တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်သုံ့ပန်းအများအပြား ရှိနေပြီး ထိုအထဲမှ
အာရက္ခတပ်တော် (AA) လက်ထဲရှိ သုံ့ပန်းများမှာ စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို အများဆုံးခံနေရသည်ဟု သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ဗုံးကြဲရာတွင် သုံ့ပန်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်ဟု AA ပြန်ကြားရေးအရာရှိ ဦးခိုင်သုခက ပြောသည်။
“ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်မှာ အကျဉ်းသားတွေနဲ့ စစ်သုံ့ပန်းတွေကို ယာယီထိန်းသိမ်းထားတဲ့နေရာကို ဗုံးသီး တည့်တည့် ထိမှန်ခဲ့တာရှိတယ်” ဟု ၎င်းက ဆိုသည်။
“အဲဒီမှာ အကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီးတော့ အမြောက်အမြား ဒဏ်ရာရရှိခဲ့တာ”
ဇူလိုင် ၆ ရက်နေ့က AA သိမ်းပိုက်ခဲ့သည့် ထိုစခန်းကို အကျဉ်းစခန်းအဖြစ် သုံးနေခြင်း ဖြစ်သည်။
သေဆုံးသွားသူများထဲတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီ တပ်သားများ၊ စစ်ကောင်စီဘက်တော်သားများ၊ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူများ ပါဝင်သည်ဟု AA က ဆိုသည်။ ထိုအထဲတွင် စစ်သုံ့ပန်းအရေအတွက် မည်မျှပါဝင်သည်ကို
AA က ထုတ်ဖော်ခြင်း မရှိသေးပေ။
စက်တင်ဘာ ၈ ရက်နေ့ ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် စစ်သုံ့ပန်း ၇ ဦး သေဆုံးသည်ဟု ဦးခိုင်သုခက ပြောသည်။
“အဲဒီမှာဗုံး ၈ လုံးကြဲချခဲ့တာပေါ့။ အဲဒီမှာ ၁၇ ဦး သေဆုံးပြီးတော့ ၁၀ ဦးဒဏ်ရာရရှိတာရှိတယ်” ဟု ၎င်းကဆိုသည်။
“ သေဆုံးသွားတဲ့သူတွေထဲမှာ ဆေးကုသမှုခံယူနေတဲ့ စစ်သုံ့ပန်းအရာရှိကြီးတချို့ပါတယ်။ ပြီးတော့ ရာဇဝတ်မှုမျိုးစုံနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဥ်းသားတချို့ပါတယ်။ အဲဒီအကျဥ်းသားတွေကို ဆေးကုသပေးနေတဲ့ ဆေးဝန်ထမ်းတချို့၊ ပြီးရင် အဲဒီဆေးကုသရေးစင်တာကို လုံခြုံရေး ယူပေးနေတဲ့ ဝန်ထမ်းတချို့ပါတယ်”
သေဆုံးသူများအနက် ၁၀ ဦး၏ အမည်နှင့် အသေးစိတ်အချက်အလက်တချို့ကို AA က ထုတ်ပြန်သော်လည်း သုံ့ပန်း ၇ ဦး၏ အမည်နှင့် အချက်အလက်များကိုမူ ဆက်လက် လျှို့ဝှက်ထားဆဲဖြစ်သည်။
နိုင်ငံအနှံ့အပြားရှိ စစ်မျက်နှာအသီးသီးတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် MNDAA (ကိုးကန့်) ၊ AA (ရခိုင်)၊ TNLA (တအာင်း) နှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် မြို့၊ရွာများကို လေကြောင်းမှ ဗုံးကြဲလျက်ရှိသည်။
