ဆောင်းပါး

အရှိန်မရသေးသော တရားဥပဒေစိုးမိုးရေး

ရန်ကုန် – ယနေ့ခေတ် အသံ အနည်းငယ် ကျယ်လာသည့် အကြောင်းအရာတစ်ခုက တရားဥပဒေစိုးမိုးရေး ဖြစ်သည်။

အာဏာရှင်ခေတ်မှ ဒီမိုကရေစီသို့ အသွင်ပြောင်းနေချိန်ဖြစ်သောကြောင့် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ပိုမို ပြောဆို၊ ရေးသားလာကြသော်လည်း တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုက နှေးကွေးနေသေးသည်။ သိသာသော ဖြစ်ထွန်းမှုမှာ ယခင်ထက်ပိုပြီး   ပြောဆို၊ ရေးသားနိုင်ခြင်းဟု ဆိုရမည် ဖြစ်သည်။   

လူထုကို အကာအကွယ်ပေးမည့် တရားဥပဒေသည် အုပ်ချုပ်ရေး အာဏာပိုင်တို့၏ လက်ကိုင်တုတ်ဖြစ်သည်ဟု ပြည်သူအများစု မြင်နေဆဲဖြစ်ကြောင်း မြန်မာပြည် မျက်မှောက်ရေးရာတို့နှင့် မျက်ခြည်မပြတ်သည့် ကဗျာဆရာ မိုးလှိုင်ညက သုံးသပ်သည်။

“ဒီလိုအမြင်တွေကို ပြောင်းလဲပစ်ဖို့ ဆိုရင် အုပ်ချုပ်ရေးအာဏာဟာ တရားစီရင်ရေး အာဏာကို မလွှမ်းမိုးဖို့ လိုတယ်၊ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ အုပ်ချုပ်ရေး ရင်ငွေ့လှုံတဲ့ ဘဝက ခွဲထွက်လာဖို့ လိုတယ်” ဟု ကိုမိုးလှိုင်ညက ပြောသည်။

မြန်မာပြည်တွင် ဥပဒေက နှစ်မျိုးသာ ရှိသည်၊  လိုရင် တစ်မျိုး၊ မလိုရင် တစ်မျိုး ဟူသော ဥပဒေဖြစ်သည်ဟု အရွှန်းဖောက်စရာ ဖြစ်နေကြောင်း ကိုမိုးလှိုင်ညက ပြောသည်။

 “တရားဥပဒေစိုးမိုးမှု ရှိဖို့က အစိုးရကိုယ်တိုင်ဟာ တရားဥပဒေကို လိုက်နာဖို့ လိုတယ်၊ အုပ်ချုပ်သူက တရားဥပဒေအောက် မဝင်ရင် ဘယ်သူမှလည်း ဝင်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်အတွင်း ရောက်ရှိပြီး  တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရသည်။ ထိုသို့ ခန့်အပ်ခံရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့ကြောင်း ရှေ့နေ ဦးအောင်ထူးက သူ၏ ဆောင်းပါးတစ်ပုဒ်တွင် ဝေဖန် ရေးသားထားသည်။

“လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဖက် ခရိုနီကြီးများ ဆက်လက်ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတစ်ခု၊ ဟောတစ်ခု ပြဋ္ဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်” ဟု သူက   ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သည်။

လွှတ်တော်တွင်းရောက် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ပို၍ ဦးစားပေးဆောင်ရွက်လျက် ရှိသည်။

မြန်မာပြည်တွင် အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်တွင်းရောက် လူထုကိုယ်စားလှယ်များ၏ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်ချက်များ ရှိသော်လည်း သိသာထင်ရှားသည့် ပြောင်းလဲမှုကို မတွေ့ရသေးပေ။

