သတင်း

ဖမ်းဆီးခံထားရသည့် စစ်ဗိုလ်ချုပ်ဟောင်းများ ရဲဘက်စခန်းတွင်ဇိမ်ကျနေ

‘အလုပ်စခန်း’ဟုခေတ်အဆက်ဆက်အမည်တပ်ထားသည့် ရဲဘက်အကျဉ်းစခန်းများသည် နိုင်ငံရေး အကျဉ်းသားများ၊ ပြစ်ဒဏ်ကျအကျဉ်းသားများအတွက် လူ့ငရဲတစ်ခုဖြစ်သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမျက်ဒဏ်သင့်ခံရသည့် စစ်ဗိုလ်ချုပ်ဟောင်းများအတွက်ကတော့ လောကနိဗ္ဗာန် ဖြစ်နေခဲ့သည်။

အာဏာရှင်မင်းအောင်လှိုင်သည် သူ၏အမိန့်ဖြင့် ဖမ်းဆီးခံထားရသည့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း  ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်တို့သည် နေပြည်တော် တပ်ကုန်းမြို. ကင်းသာ(၁) နှင့် (၂) ရဲဘက်စခန်းများတွင်ထားရှိပြီး အထူးအခွင့်အရေးများပေးထားသည်။ 

ထိုအကျဥ်းစခန်းများသည် အကျဥ်းသားရာနှင့်ချီအသုံးပြုသော ရဲဘက် ကျောက်ထုတ်စခန်းများဖြစ်သည်။ 

စစ်ဗိုလ်ပြုတ်များသည် အခြားသောအကျဉ်းသားများကဲ့သို့ ရဲဘက်စခန်းတွင် အလုပ်ကြမ်းမလုပ်ရဘဲ ကိုယ်ပိုင်စံအိမ်များ ရဲဘက်စခန်းတွင်ဆောက်ကာ ဇိမ်ခံအသုံးအဆောင်များဖြင့် မိသားစုနှင့်အတူ နေထိုင်ခွင့် ရရှိနေကြောင်း ထိုအခြေအနေကို သိရှိသည့် စစ်တပ်အရာရှိဟောင်းတစ်ဦးနှင့် စစ်ကောင်စီနှင့်နီးစပ်သည့် နောက်ထပ်သတင်းရင်းမြစ်များက အတည်ပြုသည်။     

ကင်းသာရဲဘက်စခန်းများသည် နေပြည်တော်၊တပ်ကုန်းမြို့အနီး နေပြည်တော်-ပင်လောင်းလမ်းခွဲ ကင်းသာကျေးရွာအနီးတွင်တည်ရှိပြီး နေပြည်တော်စစ်ရုံးချုပ်နှင့်လည်း အနီးကပ်ဆုံးရဲဘက်စခန်း ဖြစ်သည်။

ကောင်းကင်ဓာတ်ပုံမှတစ်ဆင့်မြင်ရသည့် ကင်းသာရဲဘက်စခန်း

“အပြင်ကကြည့်ရင် (ရဲဘက်စခန်းထဲဆောက်ထားတာက) ခပ်စုတ်စုတ် အဆောက်အဦးတွေဖြစ်ပေမယ့် အတွင်းထဲမှာတော့ အဲကွန်းတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ စားကောင်းသောက်ဖွယ်တွေ၊ မိသားစုတွေ ဧည့်သည်တွေနဲ့ ဇိမ်ကျကျ နေနေကြတယ်” ဟု ထိုအခြေအနေကို သိရှိသည့် စစ်တပ်အရာရှိဟောင်း တစ်ဦးကပြောသည်။ 


ကုန်ထုတ်စခန်းဟု ခေတ်အဆက်ဆက် အမည်ပေးထားသည့် ရဲဘက်စခန်း ၄၈ ခုအထိ မြန်မာနိုင်ငံတွင် ရှိပြီး အကျဉ်းသားများကို ကျောက်တုံးများ ထုခွဲခိုင်းခြင်း အပါအဝင် အလုပ်ကြမ်းများစေခိုင်းသည်။ ၁၉၇၈ မှ၂ဝ၁၄ အတွင်း အကျဉ်းသား ၅,ဝဝဝ ကျော်သည် ရဲဘက်စခန်းများတွင် သေဆုံးခဲ့သည်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီးက ထုတ်ပြန်ခဲ့ကြောင်း ၂၀၁၈ မေလအတွင်းက ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာတွင် ပါရှိသည်။  

မန္တလေး ထုံးဘိုရဲဘက်စခန်းက အကျဉ်းသားများကို ၂၀၂၂ခုနှစ်အတွင်းက တွေ့ရပုံ(ဓာတ်ပုံ- Myanmar Now)

