ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တို့ကို စက်တင်ဘာ ၂၅ နှင့်၂၆ ရက်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ဘေးရှောင်များ အပါအဝင် အရပ်သား ၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ ၂၆) နံနက် ၈ နာရီခန့်က စစ်ကောင်စီ၏ လေယာဉ်နှစ်စီး သံတွဲမြို့ကို ဗုံးကြဲစဉ် မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့အတွင်း ဗုံးနှစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ခန်းမတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၁၄ ဦး သေဆုံးကာ ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု အာရက္ခတပ်တော် (AA) ပြန်ကြားရေးအရာရှိ ဦးခိုင်သုခက ပြောသည်။
“သေဆုံးသွားတဲ့သူတွေထဲမှာတော့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေအများစု ပါဝင်တယ်လို့ တွေ့ရပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ အရပ်သားပြည်သူများခိုလှုံနေသည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း AA ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း၊ အရပ်သားများ သေဆုံးသွားရခြင်းအတွက် အလွန်ဝမ်းနည်းရကြောင်း မြေပြင်တွင်ရှိသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အပြစ်မရှိတဲ့ စစ်ဘေးရှောင်စခန်းကိုမှ တည့်တည့်ပစ်တာအတွက်တော့ သိပ်စိတ်ထိခိုက်ရတယ်၊ သိပ်ကြေကွဲရတယ်” ဟု သူက ပြောသည်။
သံတွဲမြို့နယ်တိုက်ခိုက်မှုမှ ဒဏ်ရာရသွားသော ကလေးငယ်တစ်ဦး ၊ သံတွဲတွင် သေဆုံးသွားသည့်အလောင်းတစ်လောင်းကို သယ်ယူလာကြစဉ်။ (ဓာတ်ပုံ- ပေးပို့)
အလားတူ ယမန်နေ့ (စက်တင်ဘာ ၂၅ )၊ ညနေ ၄ နာရီခန့်အချိန်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များ ၊ ဥပုသ်သီလဆောက်တည်နေသူများ သေဆုံး၊ ဒဏ်ရာ ရရှိသွားသည်။
စစ်ကောင်စီသည် ရွာသာယာရပ်ကွက်၊ မြောက်ဘက်ဘုန်းကြီးကျောင်း၊ လေးဝတီဘုန်းကြီးကျောင်း၊ ရွာသစ်ပိုင်း စုစုပေါင်း ၄ နေရာကို ဗုံးကြဲချခဲ့ခြင်းဟု ဒေသခံများက ဆိုကြသည်။
တိုက်ခိုက်ခံရမှုကြောင့် ကိုမောင်သန်းဌေး (၃၈ နှစ်) နှင့် မရွှေဇင်ဝင်း (၁၁ နှစ်)တို့ သေဆုံးသွားသည်။ ဦးမောင်သောင်းယိုင် (အသက် ၈၀)၊ ဒေါ်သိန်းရွှေနု (၆၈ နှစ်)၊ ဦးကျော်မြ (၆၆ နှစ်)၊ ဦးနီနီကျော် (၄၈ နှစ်)၊ မထက်ထက်အေး (၁၁ နှစ်)၊ ဒေါ်ကျော့စိန်လှ (၇၂ နှစ်)နှင့် ဦးအောင်လှဦး (၇၅ နှစ်) တို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွား၍ ဆေးကုသမှုခံယူနေရသည်။
ဘုရား၊ ပုထိုးကျောင်းကန်များ ဆောက်လုပ်ပူဇော်ပြီး သာသနာပြုပုဂ္ဂိုလ်ဟု မိမိကိုယ်မိမိ ကင်ပွန်းတပ်နေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်ပေးမှုကြောင့် ဗုဒ္ဓဘာသာဝင်များ အလေးထားသည့် ဥပုသ်နေ့တွင် လေကြောင်းဖြင့်တိုက်ခိုက်ခံရသဖြင့် ကမ်းထောင်းကြီးမြို့မှ လူ ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသွားသည်။
