သတင်း

စက်တင်ဘာလအတွင်း လေတပ် အရှိန်မြှင့်တိုက်ခိုက်

တိုင်းစစ်ဌာနချုပ်တစ်ခုကို စွန့်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီက ၎င်းတို့စစ်ရှုံးထားသည့် ရှမ်းမြောက်၊ ရခိုင် နှင့် မြန်မာပြည်အလယ်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာသည်။

စစ်ကောင်စီက ၎င်းတို့ လက်လွှတ်လိုက်ရသော နယ်မြေများ၊ လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ဒေသများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေရာ  စက်တင်ဘာလအတွင်း သေဆုံးသူ အရပ်သား  ၉၃ ဦး ထက်မနည်း ရှိလာသည်။ 

စက်တင်ဘာလ ပထမပတ်အတွင်း လေတပ် သွားရောက်တိုက်ခိုက်သည့် ဒေသများမှာ တအာင်းတပ် (TNLA) အုပ်ချုပ်နေသည့် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်း မြို့၊ မန်တုံ၊ နောင်ချိုမြို့နှင့် သီပေါမြို့၊ ကိုးကန့်တပ် (MNDAA ) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နှင့် အနီးဝန်းကျင်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ကရင်နီဒေသ ဒီးမော့ဆိုမြို့နယ်၊ ရခိုင်ပြည်နယ် ဒေသတချို့တို့ ဖြစ်သည်။

လေတပ်၏ နေ့ရောညပါ  တိုက်ခိုက်မှုများကြောင့်  စက်တင်ဘာ ၂၆ အထိ  အရပ်သား ၉၃ ဦးထက်မနည်း သေဆုံးရသည့်အထဲတွင် ကလေးများ ပါဝင်သည်။ ရခိုင်ပြည်နယ်တွင် အကျဉ်းသားများ၊ စစ်သုံ့ပန်းများပါ သေဆုံးသွားကြသည်။ 

လိုအပ်သလို တုံ့ပြန်မည်ပြောသော စစ်ခေါင်းဆောင်

စက်တင်ဘာ ၂ ရက်တွင် စစ်ကောင်စီက  ၎င်းကို အပြင်းအထန် တိုက်ခိုက်နေသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ (MNDAA,TNLA,AA) ကို  အကြမ်း ဖက်အဖွဲ့များအဖြစ် ကြေညာခဲ့သည်။

ထိုကြေညာချက်အပြီး ယခင်ကတည်းက လေတပ်ကို အားပြုနေရသည့် စစ်ကောင်စီသည် ထို ၃ ဖွဲ့ ထိန်းချုပ်သည့် နယ်မြေများကို  ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်လိုက်သည်။

 သတင်း ရရှိမှုနှင့်အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း    စစ်ခေါင်းဆောင်က စက်တင်ဘာ ၃ ရက်နေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရောက်ရှိစဉ် ပြောခဲ့သည်။

ထိုခြိမ်းခြောက်မှုကိုလည်း စစ်ကောင်စီ၏ သတင်းစာများက နေ့စဉ်နီးပါး ဖော်ပြ နေကြပြီး လေကြောင်းတိုက်ခိုက်မှုများလည်း အရှိန်မြှင့်လာခဲ့သည်။  

သတင်းစာ၌ အမြဲလိုလိုဖော်ပြနေသည့် စစ်ခေါင်းဆောင်၏ ပြောဆိုချက်။

ယင်းနေ့မှာပင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြွေပုံကန်ကျေးရွာ ကို  ၂ ကြိမ်ဗုံးကြဲခဲ့ရာ ဒေသခံ ၈ ဦး ဒဏ်ရာရပြီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ 

အလားတူ ညပိုင်း၌  TNLA ထိန်းချုပ်သည့် မန်တုံမြို့တွင်   ဗုံး ၂ လုံး ကြဲချရာ လက်ဖက်စက်ရုံအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ဦး ဒဏ်ရာရကာ နေအိမ် ၆ လုံး ပျက်စီးခဲ့သည်။

TNLA က ၎င်းတို့အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများ ထိခိုက် စေရန် ရည်ရွယ်ပြီး စစ်ကောင်စီလေတပ်က မကြာခဏ လာရောက်ဗုံးကြဲနေသည် ဟု ဆိုသည်။ 

