်အနောက်ခြမ်းကို ထိန်းချုပ်ခဲ့သည်။ မြို့နယ်အရှေ့ခြမ်းကိုလည်း ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေရာ ဒီဇင်ဘာ ၃ ရက်တွင် အရှေ့ခြမ်းကျေးရွာတစ်ခုဖြစ်သည့် မြို့ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြို့ကုန်းကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို MDY-PDF က တားဆီး ခုခံခဲ့ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီတပ် ပြန်ဆုတ်သွား၍ တိုက်ပွဲ ပြီးဆုံးခဲ့သည်။

“စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာပါ။ ကျွန်တော်တို့ဘက်က ထိုးတာမဟုတ်ဘူး။ တိုက်ပွဲက စစ်ကောင်စီတပ်ဆုတ်သွားတာနဲ့ ပြီးသွားပါတယ်”ဟု ကိုအော်စမွန်က ပြောသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ ရုပ်အလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button