
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် သုံးဦးနှင့် လူချင်းတွေ့ခွင့်ရရန် ၎င်းတို့၏ရှေ့နေများက တရားရုံးသို့ တောင်းဆိုထားသည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း အောင်မြေသာစံမြို့နယ်တရားရုံး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကို ချမ်းအေးသာစံမြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်း ဖြစ်ပြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို အွန်လိုင်းမှတဆင့် ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်) ၌ စစ်ဆေးခဲ့သည်။
အမှုနှင့်ပတ်သက်ပြီး လိုအပ်သည်များဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံခွင့်ပြုရန် မဖြစ်မနေလိုအပ်ကြောင်း ဒေါက်တာဇော်မြင့်မောင်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေငါးဦးအဖွဲ့ဝင် ရှေ့နေဒေါ်သဲဆုဝေက ပြောသည်။
၎င်း၏ရှေ့နေများနှင့် သီးသန့် လူချင်းတွေ့ဆုံခွင့်ပေးရန် ဝန်ကြီးချုပ်က အဓိကထား တောင်းဆိုခဲ့သည်ဟုလည်း ဆိုသည်။
“ဒီနေ့ ရုံးချိန်းမှာ ဗီဒီယိုကွန်ဖရန့်က (Video Conferencing) တစ်ဆင့် ဆရာဇော် (ဒေါက်တာဇော်မြင့်မောင်) က သူရဲ့ရှေ့နေတွေနဲ့ သီးသန့် လူချင်းတွေ့ခွင့်ရချင်တယ်လို့ တောင်းဆိုတယ်။ ပြီးတော့ သူ့ကို ၅၀၅ (ခ) နဲ့ စွဲထားတယ် ဆိုပေမယ့် ဘာအကြောင်းကြောင့် စွဲဆိုရတယ်ဆိုတာ သေချာသိချင်ပါတယ်လို့ ပြောပါတယ်” ဟု ရှေ့နေဒေါ်သဲဆုဝေက ပြောသည်။
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အတွက် ၎င်း၏ ဆေးကုသမှု မှတ်တမ်းများနှင့်တကွ အာမခံလျှောက်ထားခြင်း၊ မြို့တော်ဝန်ဒေါက်တာရဲလွင်အတွက် ရှေ့နေပါဝါရရှိရန် လျှောက်ထားခြင်းတို့ကို ယနေ့ရုံးချိန်း၌ ဆောင်ရွက်ခဲ့ကြောင်း ရှေ့နေများက ပြောသည်။
မြို့တော်ဝန်ဒေါက်တာရဲလွင်အမှုနှင့် ပတ်သက်ပြီး ရှေ့နေများအား ပါဝါလွှဲအပ်ခြင်းလက်မှတ်အား ယနေ့ရုံးချိန်း၌ တောင်းယူဆဲဖြစ်၍ အမှုတွဲကူးယူခွင့်မရှိသောကြောင့် မြို့တော်ဝန်အား မည့်သည့်အကြောင်းကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံခြင်းကို ရှေ့နေအဖွဲ့ပင် အတိအကျမသိရသေးဟု ဆိုသည်။
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် မြို့တော်ဝန်ဒေါက်တာရဲလွင်တို့၏အမှုကို ဥပဒေအကျိုးဆောင် ငါးဦးအဖွဲ့က လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ပြီး အမှုသည်များနှင့် လူချင်းတွေ့ဆုံခွင့်ရရန် တရားရုံးသို့ တရားဝင် စာတင်လျှောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။
