အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဥပဒေစိုးမိုးရေးအခြေအနေ သမ္မတရုံးပင် စိုးရိမ်နေရ

ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးမှာ အစိုးရတာဝန်မှန်သော်လည်း လက်ရှိအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ လုံခြုံရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုပေါ် မူတည်နေသဖြင့် လစ်ဟာချက်၊ ကွက်လပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇန်နဝါရီ ၈) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

“တရားဥပဒေစိုးမိုးရေး ဘယ်လောက်ပဲ အော်နေအော်နေ တကယ်လက်တွေ့မှာ ဒါကိုလုပ်ရတဲ့ Law Enforcement Agencies (ရဲတပ်ဖွဲ့ကဲ့သို့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း) တွေက သေသေချာချာ လုပ်ဖို့လိုတယ်။ တကယ်လည်း ပြုပြင်ပြောင်းလဲဖို့လိုတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

နာမည်ကြီးတရားခံပြေးများကို ကာလရှည်ကြာစွာ ဖမ်းဆီးရမိခြင်းမရှိဘဲ ၎င်းတို့ကိုယ်တိုင် အများပြည်သူရှေ့ ထွက်ပေါ်လာကာ မီဒီယာများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုများ အချိန်ကိုက်ပြုလုပ်၍ အဖမ်းခံသည့်အခါမှသာ အရေးယူနိုင်သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အစိုးရ၏ တရားဥပဒေစိုးမိုးရေး ကိုင်တွယ်ထိန်းကျောင်းနိုင်မှုအခြေအနေအပေါ် Myanmar Now က မေးမြန်းခဲ့ခြင်းဖြစ်သည်။ 

“အဲဒီကနေ ဆက်စပ်ပြီးတော့ လုံခြုံရေးအရ အများပြည်သူ အသက်အိုးအိမ် လုံခြုံရေးပေါ့နော်။ အဲ့ဒီအတွက် လစ်ဟာချက်တွေ၊ ကွက်လပ်တွေဖြစ်လာမှာ ကျွန်တော်တို့ စိုးတယ်” ဟုလည်း ဦးဇော်ဌေးက ထည့်သွင်းဖြေကြားခဲ့သည်။

အုပ်ချုပ်ရေးကို အစိုးရက ဦးဆောင်ရသည်ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အချို့အရ အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများထံ မေးမြန်းစုံစမ်းခြင်းသာ ပြုလုပ်နိုင်ခြင်းသည် လက်တွေ့အခြေအနေမှန်ပင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“မေးတော့ တင်ပြတယ်။ ဒါတွေကို ထပ်ပြီး ရှာဖွေဖော်ထုတ်နေပါတယ် ဒီလိုပဲ လာတာပေါ့” ဟု တရားခံပြေးများလွတ်မြောက်နေခြင်းနှင့် ပတ်သက်၍ ဦးဇော်ဌေးက ပြောသည်။

လက်ရှိအခြေခံဥပဒေအရ ရဲတပ်ဖွဲ့၏ မိခင်ဝန်ကြီးဌာန ပြည်ထဲရေးအပါအဝင် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်အရာရှိကြီးများက ဦးဆောင်စီမံခန့်ခွဲသည်။

ရဲတပ်ဖွဲ့က မဖမ်းဆီးနိုင်ဘဲ တစ်နှစ်ကျော်ကြာ ဝရမ်းပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၎င်းတို့ကိုယ်တိုင် လူသိရှင်ကြား လာရောက်အဖမ်းခံခဲ့သူများအနက် ဦးဝီရသူနှင့် ဦးလှဆွေတို့မှာ ထင်ရှားသည်။ 

ထို့အတူ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ထိပ်တန်းဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကဲ့သို့ လူမြင်ကွင်းတွင် လုပ်ကြံခဲ့မှုတွင် အဓိကကြိုးကိုင်သူအဖြစ် အစိုးရက အလိုရှိနေသူ အောင်ဝင်းခိုင်ကိုလည်း လေးနှစ်ခန့် ကြာသည်အထိ ရဲတပ်ဖွဲ့က မဖမ်းဆီးနိုင်သေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button