သတင်း

သံပုံးတီးချိန်တွင် နေပြည်တော်ဝန်ထမ်းရပ်ကွက်မှ ၆ဦးကို ဝင်ဖမ်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် သံပုံးတီးနေသော နေပြည်တော်ရှိ ဝန်ထမ်းများနေထိုင်ရာ ရပ်ကွက်တစ်ခုသို့ ယမန်နေ့ည ၈နာရီ၊ ၁၀မိနစ်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အသံဗုံးများ၊ သေနတ်များ ပစ်ဖောက်ပြီးနောက် အနည်းဆုံး လူ ၆ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက Myanmar Now ကို အတည်ပြုပြောကြားသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ လှထိပ်ခေါင်(၁)လမ်းအတွင်းသို့ အချုပ်ကားအပါအဝင် ကား ၁၀စီးခန့် ရောက်ရှိလာပြီး ဖမ်းသွားကြောင်း၊ ဆိုင်ကယ် အစီး ၂၀ ခန့်ကိုလည်း ကရိန်းဖြင့် မတင်၍ ယူဆောင်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“သေနတ်တွေချိန်ထားပြီးတော့ကို ‘တက်ဖမ်းကွာ၊ တက်ဖမ်းကွာ’ ဆိုပြီးဖမ်းခိုင်းတာ။ ရှေ့မှာဆိုလည်း ဆိုင်ကယ်တွေဆို အများကြီးပဲ၊ ကရိန်းကားနဲ့ကို ဆွဲတင်သွားတာ တွေ့ရတယ်။ လူတွေကိုတော့ အချုပ်ကားထဲ ထည့်သွားတယ်” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သည့် ကိုစိုးအောင်က ပြောပြသည်။

ဖမ်းဆီးခံရသူများတွင် ဝန်ထမ်း ၄ဦးပါဝင်ပြီး သတ္တုတွင်းဦးစီးဌာနမှ ၁ဦး၊ ယဉ်ကျေးမှုဦးစီးဌာနမှ ၁ဦးနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ၂ဦးဖြစ်သည်ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူများက ယနေ့နံနက်ပိုင်းတွင် အတည်ပြုသည်။

ဖမ်းဆီးခံရသည့် ကျန်နှစ်ဦးမှာ အဆိုပါလမ်းတွင် ဖွင့်လှစ်ထားသည့် ‘သားထူး’ စားသောက်ဆိုင်ပိုင်ရှင်နှင့် ‘မင်းခန့်’ စားသောက်ဆိုင်ပိုင်ရှင်တို့ဖြစ်ကြပြီး ၎င်းတို့ကို လက်ထိတ်ခတ်ပြီး ဖမ်းသွားသလို ဆိုင်အတွင်းရှိ ယမကာများကိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ယူဆောင်သွားသည်ဟု ‘သားထူး’ စားသောက်ဆိုင်မှ တာဝန်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘီယာပုလင်း၊ အရက်ပုလင်းတွေအပြင် ဟိုဘက်ဆိုင်ကဆို ဖန်ခွက်တွေပါ ယူသွားတာ။ ညီမတို့ဆိုင်က ခြင်းတောင်းနဲ့ပဲ ထည့်သွားတာ” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးမှု၊ အစားအသောက် ယူဆောင်သွားမှုတို့နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ည ၈နာရီကျော်တွင်လည်း နေပြည်တော်၊ သပြေကုန်းရပ်ကွက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကားဖြင့်လှည့်လည်ပြီး သေနတ် ၃ချက် ပစ်ဖောက်ခဲ့သေးသည်။

ဖေဖော်ဝါရီ ၁ ရက်မှ စတင်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် နေပြည်တော်၌ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းကို ကျည်ထိမှန်ကာ သေဆုံးရသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့သလို တစ်ရက်တည်း ဆန္ဒပြသူ ရာနှင့်ချီ ဖမ်းဆီးသည်အထိ စစ်ကောင်စီက ကြမ်းတမ်းစွာကိုင်တွယ်နေသည်။

Show More

Related Articles

Back to top button