“အမှုသည်နှင့် လူချင်းတွေ့ဆုံရမှ အမှု Instruction (ညွှန်ကြားချက်) ကို ယူလို့ရမှာဖြစ်သလို အမှု Instruction မယူဘဲ ရှေ့နေတွေက အမှုစစ်လို့မရဘူး။ ရှေ့နေလိုင်စင်ပါ ပြုတ်သွားနိုင်တယ်” ဟု ဒေါ်သဲဆုဝေက ပြောသည်။
အဆိုပါလျှောက်ထားချက်နှင့်ပတ်သက်၍ တရားရုံးဘက်က တရားစွဲအဖွဲ့အစည်းထံ အကြောင်းကြားကာ လာမည့် ရုံးချိန်း(သို့မဟုတ်) ရုံးချိန်းမတိုင်ခင်အတွင်း စီမံဆောင်ရွက်ပေးမည်ဟု ဆိုသည်။
“ရှေ့နေတွေလျှောက်ထားချက်အပေါ် ခွင့်ပြုပေးမှာလား၊ မပေးဘူးလား တရားရုံးက အမိန့်ချရမှာပါ။ တရားစွဲအဖွဲ့အစည်းလို့ ပြောရလောက်အောင် ဒီအမှုက ရဲက တက်လာတဲ့အမှု မဟုတ်ဘူး။ ဦးတိုက်လျှောက်လွှာနဲ့ တင်ပြီးတော့မှ တရားစွဲထားတာ။ အဲဒါကြောင့်မို့ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲမှာ အဲဒီအခွင့်အရေး မရှိဘူး။ ဒါကို တရားစွဲအဖွဲ့အစည်းကို ပြောမယ်ဆိုတော့ တရားရေးမှာကိုက လွတ်လပ်မှု မရှိတော့ဘူးဆိုတဲ့သဘောကို သက်ရောက်နေပါတယ်” ဟု ဥပဒေအကျိုးဆောင်အဖွဲ့ပါ ရှေ့နေတစ်ဦးက ပြောသည်။
မန်းဝန်ကြီးချုပ်အပါအဝင် သုံးဦးအား လာမည့် မတ် ၈ ရက်တွင် ရုံးချိန်း ချိန်းဆိုလိုက်ပြီး ထပ်မံစစ်ဆေးမည် ဖြစ်သည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၅၀၅ (ခ) သည် အာမခံ မပေးသောပုဒ်မဖြစ်သော်ငြား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ ခြွင်းချက်(၁) အရ စွပ်စွဲခံရသူသည် ကျန်းမာရေးမကောင်းသောပုဂ္ဂိုလ်ဖြစ်ပါက အာမခံရနိုင်သည်ဟု ပါရှိသည်။
ဝန်ကြီးချုပ်နှင့် ကျန်နှစ်ဦးအမှုတွင် လုံခြုံရေးအကြောင်းပြကာ ရုံးမထုတ်ဘဲ ဗီဒီယိုကွန်ဖရန့်ဇင်းဖြင့် ရုံးထုတ်ခြင်းသည် စွပ်စွဲခံရသူများအတွက်သာမက အမှုစစ်ဆေးရာတွင် အခက်အခဲများစွာ ရှိနိုင်သည်ဟု ဝန်ကြီးဦးမျိုးသစ်၏ ရှေ့နေ ဦးမျိုးဆွေက ပြောသည်။
“တရားခွင် စွဲတင်ရင် တရားခွင်မှာပဲ အမှုရင်ဆိုင်ဖြေရှင်းချင်ပါတယ်။ အခုက လုံခြုံရေးစိုးရိမ်တယ်ဆိုပြီး ဗီဒီယိုနဲ့ပဲ စစ်နေရင် စွပ်စွဲခံရသူတွေရဲ့ မှန်ကန်တဲ့စကားသံကို ကြားရဖို့ ခက်သလို လွတ်လပ်တဲ့တရားစီရင်ရေးကိုလည်း အနှောင့်အယှက်ဖြစ်စေမှာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်ထိ ၎င်းတို့ သုံးဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ၎င်းတို့ရှေ့နေများကိုယ်တိုင် အတိအကျမသိရဘဲ မန္တလေးနန်းတွင်းတပ်၌ ထိန်းသိမ်းထားသည်ဟု အကြမ်းဖျင်းသိရသည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များလည်းဖြစ်ကြသည့် မန္တလေးတိုင်းဝန်ကြီးချုပ်အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည်လည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရပြီး ဗီဒီယိုကွန်ဖရန့်ဇင်းဖြင့်သာ ယနေ့ စစ်ဆေးခဲ့သည်။