စက်တင်ဘာ ၆  နံနက် ၁ နာရီခွဲခန့်တွင် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့လယ် ရပ်ကွက် ၂ ခုကို ဗုံး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။ ကလေး ၂ ဦး၊ ကိုယ်ဝန်သည် အပါအဝင် ၉ ဦး သေဆုံးပြီး ကလေး ၂ ဦး၊ လူကြီး ၉ ဦး ဒဏ်ရာရသည်ဟု  TNLA က ထုတ်ပြန်သည်။

ညအချိန်ဖြစ်သည့်အတွက် ဗုံးပေါက်ကွဲသံကို တစ်မြို့လုံး ကြားခဲ့ရပြီး နမ့်ခမ်းမြို့လယ် ပြည်ထောင်စု လမ်းမကြီးဘေး ရပ်ကွက်များဖြစ်သည့် ပေါက်နီ၊ ဟိုကပ်ရပ်ကွက်တို့မှ နေအိမ် ၂၀ ခန့်လည်း ပျက်စီး သွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်ရောက်ရှိလာသည့် စစ်သင်္ဘော များ စက်တင်ဘာ ၄ တွင် တိုက်ခိုက်ခံရစဉ် လေတပ် ရောက်လာပြီး ပစ်ကူခဲ့ရာ မြစ်ကမ်းဘေး ကျေးရွာ ၃ ရွာမှ ဒေသခံများ အရေးပေါ် တိမ်းရှောင်ခဲ့ရသည်။ 

ယင်းရက်ပိုင်းမှာပင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း လအိကျေးရွာအနီး တည်ရှိသော ဘန်ကောက် အမည်ရှိ စစ်ရှောင်စခန်းကို စက်တင်ဘာ ၅၊ ည ၁၀ နာရီ ဝန်းကျင်အချိန်   ဗုံးကြဲခဲ့၍ ကလေးများအပါအဝင် ၉ ဦး သေဆုံးခဲ့သည်။

ဗုံးကြဲအပြီး တွေ့ရသော ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ၊ ဘန်ကောက် စစ်ရှောင်စခန်း တွင် ဗုံးကျသောနေရာကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ်။ မြင်ကွင်း။  (ဓာတ်ပုံ-AFP) 

အလားတူ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ဖွင့်လှစ်ထားသော ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (Karenni State Police – KSP) စခန်း ၂ ခုကို  စက်တင်ဘာ ၄ နှင့် ၅ ရက်တို့တွင် ဗုံးကြဲရာ ရဲမေတစ်ဦးနှင့် အခြားတစ်ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

MNDAA အုပ်ချုပ်နေသည့် လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ဩဂုတ် ၃ ရက်နေ့တွင် MNDAA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ ပြီး မြို့အုပ်ချုပ်ရေးလည်ပတ်နိုင်ရန် လုပ်ဆောင်နေရာ ဩဂုတ် ၃၀ ရက်နေ့တွင် လေတပ်က   ၂ ကြိမ် ဗုံးကြဲခဲ့ရာ ရပ်ကွက် (၉) ရှိ စာသင် ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

အလားတူ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ဗုံးကြဲမှုတွင် ဒေသခံအမျိုးသား တစ်ဦး သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရခဲ့သည်။
စက်တင်ဘာ ၁၀ ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီးရှိသော နမ္မကျောက်မီးသွေးတွင်းကို   ဗုံးကြဲခဲ့သလို စက်တင်ဘာ ၁၃ ရက် ညတွင် နမ့်ပေါင်ရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့စဉ် ပြည်သူ ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။

အညာဒေသလည်း မချန်

စစ်ကောင်စီသည် မန္တလေးတိုင်း ဒေသများ ကိုလည်း လေကြောင်းတိုက်ခိုက်မှုများမှ ချန်လှပ်မထားခဲ့ပေ။ 

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ကို စက်တင်ဘာ ၁ ရက် ညနေတွင် လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါဝင်  ၄ ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောကြသည်။ 

မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်း လက်ပံပျားရွာအနီး  ရဲများ လိုက်ပါလာသည့် ကား တိုက်ခိုက်ခံ ရပြီး ဒုရဲမှူး အပါအဝင် ၃ ဦး သေဆုံးမှုကြောင့် ထိုကဲ့သို့ လေကြောင်းမှ လက်တုံ့ပြန်ခြင်းဖြစ်မည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ယူဆကြသည်။ 
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သိမ်းပိုက်ထားသည့် မန္တလေး၊ ပုသိမ်ကြီး မြို့နယ် ဖယောင်းတောင်ရွှေတူးဖော်ရေးစီမံကိန်းကို စက်တင်ဘာ ၈ နှင့် ၉ ရက်တွင် လေတပ်က တိုက်ခိုက်ခဲ့သည်၊  အခြေအနေ အသေးစိတ်မသိရပေ။

အလားတူ စစ်ကောင်စီက ၎င်းတို့ လက်လွှတ်လိုက်ရသည့် စဉ့်ကူးနှင့်သပိတ်ကျင်းတွင် လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုကြသည်။

ယခုလအတွင်း တွေ့ရသော PDF ထိန်းချုပ်သည့် စဉ့်ကူးမြို့အဝင်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now)

MDY-PDF  ပထမဆုံး သိမ်းပိုက်ရရှိခဲ့သည့် စဉ့်ကူးမြို့တွင်လည်း စက်တင်ဘာ၂၀ နှင့် ၂၂  လေကြောင်း တိုက်ခိုက်မှုများကြောင့် လူအသေအဆုံးနှင့် အထိအခိုက်များရှိနေကြောင်း စဉ့်ကူးမြေပြင်ကင်းထောက် အဖွဲ့က Myanmar Now ကို ပြောသည်။

မြို့အရှေ့ပိုင်း ကံတောင်ရွာမှ ပုဂ္ဂလိကပိုင် ရွှေလုပ်ကွက်တစ်ခုကို စက်တင်ဘာ ၂၁   ညနေပိုင်း ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ  လုပ်သား ၃ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရသည်၊ နောက်တစ်နေ့တွင်   စဉ့်ကူးမြို့ အတွင်း ဗုံးကြဲခဲ့သည်၊ နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေကို မသိရသေးဟု ဆိုသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စက်တင်ဘာ ၂၁ နှင့် ၂၂ တွင် ဗုံးကြဲခံရပြီး သေဆုံးသူ ၁၄ ဦး ရှိခဲ့သည်။ 

ဩဂုတ် ၁၀ ရက်နေ့မှစတင်၍ တော်လှန်ရေးတပ်ဖွဲ့များက  “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO” အမည်ဖြင့် မြင်းခြံခရိုင်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား ဖရိုဖရဲဖြစ်သည်အထိ  တိုက်ခိုက်ခဲ့ ကြသည်။ 
လေတပ်ကလည်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ဒေသဖြစ်သည့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်တို့ကို တိုက်ခိုက်နေသည်။

၂၀၂၃ ဒီဇင်ဘာလအတွင်းက ရှမ်းမြောက် နမ့်ခမ်းကို ဗုံးကြဲနေသည့် စစ်ကောင်စီလေယာဉ် (ဓာတ်ပုံ – မြတ်ပန်း/ Myanmar Now)

စက်တင်ဘာလအစောပိုင်းကလည်း နွားထိုးကြီးမြို့နယ် ကျောက်တန်း၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်း ကျေးရွာတို့  လေကြောင်းတိုက်ခိုက်ခံထားရသည်။  စက်တင်ဘာ ၂၂ ရက်နေ့က မြင်းခြံမြို့နယ်၊ ချေဆေးရွာကို   ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 

နောက်တစ်နေ့ နံနက်တွင် တောင်သာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် အချို့ပျက်စီးသွားပြီး စစ်ရှောင်ပြည်သူ ၂ ဦး ဒဏ်ရာရှိခဲ့ သည်။

ထို့ကြောင့် မန္တလေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၃ ဦး သေဆုံးထားသည်။

ရခိုင်ဒေသ ဗုံးကြဲခဲ့မှုများ

စက်တင်ဘာ ပထမပတ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရသေ့တောင်၊ မြောက်ဦးနှင့် တိုက်ပွဲ ပြင်းထန်နေသည့် ဂွမြို့နယ် ကျိန္တိလီမြို့တို့တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရသည်။