စစ်ကောင်စီသည် လူနေထူထပ်သောနေရာများ၊ ၎င်းတို့ စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများ ကို ဗုံးကြဲနေရာ ပြည်သူလူထုများနှင့် သုံ့ပန်းများ သေဆုံးလျက်ရှိသည်ဟု AA (ရခိုင်)၊ TNLA (တအာင်း)၊ MNDAA (ကိုးကန့်) တို့က က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါစစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ထားသည်၊ အကြမ်းဖက်တိုက်ခိုက်မှုတွင် လေသူရဲများ ပူးပေါင်း ဆောင်ရွက်မှု မလုပ်ကြရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီက ဆေးရုံ ဆေးခန်း၊ စာသင်ကျောင်း၊ စျေး၊ ဘာသာရေး အဆောက်အအုံ၊ လက်လွှတ်ခဲ့ရသော စခန်းဟောင်းများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဦးခိုင်သုခက ပြောသည်။
“ဒေသခံပြည်သူတွေအနေနဲ့ အသွားအလာဆင်ခြင်ကြဖို့၊ လေကြောင်းအန္တရာယ်၊ မြေမြှုပ်မိုင်း အန္တရာယ်တွေကို အထူးသတိထားပြီး စစ်ရေးသတိအမြဲရှိကြဖို့အတွက် ကျွန်တော်တို့က သတိပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှု မကြာခဏ ကြုံနေရသည့် ကရင်နီ ပြည်နယ် (ကယားပြည်နယ်) တွင်လည်း စစ်သုံ့ပန်းများ တစ်စုတစ်ဝေးတည်း ရှိနေတတ်သည်။
Federal FM Radio ယူကျုချယ်နယ်၏ စက်တင်ဘာ ၂ ရက်နေ့ထုတ် ရုပ်သံတွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ တရားရေးဌာန၊ ထောင်အမှတ် ၁ သည် အကျဉ်းသား ၁၀၃ ဦးကို ထိန်းသိမ်းထားသည့်နေရာဖြစ်သည်ဟု ဖော်ပြထားပြီး ထိုအထဲတွင် စစ်သုံ့ပန်းများလည်း ပါဝင်သည်။
သစ်၊ ဝါး၊ သံဆူးကြိုးတို့နှင့် တည်ဆောက်ထားသော ထောင်ရှိ အကျဉ်းသားများအနက် အများစုမှာ စစ်သုံ့ပန်းများ ဖြစ်သည်၊ ထိုအထဲတွင် ၂၀၂၃ နိုဝင်ဘာ ဒေသတွင်း တိုက်ပွဲများတွင် အဖမ်းခံလိုက်ရသူ ဗိုလ်မှူးဖြိုးမြတ်နိုင်၊ ဗိုလ်ကြီးကျော်စွာလင်းတို့လည်း ပါဝင်သည်ဟု ရုပ်သံတွင် တွေ့ရသည်။ စစ်သုံ့ပန်းတချို့၏ မိသားစုဝင်များလည်း ထိုစခန်းတွင် ရှိနေသည်။
စက်တင်ဘာ ၈ ရက်နေ့ထုတ် PVTV ရုပ်သံတွင် ရှမ်းပြည်နယ်အတွင်း ထိန်းသိမ်းခံနေရသူ စစ်အရာရှိများကို တွေ့ရသည်။ ထိုစစ်သုံ့ပန်းများမှာ အရေအတွက် ၅၃ ဦး ရှိပြီး ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးကြီးအဆင့် အရာရှိများ ဖြစ်သည်ဟု ဆိုသည်။
ရှမ်းပြည်နယ်ရှိ လေဝင်လေထွက် မကောင်းသည့် ကွန်ကရစ်အဆောက်အအုံတစ်ခုတွင် ထိန်းသိမ်းခံနေရသည့် အရာရှိကြီးများထဲတွင် ဒုဗိုလ်မှူးကြီး ဝင်းမိုးနိုင်၊ ဒုဗိုလ်မှူးကြီး အောင်သီဟဆွေ၊ ဗိုလ်မှူး နိုင်မင်း၊ ဗိုလ်မှူး သက်ပိုင်ကျော်ဦး၊ ဗိုလ်မှူး ကျော်နိုင်၊ ဗိုလ်မှူး ဖြိုးခိုင်ဦးတို့ ပါဝင်ကြောင်း ရုပ်သံတွင် တွေ့ရသည်။