သတင်း

နောင်ချိုနှင့် ကျောက်မဲ အပြီးသတ်သိမ်းနိုင်ရေး TNLA စီးနင်းတိုက်ခိုက်နေ

TNLA ၏ ရှမ်းမြောက်ဒေသ တစ်ကျော့ပြန်ထိုးစစ်တွင် နောင်ချို၊ ကျောက်မဲမြို့များရှိ စခန်းများကို သိမ်းနိုင်ရန် ကြိုးစားနေသည်၊ အရပ်သားများလည်း ထိခိုက် သေဆုံးမှု ရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲမြို့တို့ကို အပြီးသတ် ထိန်းချုပ်သိမ်းပိုက်နိုင်ရေးအတွက် ယနေ့ (ဇွန် ၂၇) တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ဆက်လက်စီးနင်းတိုက်ခိုက်နေသည်ဟု သိရသည်။

နံနက် ၅ နာရီခန့်တွင် နောင်ချိုမြို့၏ လက်ကျန်တပ်စခန်းဖြစ်သည့် မြို့အနောက်ဘက် ၁ မိုင်အကွာရှိ အမှတ် (၁၁၄) ခြေမြန်တပ်ရင်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်သည်ဟု နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို နံနက် ၁၁ နာရီကျော်တွင် ပြောသည်။

“၁၁၄ ဘက်မှာ တစ်မနက်လုံး ပြင်းထန်နေတာ။ အခုတော့ အသံတွေ ငြိမ်နေပေမဲ့ လေယာဉ်က မြို့ပေါ်ကို ပတ်နေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကို ဗုံးကြဲချနေတာပေါ့” ဟု သူက ပြောသည်။

ခမရ (၁၁၄) ခုခံနေချိန်တွင် မြို့တောင်ဘက် ၂ မိုင်အကွာရှိ အမြောက်တပ်စု (၆၀၆) က လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

လက်နက်ကြီးပစ်ကူပေးနေသည့် ထို ၆၀၆ တပ်စခန်းကို စစ်ကောင်စီလေတပ်က စခန်းနေရာကို ဗုံးကြဲခဲ့ကြောင်း TNLA က ယနေ့ မွန်းတည့်ချိန်၌ ထုတ်ပြန်ထားသည်။

ခမရ (၁၁၄) ကျပါက အမြောက်တပ်စု (၆၀၆) ကို အလွယ်တကူ သိမ်းပိုက်နိုင်ပြီး ထိုစခန်း နှစ်ခုလုံး ကျသွားလျှင် နောင်ချိုမြို့ကို TNLA က အပြည့်အ၀ထိန်းချုပ်နိုင်မည်ဟု မြို့ခံများက ပြောသည်။

လက်ရှိတွင် ခမရ (၁၁၄) နှင့် မြို့တောင်ဘက် ၂၀ မိုင်ကျော်အကွာ တောင်ခမ်း အမြောက်တပ်စုတွင် စစ်ကောင်စီတပ်သားများ ကျန်ရှိနေသည်။ အမြောက်တပ်စုသည် ရပ်စောက်မြို့အသွားလမ်းပေါ်တွင် တည်ရှိသည်။

နေ့လယ်ဘက်တွင် နောင်ချိုမြို့ပေါ် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ကြောင်း၊ မြို့ခံအများစုသည် လေကြောင်းရန်ကြောင့် နီးစပ်ရာ ကျေးရွာများတွင် တိမ်းရှောင်နေကြပြီး တချို့မှာ အိမ်စောင့်အဖြစ် ကျန်ရှိနေသည်ဟု သိရသည်။

ခမရ (၁၁၄) တပ်စခန်းနှင့်ကပ်လျက်ရှိ အမှတ် (၁၁၅) ခမရတပ်ရင်းကို ယမန်နေ့တွင် သိမ်းပိုက်ခဲ့ပြီး ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်နှင့် အုမ္မတီး စသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားကြောင်း TNLA က ယမန်နေ့ ညတွင် ထုတ်ပြန်ထားသည်။

အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုစခန်းက ဇွန် ၁၈  ရက်တွင် ဒရုန်းဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့မှုကြောင့် ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းမှ ရဲဘော် ၃ ဦး သေဆုံး၊ ရဲဘော် ၄ ဦးနှင့် ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့သည်။

ကျောက်မဲမြို့ကိုလည်း ထိန်းချုပ်

ကျောက်မဲမြို့ပေါ် တောင်ဘက်ရှိ အမြောက်တပ် ၃၅၂ တပ်စခန်းနှင့် မြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို TNLA က ယမန်နေ့ ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

