သတင်း

မြစ်ကြီးနားတွင် ဖြိုခွင်းဖမ်းဆီးခံရသည့် ဆန္ဒပြသူ ၁၄ ဦး ပြန်လွတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်း၍ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာ ကျောင်းဆရာမ နှစ်ဦးအပါအဝင် ဆန္ဒပြသူ ၁၄ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ဖမ်းဆီးထားသူများကို ညနေ ၄ နာရီခွဲဝန်းကျင်တွင် မြို့နယ်ရဲတပ်ဖွဲ့ရုံးအတွင်း မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးရှေ့တွင် ခံဝန်ကတိရေးထိုးစေလျက် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးဆောင်ဆန္ဒပြသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက Myanmar Now ကို အတည်ပြုသည်။ 

စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၈ နာရီဝန်းကျင်ခန့်ကတည်းက မြစ်ကြီးနားမြို့ ကျောက်စိမ်းမီးပွိုင့် အနီးဝန်းကျင်နေရာများ၊ မြစ်ကြီးနားဈေးကြီးနှင့် ပညာရေးကောလိပ်ဝန်းကျင်တို့တွင် အင်အားသုံးဖမ်းဆီးခဲ့သည်။ 

“အနည်းဆုံး သုံးနေရာလောက်မှာ ဖမ်းဆီးမှုတွေ လုပ်ပါတယ်၊ အဲဒီအပြင် ဖမ်းနေတာတွေတွေ့လို့ စုရပ်ရောက်ခါနီးမှ လှည့်ပြန်တဲ့ ကလေးတွေကိုလည်း အ.ထ.က (၁) ကျောင်းရှေ့ KBZ နားမှာ ဖမ်းသွားပါတယ်၊ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ ပါပါတယ်” ဟု အမည်မဖော်လိုသူ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

မြို့အတွင်း ဆန္ဒပြပွဲပြုလုပ်ရန် လူစုနေစဉ် ယနေ့နံနက် ၈ နာရီဝန်းကျင်အချိန်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လူအုပ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ၁၇ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ မအေးချမ်းမေနှင့် ဒေါ်အေးကြည်စိန် ကျောင်းဆရာမနှစ်ဦး၊ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ဆန္ဒပြသူတချို့ကို စစ်သားများ ဖမ်းဆီးနေသည့် ဓာတ်ပုံမှတ်တမ်းများ (ဓာတ်ပုံ- ပေးပို့)

ဒေါ်အေးကြည်စိန်မှာ ဖမ်းဆီးခံရစဉ်က ရာဘာတုတ်ဖြင့် ရိုက်နှက်ခံရသည့်အတွက် ယာဘက်လက်တွင် ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသော တူမဖြစ်သူ ၂၂ နှစ်အရွယ် မအေးချမ်းမေက ပြောသည်။

“ကျွန်မကနောက်မှာ ဆိုင်ကယ်စက်နှိုးမရလို့ တစ်ယောက်တည်း ကျန်ခဲ့လိုက်တာ၊ ဆိုင်ကယ်တွန်းပြီးတော့ ပြေးကြည့်သေးတယ်၊ မလွတ်နိုင်မှန်းတော့ သိတယ်လေ၊ အဲဒီမှာ သုံးချက်အရိုက်ခံလိုက်ရတယ်။ အဒေါ်က တကယ်တမ်းပြေးရင်လွတ်တယ်၊ ကျွန်မကိုရိုက်တာမြင်တော့ ကျန်ခဲ့လိုက်တာ၊ အဲဒီမှာ အဒေါ်က လက်ကို တစ်ချက်ထိသွားတာ” ဟု မအေးချမ်းမေက ပြောသည်။

ဒေါ်အေးကြည်စိန်သည် ရာဘာတုတ်ဖြင့် ရိုက်နှက်ခံရသည့်အတွက် ယာဘက်လက်တွင် ဒဏ်ရာရရှိခဲ့သည် (ဓာတ်ပုံ- ပေးပို့) 

၎င်းကိုယ်တိုင်လည်း ညာဘက်လက်မောင်း၊ ကျောကုန်းနှင့် ပေါင်တို့ကို ရာဘာတုတ်ဖြင့် ၃ ချက်ခန့် အရိုက်ခံခဲ့ရသည်ဟု မြစ်ကြီးနားမြို့ အမှတ် (၂) စန်ကား မူလတန်းကျောင်းတွင် တာဝန်ကျနေသည့် ကျောင်းဆရာမ မအေးချမ်းမေက ပြောသည်။

“အကြမ်းဖက်နှိမ်နင်းမှုကိုတော့ ကျွန်တော်တို့လုံးဝမလိုလားဘူး။ သူတို့လည်းပဲ နိုင်ငံရဲ့အာဏာကို ရယူခဲ့ပြီးပြီပေါ့၊ လက်ရှိအချိန်မှာတော့ ပြည်သူကလည်း ကိုယ့်ရဲ့ဆန္ဒသဘောထားကို ထုတ်ဖော်တဲ့အချိန်မှာ ဒီလို လက်နက်ကိုင်ပြီးမှ အကြမ်းဖက်ဖြိုခွင်းခဲ့ပုံစံမျိုးကျတော့ လုံးဝမဖြစ်သင့်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဦးတင်ထွန်းသိန်းက ပြောသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဖြိုခွင်းရိုက်နှက်ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့သော်လည်း သေနတ်ပစ်ဖောက်ခြင်း မရှိခဲ့ဟု အသက် ၃၀ အရွယ် မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