မကြာသေးခင်နှစ်များအတွင်း ပြစ်မှုကျူးလွန်သူတချို့ကို  တရားမစီရင်နိုင်သေးခြင်း၊ အထိန်းသိမ်းခံရသည့် ရာဇဝတ်သားများကို ပြန်လည် ပြုပြင်နိုင်ခြင်းမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးခြင်းတို့ကလည်း    တရားဥပဒေစိုးမိုးရေးကို မည်မျှအထိ အဟန့်အတား ဖြစ်နေသလဲ ဆိုသည်ကို  မေးခွန်းထုတ်သင့်သည်။  မျိုးစောင့်ဥပဒေ ၄ မျိုး ပေါ်ပေါက်ရေးအတွက် ပြည်သူများထဲမှ အစိတ်အပိုင်း တချို့က အားတက်သရော ကြိုးပမ်းခဲ့ကြသော်လည်း တစ်နိုင်ငံလုံး တရားဥပဒေစိုးမိုးရေးအတွက် အများပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ယခုနောက်ပိုင်း နိုင်ငံတကာတွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်လာလျှင် ဥရောပကောင်စီ၏ ဗင်းနစ်ကော်မရှင်က ၂ဝ၁၁ ခုနှစ်တွင် ထုတ်ပြန်သော Report on Rule of Law အစီရင်ခံစာကို အလေးထားလာကြောင်း ဥပဒေ ပညာရှင်များထံမှ သိရသည်။

ထိုအစီရင်ခံစာတွင် တရားဥပဒေစိုးမိုးမှုအတွက် အဓိက လိုအပ်သည့် အချက် ၆ ချက်ကို ထည့်သွင်း ရေးသားထားသည်။

၎င်းတို့မှာ
၁။  တရားဥပဒေနှင့်ညီညွတ်ခြင်း၊
၂။ တရားဥပဒေဆိုင်ရာ တိကျသေချာမှုရှိခြင်း၊
၃။ အဂတိတရားကင်းခြင်း၊
၄။ လွတ်လပ်၍ ခွဲခြားမှုကင်းသော တရားရုံးများ၏ တရားစီရင်မှုကို ရပိုင်ခွင့်ရှိခြင်း၊
၅။ လူ့အခွင့်အရေးအား လေးစားလိုက်နာခြင်း၊
၆။ ခွဲခြားဆက်ဆံမှုကင်းပြီး ဥပဒေအရ တန်းတူညီမှုရှိခြင်းတို့ ဖြစ်သည်။

ထိုအချက်များအနက် ၅ ချက်မြောက် ဖြစ်သော လူ့အခွင့်အရေးအား လေးစားလိုက်နာခြင်း ရှိစေရန် ဥပဒေများ ရေးဆွဲစဉ် အခါကတည်းက လွှတ်တော်တွင်း စိစစ်မှုများ ပြုလုပ်လာကြသည်ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း တည်ထောင်သူ တစ်ဦးဖြစ်သည့်   ဦးမြတ်ကိုကိုက ဆိုသည်။

“အင်္ဂလန်မှာဆို လွှတ်တော်ထဲမှာ လူ့အခွင့်အရေးကော်မတီဆိုတာ သက်သက်ရှိတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှာစိုးလို့ ဥပဒေကြမ်းတိုင်းကို a, an, the က အစ စစ်ရတယ်” ဟု ဦးမြတ်ကိုကိုက ပြောသည်။

မြန်မာပြည်မှ လက်ရှိလွှတ်တော်တို့ အနေဖြင့် ထိုကဲ့သို့ အမြင်မျိုး ရှိနေမည် ဆိုလျှင် မကြာသေးမီက ထွက်ပေါ်လာခဲ့သော မျိုးစောင့်ဥပဒေနှစ်ရပ်အား လွှတ်တော်က အတည်ပြုရန် အကြောင်းမရှိဟု သူက ထပ်လောင်း ပြောကြားသည်။

ဒီမိုကရေစီဖော်ဆောင်မှု သက်တမ်း ၄ နှစ် ကျော်လာသော မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်များ အရှိန်မရသေးဟု ဆိုရမည် ဖြစ်သည်။

Show More

Related Articles

Back to top button