သတင်း

၆၀၆ ဒုံးတပ်ရင်း ကျသွားပြီးနောက် နောင်ချိုမြို့ကို TNLA နှင့် မဟာမိတ်များထိန်းချုပ်

မြို့အနီးရှိ ဒုံးတပ်ရင်းကို စစ်ကောင်စီတပ် လေကြောင်းပစ်ကူနေသည့်ကြားမှ TNLA က သိမ်းယူခဲ့ပြီးနောက် တစ်မြို့လုံးနီးပါးကို ထိန်းချုပ်လိုက်ကာ မြို့တွင်းဖောက်ထွင်းသူများနှင့် စစ်တပ်သတင်းပေးဆိုသူ လူ ၆၀ ခန့်ကို ဖမ်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဒုံးတပ်ရင်း (ဒတရ) ကို ယနေ့ (ဇူလိုင် ၁၀) နံနက်အစောတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့တစ်ခုလုံးကို တအာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က ထိန်းချုပ်လိုက်ပြီဟု သိရသည်။

မြို့တောင်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီ၏ အမှတ် (၆၀၆) ဒုံးတပ်ရင်းဌာနချုပ်ကို ယနေ့ နံနက် ၃ နာရီခန့်တွင် TNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

“ဒီမနက်အစောပိုင်း ၆၀၆ တပ်ထဲ ဘာအသံမှ မကြားရတော့ဘူး သိမ်းနိုင်သွားပြီတဲ့။ ကျွန်မတို့လည်း အဲ့ဒီသတင်းပဲ မျှော်နေတာ။ မနေ့ တစ်ညလုံး ဂျက်ဖိုက်တာနဲ့ လာပစ်နေတာ” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ နံနက်အစောအထိ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ၊ Y-12 ထောက်ပို့လေယာဉ်များဖြင့် လေကြောင်းပစ်ကူကာ အပြင်းအထန်ခုခံခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များက ထိုတပ်ရင်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု ၎င်းက ဆိုသည်။

ဇူလိုင်လဆန်းကတည်းက စီးနင်းတိုက်ခိုက်နေသည့် ထိုတပ်ရင်း ကျသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း Myanmar Now ကို အတည်ပြုသည်။

စစ်ကောင်စီတွင် ဒုံးတပ်ရင်း ၁၆ ရင်းထက်မနည်းရှိသည့်အနက် ၂ ရင်း လက်လွတ်ဆုံးရှုံးသွားပြီဖြစ်ပြီး ယခုနှစ် မတ် ၂၁ က မိုးမောက်မြို့နယ်၊ နွမ်းလန်းရွာအခြေစိုက် အမှတ် (၆၁၆) ဒုံးတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

၆၀၆ ဒုံးတပ်ရင်း ကျသွားခြင်းသည် TNLA နှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) တို့က နောင်ချိုမြို့ကို အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဟု ဆိုနိုင်သည်။

လတ်တလော နောင်ချိုမြို့ပေါ်တွင် TNLA က အုပ်ချုပ်ရေးလုပ်နိုင်ရန် ပြင်ဆင်နေပြီး မြို့တွင်း ဖောက်ထွင်းခိုးယူမှုနှင့် စစ်ကောင်စီကို သတင်းပေးမှုတို့ဖြင့် လူ ၆၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ယနေ့နံနက်တွင် မြို့ပေါ်ရှိ စျေးဆိုင်ခန်းတစ်ချို့ ဖွင့်လှစ်ထားပြီး ဟင်းသီးဟင်းရွက်ရောင်းဝယ်မှုများလည်း ရှိနေကာ မြို့နေလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်ဝင်ရောက်လာကြောင်း မြို့ပေါ်ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ဆိုသည်။

နောင်ချိုမြို့အနောက်ဘက် ၁ မိုင်အကွာရှိ အမှတ် (၁၁၄) ခြေမြန်တပ်ရင်းကို ဇွန် ၂၇ ညပိုင်းက ရရှိခဲ့ပြီး ထိုတပ်ရင်းနှင့်ကပ်လျက်ရှိ အမှတ် (၁၁၅) ခြေမြန်တပ်ရင်းကို ဇွန် ၂၆ ရက်ကတည်းက သိမ်းထားပြီးဖြစ်သည်။

TNLA သည် ဇွန်လ နောက်ဆုံးပတ်ကတည်းက နောင်ချိုမြို့နယ်အတွင်းရှိ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်း စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်နှင့် အုမ္မတီး စသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းထားသည်။

လက်ရှိတွင် နောင်ချို-ရပ်စောက်လမ်း မြို့နှင့် ၂၀ မိုင်ကျော် ကွာဝေးသည့် တောင်းခမ်းအမြောက်တပ်နှင့် နောင်ချို-ပြင်ဦးလွင်လမ်း မြို့နှင့် ၁၅ မိုင်ကျော် ကွာဝေးသည့် ဘန့်ဘွေးအခြေစိုက်တပ်စခန်းတို့တွင်သာ စစ်ကောင်စီတပ်ဖွဲ့များ ကျန်ရှိတော့သည်။

“၁၀၂၇” စစ်ဆင်ရေး အပိုင်း (၂) အဖြစ် TNLA က ပူးပေါင်းတပ်များနှင့်အတူ ရှမ်း-မန္တလေးအစပ် မိုးကုတ်မြို့၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်မြို့တို့ကို ပြီးခဲ့သည့် ဇွန် ၂၅ ကတည်းက ထိုးစစ်ဆင်ခဲ့သည်။

စစ်ဆင်ရေး ရက်သတ္တပတ် နှစ်ပတ်အတွင်း မိုးကုတ်မြို့ အနောက်ခြမ်းနှင့် နောင်ချိုတစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

မဟာမိတ် MDY-PDF ကလည်း မန္တလေးမြောက်ဘက် မတ္တရာနှင့် စဉ့်ကူးနယ်များတွင် ရှမ်း-မန်းစစ်ဆင်ရေး တစ်ပြိုင်နက် ပြုလုပ်နေရာ စစ်ကောင်စီစခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

နောင်ချိုမြို့အနီးရှိ ကျောက်မဲမြို့က နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် မြို့မြောက်ဘက် ၂ မိုင်အကွာက အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေလျင်တပ်ရင်း အမှတ် (၅၀၁၊ ၅၀၂ ) တို့ကိုလည်း TNLA က ပိတ်ဆို့ထားသည်။

စစ်ကောင်စီတပ်၏ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး (ကကဒုံး) ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကကဒုံးလက်အောက်တွင် ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခုရှိသည်။

အမှတ် (၁) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင်၊ အမှတ် (၂) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့တွင် အခြေစိုက်ထားသည်။

စစ်ကောင်စီတပ်က MLRS ခေါ် အတွဲလိုက်ပစ်ဒုံးစနစ် (Multiple Launch Rocket System) များကို တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့ထံမှ ဝယ်ယူအသုံးပြုသည်။

Show More

Related Articles

Back to top button