စက်တင်ဘာ ၇ ရက် ညနေက သံတွဲမြို့တွင်  ဗုံးကြဲသဖြင့်  အမှတ်( ၇ ) ဗောဓိကုန်းရပ်ကွက်နေ  ဗလီဆရာ ဦးမောင်ဆန်း အပါအဝင် ၅ ဦး ဒဏ်ရာရကာ  အံတော် (၈) ရပ်ကွက်မှ ကျောင်းဆရာ ဦးသိန်းဇံ သေဆုံးသွားသည်။

အလားတူ  စက်တင်ဘာ ၈ နှင့် ၉ ရက်တို့တွင်  ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ  AA ၏ အကျဉ်းသားများထားရာနေရာကို လေတပ်က ၂ ရက်ဆက်ဗုံးကြဲခဲ့ရာ  စစ်သုံ့ပန်း ၇ ဦး အပါအဝင် အကျဉ်းသား ၅၀ ကျော်၊ ဆယ်ကျော်သက်၂ ဦးတို့ သေဆုံးသွားကြသည်။

စစ်ကောင်စီသည်  လူနေထူထပ်သောနေရာများ၊ ၎င်းတို့   စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများကို ဗုံးကြဲနေရာ ပြည်သူများနှင့် သုံ့ပန်းများ သေဆုံးလျက်ရှိသည်ဟု  AA၊ TNLA (တအာင်း)၊ MNDAA (ကိုးကန့်) တို့က က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ဒေသအတွင်း စက်တင်ဘာ ၂၂ နှင့် ၁၆ တို့တွင် သံတွဲမြို့နယ်ကို ဗုံးကြဲခဲ့ရာ ဒေသခံ ၅ ဦး သေဆုံး ပြီး စက်တင်ဘာ ၁၉ နှင့် ၂၄ ရက်တွင် တောင်ကုတ်၌ ၃ ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၂၆ ရက်တွင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ နှင့် သံတွဲမြို့ကို ဗုံးကြဲခဲ့ရာ ဒေသခံ ၁၆ ဦး ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့သည်။ 
စက်တင်ဘာလဆန်းမှ စ၍ လေကြောင်းမှ ဗုံးကြဲမှုများအတွင်း ရခိုင်ဒေသခံ ၂၆ ဦး၊ AA ၏ စစ်သုံံ့ပန်း နှင့် အကျဉ်းသား ၅၇ ဦး  သေဆုံးခဲ့သည်။ 

မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်စာ။ 

ရေကြီးသည့်ကာလ 

စက်တင်ဘာ ၁၀ ရက်မှ စတင်၍ ရွာသွန်းသော မိုးကြောင့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် အပါအဝင် ဒေသ အများအပြား၌ ရေဘေးသင့်ရာ ထိုကာလတွင် လေတပ်၏တိုက်ခိုက်မှု အနည်းငယ် လျော့ပါးသွားခဲ့သည်။

ယခုနှစ် မတ်လဆန်းမှ စတင်၍ ကချင်တပ် (KIA) နှင့် တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် အတွင်း ဖားကန့်မြို့နယ်တွင်သာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ရေပြန်ကျသွားချိန်တွင်   MNDAA, TNLA, AA နယ်မြေအများစုကို ဗုံးကြဲမှု ဆက်တိုက် ပြုလုပ်လာသလို မန္တလေးတိုင်း၊ ရှမ်းမြောက်၊  ရှမ်းတောင် ဖယ်ခုံ၊ ရခိုင်ဒေသတို့တွင် အလားတူ တိုက်ခိုက်ခဲ့သည်။

လားရှိုးမြို့ကို  စက်တင်ဘာ   ၂၇ ၊ ၂၈ ရက် နံနက် မိုးမလင်းမီ ဗုံးကြဲခဲ့ရာ အရပ်သား ၂ ဦး သေဆုံး၊   ၆ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ 

အလားတူ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း သိန္နီခရိုင်၊ နောင်မွန်မြို့နယ်ကို ဗုံးကြဲခဲ့၍ အရပ်သား တစ်ဦး ဒဏ်ရာရကာ အဆောက်အဦများ ပျက်စီးခဲ့သည်။ 