မြို့မြောက်ဘက် ၂ မိုင်အကွာမှ လက်ကျန်တပ်စခန်း အမှတ် (၅၀၂) ခြေမြန်တပ်ရင်းကို ယနေ့ နံနက် ၇ နာရီခန့်တွင် TNLA က စတင် တိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီကျော်တွင် ပစ်ခတ်သံများ ငြိမ်သက်နေသည်၊ TNLA က စစ်တပ်ကို လက်နက်ချရန် ကမ်းလှမ်းနေသည်ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်တွေ လက်နက်ချ အလင်းဝင်လာဖို့ကို ညှိနှိုင်းနေတယ်လို့ ကြားတယ်။ လက်နက်ချမှပဲ တိုက်ပွဲတွေ မြန်မြန်ပြီးမှာလေ။ လက်နက်ကြီးသံတွေတော့ စစ်တပ်ထဲကနေ တစ်ချက်တစ်ချက် ကြားနေဆဲပါပဲ” ဟု ထိုသူက ဆိုသည်။

အမှတ် (၅၀၂) ခြေမြန်တပ်ရင်းစခန်းနှင့် ကပ်လျက်တွင် လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ (၅၀၁)၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁) နှင့် စစ်ဘက်အင်ဂျင်နီယာတပ်တို့ ရှိနေသည်၊ ထိုတပ်စခန်းများကို သိမ်းနိုင်မှ ကျောက်မဲမြို့ကို TNLA ရရှိမည်ဖြစ်သည်။

ဇွန် ၂၇ ရက် နံနက် ၇ နာရီခန့်တွင် တွေ့ရသော ကျောက်မဲမြို့တွင်းတစ်နေရာ။ (ဓာတ်ပုံ- Thaungpaw Tharlay)

လတ်တလော ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးတချို့တွင် တအာင်းအမျိုးသားအလံများ လွှင့်ထူထားသည်ကို တွေ့ရပြီး မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ တိတ်ဆိတ်နေသည်ဟု မြို့ခံများက ဆိုသည်။

အသက် ၄၀ ခန့်အရွယ် ကျောက်မဲ ဒေသခံအမျိုးသားတစ်ဦးက TNLA အလံများ မြို့တော်ခန်းမတွင် လွှင့်ထူထားသည်ကို တွေ့ရကြောင်း ယနေ့ မွန်းတည့်ချိန်က ဆိုသည်။

“TNLA က အခု မြို့ထဲတော့ အလံထောင်လိုက်ပြီ၊ မြို့တော်ခန်းမရှေ့ ဒီနေ့မနက်ပဲ ထောင်တာပဲ။ မနေ့ကတုန်းက မြို့တော်ခန်းမထဲကို TNLA ဝင်တယ်။ အခုမနက် အလံထောင်တာပဲ။ တော်တော်များများ သိမ်းလိုက်ပြီလို့ ပြောလို့ရတယ်။ မြို့တော်ခန်းမလည်း သိမ်းပြီးပြီ၊ ငြိမ်းချမ်းရေးကုန်းလည်း သိမ်းပြီးပြီ။ ၃၅၂ အမြောက်တပ်ဘက်ကို သိမ်းတယ်။ ခရိုင်ရဲရုံးတွေဘာတွေ သိမ်းပြီးသွားပြီ။ ရဲရုံးရယ်၊ ရဲစခန်းရယ်၊ ထွေအုပ်ရယ်၊ သစ်တောရုံးရယ် အကုန်လုံးနီးပါးပဲ” ဟု ထိုသူက ပြောသည်။

“အခုက TNLA က မြို့ပတ်ပတ်လည်မှာရော မြို့ထဲထိရော တပ်စွဲထားပြီးပြီ။ မနေ့က မနက် ၁၂ နာရီလောက်ထဲက မြို့ထဲကို ရောက်နေကြပြီ၊ ကျွန်တော်တို့ ရပ်ကွက်ထဲကို TNLA က ၁၂ လောက်ကတည်းက ရောက်တာ”

ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း စသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်မဲအခြေစိုက် စကခ (၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ၎င်းတို့ထံ လက်နက် ချခဲ့သည်၊ လမ်းစရိတ်အပြည့်အဝ ထုတ်ပေးကာ ပြန်လွှတ်ပေးမည်ဟူသော TNLA စစ်ရေးချုပ်၏ ပြောဆိုမှုကိုလည်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ကျောက်မဲနှင့် နောင်ချိုမြို့တို့ တိုက်ပွဲတွင် TNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF/DPLA တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်တချို့ ပါဝင်တိုက်ခိုက်နေသည်ဟု စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့တိုက်ပွဲများအတွင်း အရပ်သားများလည်း ထိခိုက်ရကြောင်း အထက်ပါ အသက် ၄၀ အရွယ် ကျောက်မဲဒေသခံက ပြောသည်။ 

