ရှမ်းပြည်နယ်၊ နောင်ချိုမြို့တောင်ဘက် တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းနှစ်ရင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ဩဂုတ် ၂၈ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ကျန်အမြောက်စခန်းနှစ်ခုကို ဆက်လက်တိုက်ခိုက်နေသည်။
တောင်ခမ်းရွာတွင် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် ရှိပြီး အဆိုပါဌာနချုပ်လက်အောက်ခံ အမှတ် (၃၅၄) ၊ (၂၀၆) ၊ (၄၀၆) အမြောက်တပ်ရင်းများ ရှိသည်။
အဆိုပါတပ်စခန်း လေးခုအနက် အမြောက်တပ်ရင်း၂၀၆ (အမတ ၂၀၆) နှင့် ၄၀၆ (အမတ ၄၀၆) တို့ကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း TNLA က ဩဂုတ် ၂၉ ရက် ညတွင် သတင်းထုတ်ပြန်ထားသည်။
အမတ (၄၀၆) ကို ဦးစွာတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဩဂုတ် ၂၈ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် အမတ (၂၀၆) တပ်ရင်းကို သိမ်းနိုင်ခြင်းဖြစ်ကြောင်း TNLA သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် ကျန်ပြီး တောင်ခမ်းရွာတောင်ဘက် မကျီးရေရွာတွင် အမတ (၃၅၄) တပ်ရင်း ကျန်နေခြင်းဖြစ်ပြီး တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်နေကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အား စစ်ကောင်စီက Y12 လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲခဲ့သလို တောင်ခမ်းရွာနှင့် တစ်ဆက်တည်းရှိနေသည့် တောင်ရှည်ရွာကို တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်သည်။
အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကို ဗုံးကြဲသည်ကို ကြည့်ပါက ထိုစခန်းအတွင်း TNLA တပ်များ ဝင်ရောက်နေသည့်အနေအထားဖြစ်နိုင်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များကို ကိုးကား၍ သိရသည်။
TNLA ဦးဆောင်သည့် မဟာမိတ်တပ်များသည် ဇူလိုင် ၁၀ ရက်တွင် နောင်ချိုမြို့ပေါ်ကို သိမ်းပိုက်ပြီးနောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ တောင်ခမ်းရွာကို ဩဂုတ် ၁၀ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များက တောင်ခမ်းရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်ရင်းများ အပြင်းအထန်တိုက်ခိုက်ခံနေရသည်ဟု ဩဂုတ် ၂၈ ရက်တွင် ရေးသားထားကြသည်။
တောင်ခမ်းသည် ကျောက်ဂူ – အင်တော – ရပ်စောက်လမ်းမှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ပေါက်ဖြစ်နေသဖြင့် စစ်ရေးအရ အရေးပါသည်။
ထို့ကြောင့် တောင်ခမ်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဆုတ်ခွာလာသည့် ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၀၂) ၊ ခမရ (၃၀၆) ၊ ခမရ (၃၂၅) တို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ဘက်မှ ပို့လွှတ်ထားသည့် စစ်ကူများဖြင့် တောင်ခမ်းအခြေစိုက် အမြောက်တပ်များ မကျစေရန် ခုခံနေခြင်းဖြစ်သည်။
တောင်ခမ်းရွာတောင်ဘက် ကျောက်ဂူနှင့် အင်တောကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အင်တော တောင်ဘက် ဆက်ဆင်းပါက ရပ်စောက်မြို့နယ်တွင် ဗထူးတပ်မြို့သို့ ရောက်မည် ဖြစ်သည်။
တောင်ခမ်းကို TNLA နှင့် ပူးပေါင်းတပ်များရသွားပါက စစ်ကောင်စီထိန်းချုပ်ထားသည့် ကျောက်ဂူရွာ အပါအဝင် အင်တောမြို့နှင့် ရပ်စောက်မြို့နယ်တို့သည် TNLA နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုခံရရန် အလားအလာရှိသော စစ်ရေးပစ်မှတ်နေရာများ ဖြစ်လာနိုင်သည်။
“၁၀၂၇” စစ်ဆင်ရေး အပိုင်း (၂) အဖြစ် TNLA က ပူးပေါင်းတပ်များနှင့်အတူ ရှမ်း-မန္တလေးအစပ် မိုးကုတ်မြို့၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်မြို့တို့ကို ပြီးခဲ့သည့် ဇွန် ၂၅ ရက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည်။
ယခုလလယ်မှစ၍ စစ်တက္ကသိုလ်ကြီးများအခြေစိုက်ရာ မေမြို့ ခေါ် ပြင်ဦးလွင်မြို့အခြေစိုက်တပ်များကလည်း နောင်ချို တောင်ခမ်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြသဖြင့် မြို့ခံများ ထိတ်လန့်နေသလို မြို့ကို စွန့်ခွာသူများလည်း ရှိခဲ့သည်။