စက်တင်ဘာ ၃၀   နံနက်ပိုင်း လားရှိုးမြို့ လူနေရပ်ကွက်များ အတွင်း ဗုံးကြဲချခဲ့ရာ အပျက်အစီးများကြောင်း ကနဦး သိရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၂၁၊  ၂၄ ၊ ၂၅ ရက် တို့တွင်  လူအများအိပ်မောကျနေချိန်  ဗုံးကြဲခဲ့ရာ ထိခိုက်သေဆုံး မှုများရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။  

စက်တင်ဘာ ၂၄ ရက်တွင် နံနက် ၁ နာရီခွဲ နှင့် ၄ နာရီတို့တွင် ဗုံးကြဲခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ ၂၄ ရက်နံနက်က ဗုံးကြဲခံထားရသော အဆောက်အဦအနီးတွေ့ရသည့် MNDAA ရဲတပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး)

ထို့ကြောင့် ဩဂုတ် ၃၀ ရက်မှစတင်၍ ယနေ့အထိ လားရှိုးမြို့ပေါ်  ၁၁ ကြိမ် လေကြောင်းမှ ဗုံးကြဲခဲ့ပြီး စုစုပေါင်း လူ ၉ ဦး သေဆုံးခဲ့သလို လူဆယ်ချီ ဒဏ်ရာရကာ အဆောက်အဦများ ပျက်စီးခဲ့သည်။ 

ထိုတိုက်ခိုက်မှုအတွင်း လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ကို ၂ ကြိမ် ဗုံးကြဲခဲ့မှု ပါဝင်သည်။  

ပလောင်နယ်မြေ 

လားရှိုးမြို့၏ အနောက်တောင်ဘက် ၄၇ မိုင်ခန့်အကွာတွင်ရှိပြီး  တိုက်ပွဲများပြင်းထန်နေသည့် သီပေါမြို့နယ်ရှိ နားလွယ်ကျေးရွာကို စက်တင်ဘာ ၂၃  ၊ ညနေ ၃ နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်

Y12 အမျိုးစားလေယာဉ်ဖြင့် ဗုံး ၅ လုံးကြဲချသွားခြင်းဖြစ်ပြီး သက်ကြီးပိုင်းအမျိုးသမီးနှစ်ဦး၊ အသက် ၁၈ နှင့် ၂၁ နှစ် အရွယ်  အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း TNLA ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ပြောသည်။ 

“နားလွယ်ရွာက တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ သိပ်မဝေးဘူး။ ၁၀မိုင်လောက်ပဲဝေးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ တော့ မဟုတ်ဘူး။  ကျွန်မတို့ဆီမှာတက်တာက သတင်းယူနေတဲ့ သတင်းသမားတစ်ယောက်က ထိခိုက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတာ (သတင်းထောက်တစ်ဦးနှင့် ဒေသခံနှစ်ဦး) ၃ယောက်။ သီပေါတိုက်ပွဲ က ပြင်းထန်နေပါတယ်” ဟု ၎င်းက ဆိုသည်။ 

သေဆုံးသူများမှာ မောင်ကြည်တာ (၁၈ နှစ်) ၊ မောင်ဂူသာ (၂၁ နှစ်) ၊ ဒေါ်မာလေး (၅၀ နှစ်) နှင့် ဒေါ်အေနွန် (၇၇ နှစ်) တို့ မြေးအဖွား ၄ ဦး တို့ ဖြစ်ကြသည်ဟု နယ်မြေခံ ပရဟိတအဖွဲ့များထံမှ သိရသည်။

နားလွယ်ကျေးရွာတွင် သေဆုံးသွားသည့် မြေးအဖွားများ၏ ရုပ်အလောင်းများကို နယ်စည်းမခြား ပရဟိတအဖွဲ့မှ လာရောက်သယ်ယူစဉ်။ (ဓာတ်ပုံ-Shar Htet Paing)

ထိုတိုက်ခိုက်မှုအတွင်း အသက် ၂ နှစ်အရွယ် ကလေး အပါအဝင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရကာ နေအိမ် ၁၀ လုံး ခန့် ပျက်စီးခဲ့သည်။​