ထိုကဲ့သို့ခက်ခဲကြမ်းတမ်းသည့် ကင်းသာ(၁) ရဲဘက်စခန်းသို့  စစ်ကောင်စီ၏ကာကွယ်ရေးဒုဝန်ကြီး  ဗိုလ်ချုပ်အောင်လင်းထွန်းသည် လွန်ခဲ့သည့်လေးလခန့်က  အကျဉ်းသားတစ်ယောက်အဖြစ် ရောက်လာခဲ့သည်ဟု Myanmar Now ၏ သတင်းအရင်းအမြစ်ကဆိုသည်။ 

တပ်မမှူး၊ ဒုစစ်ထောက်ချုပ်နှင့် နောက်ဆုံး ကာကွယ်ရေးဒုဝန်ကြီးအဖြစ် စစ်တပ်၏ထိပ်သီးရာထူးများ ရရှိခဲ့သူ စစ်တက္ကသိုလ်အပတ်စဉ်(၃၃) ဆင်း ဗိုလ်ချုပ်အောင်လင်းထွန်းသည် ယခုနှစ် မတ်လအတွင်း ဖမ်းဆီး၊ စစ်ဆေးခံရပြီး နေပြည်တော်စစ်တရားရုံးတစ်ခုက ၎င်းကို ထောင်ဒဏ် ၁၀နှစ်ကျော် ချမှတ်ထားကြောင်း သိရသည်။  စစ်ကောင်စီကဝန်မခံခဲ့သော်လည်း သူသည် ကျားဖြန့်(ခေါ်) အွန်လိုင်းငွေလိမ်းဂိုဏ်းများနှင့် ဆက်စပ်ခဲ့သူဟု တရုတ်အစိုးရက သတင်းပေးခဲ့ပြီးနောက် ဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း Myanmar Now ၏သတင်းအရင်းအမြစ်တို့ကဆိုသည်။ 

စစ်ကောင်စီကာကွယ်ရေး ဒုဝန်ကြီးဟောင်းအတွက် ထိုရဲဘက်စခန်းအတွင်း တစ်ထပ်အိမ်တစ်လုံး ဆောက်ပေးထားပြီး မိသားစုနှင့်အတူ နေထိုင်ခွင့်ရသည်ဟု  Myanmar Now ၏ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးကဆိုသည်။ 

 “သူစားချင်၊ သောက်ချင်တာတွေလည်း အချိန်မရွေး လာပို့ခိုင်းလို့ရတယ်၊ အေးဆေးပဲ” ဟု ကင်းသာ(၁) ရဲဘက်စခန်းမှ သတင်းရင်းမြစ်က ပြောသည်။

ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်လင်းထွန်း (ဓာတ်ပုံ- စစ်ကောင်စီ) 

ဗိုလ်ချုပ်အောင်လင်းထွန်း၏ ထောင်နီးနားချင်းအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည်လည်း ထိုရဲဘက်စခန်းတွင်ရှိနေသည်ဟု အဆိုပါသတင်းအရင်းအမြစ်ကဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် အာဏာသိမ်းပြီးနောက် ဖယ်ရှားဖမ်းဆီးခံခဲ့ရသည့် စစ်ဗိုလ်ချုပ်များအနက် အဆင့်အမြင့်ဆုံးစစ်ဗိုလ်ချုပ်ဖြစ်သည်။ သူသည်စစ်ကောင်စီ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး စစ်ခေါင်းဆောင်၏ အယုံကြည်ရဆုံး တပည့်တစ်ဦးဖြစ်သည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ စသည့်ရာထူးများဖြင့် စစ်ကောင်စီ၏ စီးပွားရေးစီမံကိန်းများကို မောင်းနှင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်ကောင်စီက လာဘ်စားမှုများဖြင့် ပြီးခဲ့သည့်နှစ်အတွင်းကဖမ်းဆီးခဲ့သည်။ ထို့နောက် ၂၀၂၃ အောက်တိုဘာတွင် စစ်တရားရုံးတင်ကာ ထောင်ဒဏ်နှစ်(၂၀)နှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ကြောင်း ကြေညာခဲ့သည်။

အဂတိမှုဖြင့် ဖမ်းဆီး၊ ထောင်ချခံရသူ နောက်ထပ် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်ကိုလည်း စစ်ကောင်စီက ထောင်(၁၀)နှစ်ချပြီး ကင်းသာရဲဘက်စခန်းသို့ ပို့ထားကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် နေပြည်တော်မှ အရပ်ဘက် သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။ 

“ကင်းသာကုန်ထုတ်စခန်း ၁ နဲ့ ၂ မှာ အရပ်ဘက်ပြောင်းခံရပြီး ပြစ်ဒဏ်ချခံရတဲ့ စစ်ဗိုလ်ချုပ်တွေလည်း ထားတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ 