“သေနတ်ပစ်တာဖောက်တာတော့ မလုပ်ဘူး၊ ဒါပေမဲ့ လေးခွနဲ့တော့ အသေပစ်တယ်၊ သတင်းထောက်တွေကိုလည်း ပစ်တယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဖမ်းဆီးခံရသည့် ဆန္ဒပြသူများ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးရှေ့တွင် ခံဝန်ကတိရေးထိုးနေစဉ် (ဓာတ်ပုံ- ပေးပို့) 

ထိုသို့အင်အားသုံးဖြိုခွင်းချိန်သည် အင်တာနက်ဖြတ်တောက်ထားချိန်လည်း ဖြစ်၍ မြစ်ကြီးနားမြို့ခံပြည်သူများ ကိုယ်တိုင် သတင်းအချက်အလက်များနှင့် ဖမ်းဆီးမှုများကို အတိအကျ မသိရှိနိုင် ဖြစ်ခဲ့ကာ ဖမ်းဆီးခံရသူ ၅၀ ဦးကျော်အထိ ရှိနိုင်ကြောင်း အများစုက ခန့်မှန်းပြောဆိုခဲ့ကြသည်။ 

ဖြိုခွင်းမှုနှင့် ဖမ်းဆီးခဲ့မှုများနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် မြစ်ကြီးနားမြို့နယ် ရဲစခန်းထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မြစ်ကြီးနားဈေးကြီးနားတွင် ဆန္ဒပြနေသည့် အဖွဲ့တစ်ဖွဲ့ကိုလည်း နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သေနတ်များကိုင်ဆောင်လျက် အင်အားသုံးဖြိုခွင်းခဲ့သကဲ့သို့ ဆန္ဒပြသူများ၏ ဗီနိုင်းစများကို ဆုတ်ဖြဲပစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဘုတ်ပြားကို ဖျက်ဆီးခြင်း၊ ခြေဖြင့်နင်းခြေခြင်းများ ပြုလုပ်ခဲ့သည်ကို Facebook လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရှိရသည်။ 

မြစ်ကြီးနားဈေးကြီးအနီး လမ်းတစ်နေရာတွင် လူငယ်တစ်စုသည် ချီတက်လာစဉ် စစ်သားနှင့် ရဲများ ၎င်းတို့ထံ ပြေးလာသည်ကို မြင်တွေ့ရ၍ အားလုံးလမ်းပေါ်တွင် ထိုင်ချလိုက်ပြီး ဆက်လက်ဆန္ဒပြကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် စစ်သားနှင့်ရဲများက လေးခွများဖြင့် ပစ်ခတ်၍ ဖြိုခွင်းခဲ့ကြသည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ 

“သွားရေးလာရေး၊ စားဝတ်နေရေးအတွက် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ခြိမ်းခြောက်လာတဲ့ လက္ခဏာ ဖြစ်ပါတယ်၊ အဲဒါကြောင့် ကျွန်မတို့အားလုံး နှိုးဆော်နေတဲ့ CDM ကို ဝိုင်းပြီးတော့ ထပ်ပြီးတော့ အားသွန်ခွန်စိုက်လုပ်ရမယ်” ဟု ဈေးကြီးအနီး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည့် အသက် ၂၀ အရွယ် ကချင်တိုင်းရင်းသား တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။

ပြည်သူလူထုသည် ငြိမ်းချမ်းစွာဖြင့် ၎င်းတို့၏ဆန္ဒသဘောထားများ ဖော်ထုတ်နေခြင်းဖြစ်ရာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားပေးရမည်ဟု မြစ်ကြီးနားအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ယနေ့ဖြစ်စဉ်အပေါ် မှတ်ချက်ပြုသည်။ 

စစ်တပ်သည် ဒီမိုကရေစီဖော်ဆောင်မည်ဟု ဆိုထားသော်လည်း အပြောသာ ရှိသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်ကချင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုကျ အပြောပဲသက်သက်ရှိပြီး ဒီလိုဖြိုခွင်းနေတာတွေကတော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတယ်၊ တကယ်တမ်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တယ်ဆို ဒီလိုတုံ့ပြန်မှုတွေက မလုပ်ရဘူး” ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနားမြို့၌ ဖေဖော်ဝါရီ ၇ တွင် စတင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက် ပြလုပ်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ တွင်လည်း ဆန္ဒပြပွဲသတင်းရယူနေသည့် သတင်းထောက် ၅ ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က တစ်ညတာ ထိန်းသိမ်းခဲ့သည်။ 

Show More

Related Articles

Back to top button