စက်တင်ဘာ ၂၉ ရက်က တိုက်ပွဲ ပြင်းထန်နေသည့် ရှမ်းမြောက် သီပေါမြို့နယ်တွင်  လေကြောင်း တိုက်ခိုက်မှုကြောင့် ခါလိန်ရွာက ၇ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ ကြောင်း TNLA က အောက်တိုဘာ ၁ တွင် ထုတ်ပြန်ထားသည်။ ၅ ဦး ဒဏ်ရာ ရခဲ့သည်။ 

စက်တင်ဘာ ၂၈  ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာ ရခဲ့သလို နေအိမ်နှင့် စျေးဆိုင်ခန်း ၁၀ ခန်းကျော်   ပျက်စီးခဲ့ကြောင်း TNLA က ဆိုသည်။

တစ်နိုင်ငံလုံး ရှုံးပွဲဆက်နေသည့် စစ်ကောင်စီက လားရှိုးနှင့် စစ်ဌာနချုပ်စခန်းကို လက်လွှတ်ရပြီး နောက်    လက်လွှတ်ထားရသည့် နယ်မြေများကို လေကြောင်းမှ လက်တုံ့ပြန်လာခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

သီပေါမြို့တွင် ဩဂုတ် ၁ မှ  စက်တင်ဘာ ၅ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် က​လေးငယ်အပါအဝင် ဒေသခံ ၂၄ ဦး သေဆုံး၊  ၆၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ဆိုသည်။ 

စက်တင်ဘာ ၁၃ နှင့် ၁၄ တွင်  နောင်ချိုမြို့ လူနေရပ်ကွက်အတွင်း ဗုံးကြဲခဲ့ပြီး ဒေသခံ အမျိုးသမီး တစ်ဦး ဒဏ်ရာရသည်၊  စက်တင်ဘာ ၁၆ တွင်  Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ဆက်တိုက် ကြဲချခဲ့ရာ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံတစ်ဦး ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ထို့ကြောင့် ယခုကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA နယ်မြေများ၌ သေဆုံးသူ ၂၁ ဦးခန့် ရှိနေသည်။

ဖယ်ခုံ၊ စဉ့်ကူး၊ တောင်သာ ၊ မင်းတပ် လေကြောင်းတိုက်ခိုက်မှု

ချင်းပြည်နယ် မင်းတပ်မြို့ကို စက်တင်ဘာ ၂၄   နံနက်ပိုင်းတွင် လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် ဗုံးကြဲသည်၊ ဖျက်အားပြင်း ဗုံးများ ပါဝင်သည်ဟု သိရကာ အခြေအနေ အသေးစိတ်မသိရပေ။ 

ရှမ်းနှင့် ကရင်နီပြည်နယ်ကြားတွင်ရှိသည့် ဖယ်ခုံမြို့နယ်၊ လတိန်ရွာကို စက်တင်ဘာ၂၁  ညနေ ၄ နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ အရွယ် ဒေါ်အေးဝင်းဆိုသူ သေဆုံးပြီး ကလေး ၅ ဦးအပါဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။ 

“အဲ့ဒီနေရာက တော်လှန်ရေးလက်နက်ကိုင်တွေ ရှိတဲ့နေရာမဟုတ်ဘူး။ တကယ့်ကိုအတွင်းပိုင်းဖြစ်ပြီး တော့မှ စစ်ဘေးရှောင်ပဲ ရှိတဲ့နေရာဖြစ်တယ်။ တိုက်ပွဲလည်း ဖြစ်စရာအကြောင်းမရှိတဲ့နေရာပေါ့နော်” ဟု ၎င်းက ဆိုသည်။

လတိန်ရွာသည် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးများ အပါအဝင် ၉ ဦး ထက်မနည်း သေဆုံးခဲ့သည့် လအိကျေးရွာ ဘန်ကောက်စစ်ရှောင်စခန်းရှိသည်နေရာနှင့် နီးကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၅ ရက်ညပိုင်းကလည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ဗုံးကြဲခဲ့၍ ဒေသခံ ၂ ဦး သေဆုံးခဲ့သည်။ 

စက်တင်ဘာ ၂၄ ရက်နံနက်က ဗုံးကြဲခံထားရသော အဆောက်အဦအနီးတွေ့ရသည့် MNDAA တပ်ဖွဲ့ဝင် တချို့။ (ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး)

Show More

Related Articles

Back to top button