အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်းဝန်ကြီးချုပ် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသော မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို မကွေးမြို့နယ်တရားရုံး၌ ဗီဒီယိုကွန်ဖရန်ဇင်းဖြင့် ယနေ့ စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် ရှေ့နေ ကိုယ်စားလှယ်လွှဲစာ တင်ရန် နံနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီကျော်အထိ မကွေးမြို့နယ် တရားရုံး၌ စောင့်ဆိုင်းနေခဲ့ရပြီး မည်ကဲ့သို့ရုံးထုတ်မည်ကို တရားရေးအရာရှိများက ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း ဝန်ကြီးချုပ်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်သော ဒေါက်တာအောင်မိုးညိုသည် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ (နစအ- စစ်ကောင်စီ) ကို တရားမဝင်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံသည်ဟု ယနေ့ ရုံးချိန်းတွင် သိရကြောင်း‌ ၎င်းက ပြောသည်။ 

“နေကောင်းကျန်းမာတာ တွေ့ရပါတယ်။ သူ့မိသားစုဝင်တွေကိုလည်း နေကောင်းကြောင်း ပြောပေးဖို့ မှာပါတယ်။ သူက သူ့ကို ဘာပုဒ်မနဲ့ စွဲထားမှန်းတောင် မသိဘူးလို့ ပြောတယ်။ ကျွန်တော်တို့ ရှင်းပြရတယ်။ ၅၀၅ (ခ)နဲ့ စွဲတဲ့ အကြောင်း” ဟု ရှေ့နေ ဦးမြင့်အောင်က ပြောသည်။ 

ဝန်ကြီးချုပ်အမှုကို လာမည့် မတ် ၉ တွင် အမှု စစ်ဆေးနိုင်ရန် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး(CMP) ပြုလုပ်မည်ဟု ၎င်းက ဆက်ပြောသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း မှားယွင်းသည်ဆိုကာ တပ်မတော်က နိုင်ငံ့ခေါင်းဆောင်များကို ယခုနှစ် ဖေဖော်ဝါရီ ၁ တွင် ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များလည်း ထိန်းသိမ်းခံထားရသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လည်း ယင်းပုဒ်မဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘက်မှ အမှုဖွင့်ကာ တရားစွဲခံထားရသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရ နိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည် သူတို့၏ သီးခြားလူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းပုဒ်မ ၅၀၅ (ခ) သည် အာမခံမရဘဲ အချုပ်ဖြင့်သာ ရင်ဆိုင်ရသော ပုဒ်မဖြစ်ပြီး ဒေါက်တာအောင်မိုးညိုကို လက်ရှိတွင် မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို မသိရှိရပေ။ 

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီရေးအဖွဲ့ AAPP ၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီ ၂၂ အထိ ဖမ်းဆီးထိန်းခံရသူ ၆၀၀ ကျော်ပြီ ဖြစ်သည်။
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button