အကျဉ်းထောင်အသီးသီးတွင် ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်းသားများ ဆင်းရဲချို့တဲ့စွာဖြင့် ဖြတ်သန်းနေရချိန်တွင် မလွဲမရှောင်သာ ထောင်ချလိုက်ရသည့် စစ်ဗိုလ်ချုပ်များကို စစ်ခေါင်းဆောင်က အထူးအခွင့်အရေးများ တမင်ဖန်တီးပေးထားခြင်းဖြစ်မည်ဟု ယူဆနေကြသည်။  

“အတွင်းသိအချင်းချင်းဆိုတော့ မလွှဲမရှောင်သာ လုပ်(အရေးယူ)ရသည့်တိုင် ဖော်မှာကြောက်လို့ အခုလိုစီစဥ်ပေးပုံရပါတယ်။ သူ(မင်းအောင်လှိုင်)မသိဘဲ ရဲဘက်ပို့တာ၊ ထောင်ထဲမှာ အထူးအခွင့်အရေးပေးတာ လုပ်မရဘူး” ဟု စစ်တပ်အရာရှိဟောင်းက ဆိုသည်။

 အကျဉ်းထောင်များတွင် ထောင်ကျနေသည့် ရာထူး၊ ငွေကြေးပြည့်စုံသူတို့သည် ရဲဘက်စခန်းများတွင် အလုပ်မလုပ်ရဘဲ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရစေရန် အာဏာပိုင်များကို ငွေပုံအောပြီး လာဘ်ထိုးလေ့ ရှိကြသည်။ ငွေလမ်းခင်းပြီး သွားနေကြသည့် ရဲဘက်စခန်းများကို ထောင်လောကတွင် ‘ဘောက်ချာစခန်း’ ဟု သတ်မှတ်ထားကြသည်။ 

 ရဲဘက်စခန်းများ၏ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်ကြမ်းခိုင်းစေမှုများ အကြောင်းကို Myanmar Now က စုံစမ်း၊ ဖော်ထုတ် ရေးသားခဲ့ပြီး ဖြစ်သည်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး၊ ထောင်ချခံ စစ်ဗိုလ်ချုပ်များမှာ ထောင်အာဏာပိုင်များကို လာဘ်ထိုးစရာမလိုဘဲ ရဲဘက်စခန်းများတွင် နေအိမ်သဖွယ် ဇိမ်ခံနေနိုင်ခွင့် ရရှိနေကြသည်။ 

“ဒါက အာဏာရှင်တွေ လုပ်လေ့၊ လုပ်ထရှိတဲ့ ကိစ္စတွေပဲ။ ဒါလည်း သူတို့အချင်းချင်း အကာအကွယ်ပေးတာပေါ့ဗျာ။ အကြောင်းအမျိုးမျိုးကြောင့်သာ သူတို့အချင်းချင်း အဝေမတည့်တဲ့အခါမှာ ခနထိန်းထားလိုက်တာပေါ့” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ပြောခွင့်ရသူတစ်ဦးလည်းဖြစ်၊ ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအောင်မျိုးကျော်က မှတ်ချက်ပြုသည်။

တရုတ်ဖိအားနှင့် ကြီးမားသော ငွေကြေးနှင့်အာဏာ အလွဲသုံးစားမှုများကြောင့် လက်ရှိ ဖမ်းဆီး၊ ထောင်ချခံထားရသည့် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့တစ်သက်သာမက ၎င်းတို့၏မျိုးဆက်များအထိ သုံးမကုန်နိုင်အောင် ငွေကြေးချမ်းသာသွားကြပြီဟု စစ်တပ်ထဲတွင် လုပ်သက် နှစ်၂၀ခန့်ရှိ CDM တပ်အရာရှိတစ်ဦးက ဆိုသည်။ 

“ရဲဘက်စခန်းပို့မယ်ဆိုရင် ဗိုလ်ချုပ်အဆင့်ဆိုရင်တော့ ဘာမှတွေးမနေနဲ့။ ထောင်ကျတယ်ဆိုတာ နာမည်ခံ၊ ရုပ်ပြပဲ လုပ်လိုက်တာဗျ။ အထဲမှာ မင်းသားလိုပဲ နေရမှာ။ သူတို့အနေနဲ့ ခေါင်းတောင်အေးသေးတယ်လို့ ဖြစ်ဦးမှာ။ စစ်တပ်ထဲမှာဆိုရင် ခေါင်းရှုပ်တယ်ပေါ့။ ခုဆိုရင် အေးအေးဆေးဆေးနဲ့ အနားယူရတဲ့သဘောမျိုးပဲ” ဟု အာဏာသိမ်းပြီး လပိုင်းအကြာတွင် အာဏာဖီဆန်ခဲ့သူ ဗိုလ်ကြီးဇင်ယော်က ပြောလိုက်သည်။ 

Show More

Related Articles

Back to top button