သတင်း

တပ်ထောက်ခံသူများ လုယက်ရိုက်နှက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး အမှုဖွင့်

ရန်ကုန်မြို့၊ ဆူးလေအနီး မီးပွိုင့်တွင် ကားရပ်ထားစဉ် တပ်ထောက်ခံသူများက ရိုက်နှက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ် လုယက်ခံရသူ ယာဉ်မောင်းက ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ယနေ့ အမှုဖွင့်လိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ကိုကျော်ဇေလင်း မောင်းနှင်သော Hijet ယာဉ်သည် ယနေ့ ဖေဖော်ဝါရီ ၂၅ တွင် အလံပြဘုရားလမ်းဘက်မှ ဆူးလေဘက်သို့ သွားရောက်ရာ မီးပွိုင့် မိနေစဉ် တပ်ထောက်ခံသူ လူအုပ်စု ရောက်ရှိလာပြီး ကားကို ဖျက်ဆီးရိုက်နှက်၊ ပစ္စည်း လုယူသွားခဲ့ခြင်း ဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။ 

“ကျွန်တော့်ကိုကျတော့ ဟိုဘက်ကနေဆွဲ၊ ဒီဘက်ကနေဆွဲ၊ ဝိုင်းထိုးတဲ့ကောင်က ထိုး၊ ကန်တဲ့ကောင်က ကန်။ ရင်ဘတ်ကို ထိတယ်၊ ဖြစ်တဲ့အချိန်မှာ မှန်ပိတ်ချိန်လည်း မရှိဘူး၊ ဖုန်းရော၊ ပိုက်ဆံအိတ်ရောကို ဆွဲလုသွားတာ” ဟု ကိုကျော်ဇေလင်းက ပြောသည်။

အဆိုပါကားကို ရန်ကုန်မြို့တွင်း ကုန်ပစ္စည်းများ လှည့်လည်ပို့ရန် မိတ်ဆွေတစ်ဦးထံမှ ငှားရမ်းအသုံးပြုနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ ကားကွေ့ရန် စောင့်ဆိုင်းနေစဉ် တပ်ထောက်ခံသူလူအုပ်က ဆူးလေဘက်မှ ရောက်ရှိလာကြောင်း၊ ၎င်းကာအရှေ့မှ အဖြူရောင် ဆလွန်းကားအတွင်းမှ အမျိုးသမီးတစ်ဦးက ထိုလူအုပ်ကို မြင်သည်နှင့် ကားကိုယ်ထည်အား ရေသန့်ဘူးနှင့်ထု၍ ၎င်းတို့အား ထောက်ခံခြင်းမရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်ဟု ၎င်းက ဖြစ်စဉ်ကို ပြောသည်။

ယင်းလူအုပ်သည် ထိုအမျိုးသမီးအား ရိုက်နှက်ရန် ကြိုးစားခဲ့ရာ ယင်းကားပေါ် ပါလာသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တပ်ထောက်ခံသူတချို့က ကိုကျော်ဇေလင်း မောင်းနှင်လာသည့်ကားကိုပါ ထုနှက်၍  ၎င်းကိုလည်း ထိုးကြိတ်ခဲ့ကြသည်ဟု ဆိုသည်။

အနီးရှိ ရဲတပ်ဖွဲ့ဝင်တို့က တားမြစ်ခြင်းမရှိကြဟု သိရသည်။

ကားကိုယ်ထည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းပါ ထိခိုက်ပျက်စီးခဲ့သည်။ (ဓာတ်ပုံ- Myanmar Now)

“အဲဒီနားမှာ ရဲတွေရော၊ မော်တော်ပီကယ်တွေရော ရှိတယ်ဗျာ။ ဘယ်လိုမျိုးပြောရမလဲ၊ ဒီလူတွေရှိရဲ့သားနဲ့ ပြည်သူတွေကို မင်းမဲ့စရိုက်ဆန်စွာ စော်ကားတာကြီးကျတော့ ဒီကောင်တွေ အနေနဲ့တော့ တော်တော်ကြီး အကျည်းတန်လွန်းတယ်” ဟု ကိုကျော်ဇေလင်းက မှတ်ချက်ချသည်။ 

ထို တပ်ထောက်ခံသူ လူအုပ်စု ကျော်သွားသည်နှင့် ၎င်းလည်း ကျောက်တံတားမြို့မရဲစခန်းသို့သာ ဆက်မောင်းသွားပြီး တိုင်ချက်ဖွင့်ခဲ့ကြောင်း ပြောသည်။ 

Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် ၎င်း၏တိုင်ချက်တွင် “ကျွန်တော့်အား ညစ်ညမ်းစွာဆဲဆိုပြီး လက်သီးဖြင့်ထိုးကာ ကျွန်တော်မောင်းနှင်သော ယာဉ်၏အရှေ့လေကာမှန်အား ထုချေခွဲခဲ့ပြီး ကျွန်တော်၏ လက်ကိုင်ဖုန်း၊ နားကြပ်၊ ငွေနှင့် နိုင်ငံသားစိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်တို့ပါ နီညိုရောင်သားရေ ခေါက်လက်ကိုင်အိတ်အား ယူဆောင်သွားသူ လူမြင်လျှင် မှတ်မိ၊ အသက် (၃၀) ဝန်းကျင်ခန့် ဗမာပုံ၊ အသားညို၊ ကိုယ်လုံးတောင့် အမျိုးသား (၂) ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းပါသည်” ဟု ရေးသားထားသည်။

အဆိုပါ တပ်ထောက်ခံသူများက ဆူးလေရှန်ဂရီလာဟိုတယ်အနီး ရန်ကုန်မြို့လယ်ကောင်တွင် သတင်းထောက်များကို လိုက်လံတိုက်ခိုက်ခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးကို ဓားဖြင့်ထိုး ကာ တုတ်ဖြင့် ဝိုင်းရိုက်ခဲ့သည်။

သိမ်ဖြူမီးရထားဝင်းအတွင်း ဝင်ရောက်ကာ ရန်ပြုတိုက်ခိုက်ခဲ့သည့် တပ်ထောက်ခံသူများ။ (ဓာတ်ပုံ- Myanmar Now)

ထို့ပြင် စစ်တပ်ထောက်ခံသူများက CDM တွင် ပါဝင်နေသည့်  ရန်ကုန်ဘူတာကြီးအနီး မီးရထားဝင်းထဲဝင်ရောက်၍ တုတ်၊ ဓား၊ လေးခွများဖြင့် ရထားဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်ခဲ့မှု ယနေ့ နံနက်ပိုင်းကလည်း ဖြစ်ပွားခဲ့သည်။ 

ထို့သို့ ဝင်ရောက်ရိုက်နှက်ခဲ့ကြသည့် တပ်ထောက်ခံသူ ၁၈ ဦးကို  မီးရထားဝန်ထမ်းများက ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားသူအားလုံးနှင့် မော်တော်ယာဥ်များကိုပါ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်။

ရန်ပြုသူအချို့မှာ ပြည်ခိုင်ဖြိုး ပါတီဝင်များ ဖြစ်နေကြောင်း တွေ့ရှိရသည်။  ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဆိုသူက ၎င်းတို့ကို ရဲအင်အား အများအပြားဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကာ ၎င်းအဖွဲ့ ရန်ပြုမှုကြောင့် မီဒီယာသမား နှစ်ဦး၏ ကင်မရာ ထိခိုက်ပျက်စီးခဲ့သည်။ 

Show More

Related Articles

Back to top button