စစ်လေယာဉ်နှစ်စီးသည် မြို့အနှံ့ ပတ်ကြည့်ပြီးနောက် စစ်ဘေးရှောင်စခန်း၊ ဘုန်းကြီးကျောင်းတို့ကို စက်သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဗုံးကြဲခဲ့သည်ဟု ဒဏ်ရာရရှိသူတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကယ်ဆယ်ရေးစခန်းမှာ ပြားပြားဝပ်ပြီး မှောက်ခုံမှောက်နေရတယ်။ ပြေးသူပြေး အမျိုးမျိုးပေါ့။ ခေါင်းထက်မှာချည်း (လေယာဉ်) ဝဲနေတာ။ ကြောက်ဖို့ကောင်းတယ်။ ပထမတစ်ကြိမ် စက်သေနတ်နဲ့ ပစ်တယ်။ ဒုတိယတစ်ကြိမ်လာပြီး အလုံးကြီးပစ်ချခဲ့တယ်” ဟု ၎င်းက ဆိုသည်။
၎င်း၏ဆွေမျိုးဖြစ်သူ အသက် ၇၂ နှစ်အရွယ် ဒေါ်ကျော့စိန်လှမှာ ဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်စခန်းသို့ ပြန်လာစဉ်လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု ပြောသည်။
စစ်ကောင်စီသည် ရဲစခန်းနှင့် လျှပ်စစ်ရုံးများကို ဦးတည်ပစ်ခတ်ခြင်းဖြစ်နိုင်သော်လည်း ထိုအဆောက်အအုံများကို မထိမှန်ဘဲ အနီးရှိ ဘုန်းကြီးကျောင်းများနှင့် လူနေထိုင်ရာနေရာများကိုသာ ထိမှန်ခဲ့သည်ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။
“ပထမတစ်ကြိမ်ပစ်ပြီးပြီ။ မပစ်တော့ဘူးဆိုပြီး ဘုန်းကြီးကျောင်းက ဆင်းလာကြတယ်။ ဆင်းလာတာနဲ့ လျှပ်စစ်ရုံးကို ပစ်တာနဲ့ တူတယ်။ လျှပ်စစ်ရုံးကို မကျဘဲ ဘုန်းကြီးကျောင်းလမ်းကို ကျတယ်။ သူတို့ ထွက်လာတာနဲ့ကွက်တိ။ ဝပ်တော့ဝပ်ခံကြတယ်။ မလွတ်လိုက်ဘူး” ဟု ၎င်းက ဆိုသည်။
အလားတူ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၂၄၊ ည ၈ နာရီခန့်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၂ ဦး သေကာ ၃ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ နှင့် ၁၆ ရက်တို့တွင် သံတွဲမြို့နယ်ကို ဗုံးကြဲခဲ့ရာ ဒေသခံ ၅ ဦး သေဆုံးထားသည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသော မြို့ရွာများကို မကြာခဏဗုံးကြဲတိုက်ခိုက်နေသောကြောင့် ဒေသခံများမှာ အသက်အန္တရာယ်စိုးရိမ်စွာဖြင့် နေထိုင်နေရသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
လက်ရှိတွင် မောင်တောမြို့နှင့် ဂွမြို့နယ်၊ ကျန္တလီမြို့အနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့ကို ဆုံးရှုံးခဲ့ရပြီးနောက် ၎င်းတို့စစ်ရှုံးထားသည့် ရှမ်းမြောက်၊ ရခိုင်နှင့် မြန်မာပြည်အလယ်ပိုင်းတို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာသည်။
ယခုလအတွင်း လေကြောင်းဖြင့် အရှိန်မြှင့်တိုက်ခိုက်နေရာ Myanmar Now က ပြုစုထားသောစာရင်းများအရ သေဆုံးသူ အရပ်သား အနည်းဆုံး ၉၀ နီးပါး ရှိကာ ရခိုင်ဒေသမှ စစ်သုံ့ပန်း ၅၇ လည်း သေဆုံးထားသည်ဟု သိရသည်။
ထို့ကြောင့် စက်တင်ဘာတစ်လအတွင်း လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ရခိုင်ဒေသခံ ၂၉ ဦး သေဆုံးထားကာ ထိုအထဲတွင် ကလေးငယ်များလည်း ပါဝင်သည်။
သံတွဲလေကြောင်းတိုက်ခိုက်မှုပုံများ