ကျောက်မဲမြို့ အမှတ် (၂) ရပ်ကွက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ 

“(သေတဲ့မိသားစုက) ကလေးတစ်ယောက်ကျန်ခဲ့တယ်။ ပြီးတော့ ကောက်ညှင်းပေါင်းရောင်းနေတဲ့ လင်မယား သေတယ်၊ ကိုယ့်အိမ်ထဲ ကိုယ်နေတာ သူတို့အိမ်ပေါ် တည့်တည့်ကျတာ။ အောင်ခြင်းရှစ်ပါး ရှစ်မျက်နှာဘုရားနားလေးမှာက ဦးကျော်ခင် ပန်းပဲဖိုမှာကျ အိမ်ဝိုင်းအလယ်တည့်တည့်ကို လက်နက်ကြီး ကျတာ လူတော့ ထိခိုက်ဒဏ်ရာမရှိဘူး”

၃ ရက်တာတိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်ရပ်ကွက်များအတွင်း ကျည်ဆန်ဒဏ်ရာများ ရှိနေသည့် အမျိုးသားရုပ်အလောင်း ၂၁ ခုကို နာရေးကူညီမှုအသင်း – ကျောက်မဲနှင့် ပူးပေါင်းကာ အေးချမ်းသာသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ) က ယနေ့ ထုတ်ပြန်သည်။

သေဆုံးသူများ မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို မသိရကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်း (ကျောက်မဲအသင်းခွဲ) မှ တာဝန်ကျသူတစ်ဦးက ဆိုသည်။

“မသယ်နိုင်လို့ အလောင်းတွေ ထပ်ကျန်သေးတယ်။ ရတဲ့အချိန် အခြေအနေအရ သင်္ဂြိုဟ်ပေးခဲ့တာ။ ရပ်ကွက် (၁) မှာ များတယ်။ (၁) ရပ်ကွက်ရယ် (၉) ရပ်ကွက်ရယ်။ ရပ်ကွက် (၂) ခုက သွားကောက်လာခဲ့တာ။ ကျွန်တော်တို့လည်း ပစ်ခတ်မှုကြားထဲမှာ ဘယ်ဘက်ကလဲဆိုတာ ကောင်းကောင်း ခွဲခြားလို့လည်း မရဘူး။  လက်နက်ကိုင်ဝတ်စုံ ဝတ်ထားတာလည်း မဟုတ်ဘူးဆိုတော့ အရပ်သားလား လက်နက်ကိုင်လားဆိုတာ ပြောဖို့ခက်တယ်။ တချို့ကျတော့လည်း ပုပ်ပွနေတယ်ဆိုတော့ မခန့်မှန်းတတ်ဘူး” ဟု သူက ပြောသည်။

“မနေ့ကတော့ (၁) ကွက်မှာ (ပစ်ခတ်မှု) ဖြစ်တယ်။ ဒီနေ့က (၈) ရပ်ကွက်မှာ ဖြစ်နေတာ။ ဒါမဲ့လည်း (တိုက်ပွဲက) တစ်မြို့လုံးနီးပါးပါပဲ။ တိုက်ပွဲက တစ်ညလုံး ချနေတာ၊ လက်နက်ကြီးသံတွေ တစ်ညလုံး ကြားနေရတယ်။ မြို့ထဲမှာ တချို့က ဘုန်းကြီးကျောင်းဓမ္မာရုံတွေမှာ လူစုပြီး နေနေကြတယ်” ဟု ထိုအသင်းမှ တာဝန်ကျသူက ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ ယနေ့ထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲသည် မြို့အနီး ရောက်ရှိလာနေကြောင်း သိရသည်။

မိုးကုတ်မြို့နယ် အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ ခလရ (၈၈) နှင့် ခလရ (၁၄၈) တပ်စခန်းတို့ကို ယနေ့ နံနက် ၈ နာရီခွဲတွင် TNLA က ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

ဇွန် ၂၅ နှင့် ၂၆ နှစ်ရက်အတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၂၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု  PSLF/TNLA ၏ သတင်းနဲ့ပြန်ကြားရေးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့ပေါ်မှ အလောင်းတချို့ကို ယမန်နေ့က ပရဟိတအသင်းများမှ ကောက်ယူနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- နမ့်ခုံးရှမ်းများ ပရဟိတအသင်း (ကျောက်မဲအသင်းခွဲ)

Show More

Related Articles

Back to top button