သတင်း

မြင်းခြံ ချေဆေးရွာကို လေတပ်တိုက်ခိုက်၊ တစ်ဦးသေပြီး သုံးဦးဒဏ်ရာပြင်းထန်

စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အမျိုးသမီးများ ရှိနေစဉ် လေတပ်က ဗုံးကြဲခဲ့သည်၊ ထိုဖြစ်စဉ်တွင် သေဆုံးသူကို သင်္ဂြိုဟ်နေစဉ် ရွာကို ဗုံးကြဲခံရပြန်သည်ဟု မြင်းခြံမြို့နယ် ဒေသခံက ပြောသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာကို ယမန်နေ့ (စက်တင်ဘာ ၂၂) နံနက်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။ 

မြင်းခြံမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ မြင်းခြံနှင့် နွားထိုးမြို့နယ်ကြားတွင်ရှိသည့် ထိုရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအနီး ယာခင်း ထဲတွင် ပေါင်းပေါက်နေသည့် အမျိုးသမီးများ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

အသက် ၂၄ နှစ်အရွယ် မသူ သေဆုံးခဲ့ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအနက် ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးနှင့် နောက်ထပ်တစ်ဦးမှာ ခြေထောက်ပြတ်သွားထွက်သည်အထိ ထိခိုက် ထားကြောင်း ၎င်းက ဆိုသည်။ 

“ပထမတစ်ကြိမ်ကြဲကတည်းက အခင်းထဲမှာပေါက်တူးပေါက်နေတဲ့ အမျိုးသမီးတွေ ဒဏ်ရာတွေရကုန် တယ်။ သေဆုံးကုန်တယ်။ ဒုတိယတစ်ကြိမ်ကြဲတဲ့အချိန်မှာတော့ နာရေးချပြီးတဲ့အချိန်ကြဲတာမို့လို့ ရွာထဲမှာ လူမရှိတဲ့အချိန်မို့လို့ပေါ့၊ ဒုတိယတစ်ကြိမ်ကြဲတော့ ရွာထဲမှာပဲ ကျတယ်၊ အထိခိုက်အကျဆုံး မရှိဘူး” 

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ယာခင်းအနီးရှိ ခြံဝန်းတစ်ခုထဲမှ နွားအကောင်ရေ ၃၀ ခန့် သေဆုံး သွားသည်ဟု သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်သားများရှိသည်အထင်ဖြင့် အရပ်သားပစ်မှတ်မခွဲခြားဘဲ စစ်တပ်က အကြောင်းမဲ့တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ယူဆသည်။ 

“သက်သက်ကို အကြောင်းမဲ့ ကြဲတာပါ။ စစ်ကောင်စီဘက်က မြေပြင်သတင်းပေးတွေကလည်း မျက်စိ ကန်း၊ နားကန်းတွေ။  ပြည်သူလူထုတွေပဲ ထိခိုက်ဒဏ်ရာရတာပါ။ PDF တပ်တွေလည်း အဲ့ဒီဘက်မှာ သွားတာလာတာတော့ရှိချင်ရှိမှာပေါ့ဗျာ။ PDF တွေရှိပါတယ်ဆိုပြီးတော့မှာ အပေါ်ကနေ လေယာဉ်နဲ့ ကြဲတာ” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

ယာခင်းနှင့်ကပ်လျက် ခြံဝင်းထဲ ဗုံး ကျရောက်ပေါက်ကွဲခဲ့၍ သေဆုံးနေသော နွားတချို့။ (ဓာတ်ပုံ-ပေးပို့)

 မြင်းခြံမြို့နယ်အတွင်း အရပ်သား ထိခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ သတင်းစာမျက်နှာများတွင်လည်း သတင်းဖော်ပြမထားပေ။ ပြီးခဲ့သည့် ၁၂ လအတွင်း မြင်းခြံမြို့နယ်အတွင်း အရပ်သား ထိခိုက်မှုသတင်း ၃ ကြိမ် ဖော်ပြထားရာ ထိုထိခိုက်မှုများမှာ စစ်တပ်လက်ချက်မဟုတ်ကြောင်း ငြင်းချက်ထုတ်ထားသည့်သတင်းများ ဖြစ်သည်။

ခြေထောက်ထိခိုက်ထားသူများကို အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သော်လည်း ဝန်ဆောင်မှုပေးနိုင်သည့် ဆေးရုံဆေးခန်း မရှိသလို ဆေးဝါးဝယ်ယူရန်ခက်ခဲနေကြောင်း ချေဆေးရွာနှင့် နယ်နိမိတ်ချင်း ဆက်နေသော နွားထိုးကြီးမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ယနေ့ နံနက်တွင်လည်း ထိုကျေးရွာနှင့်နယ်နမိတ်ချင်းဆက်နေသည့် တောင်သာမြို့နယ်အခြမ်းကို  လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ပြောသည်။ 

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ တော်လှန်ရေးအင်အားစု ထိုးစစ်ဆင်နေသည့် မြင်းခြံ၊ နွားထိုးနှင့် တောင်သာမြို့နယ်များတွင် စစ်တပ်က မြေပြင်စစ်ကြောင်းများ စေလွှတ်ခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့်သာ အဓိကတိုက်ခိုက်နေသည်၊ မြင်းခြံမြို့အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းတွင် ကင်းထောက်ဒရုန်းများ ထပ်မံဖြည့်တင်းနေသည်ဟု ဒေသခံများက ဆိုကြသည်။ 

ထိုမြို့နယ်များ၌ PDF တပ်သားအင်အားများသလို ပြည်သူလူထုထောက်ခံမှုအားကောင်းခြင်းကြောင့် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်တွင် အရေးနိမ့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ  ပြည်သူကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်းမှူး ဗိုလ်မိုက်ခဲက ပြောသည်။ 

“ဒီကောင်တွေက စစ်ကို စစ်နဲ့တူအောင်မတိုက်ဘဲနဲ့ ပြည်သူလူထုကိုပဲ အဓိက မဲတိုက်တယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ဆိုသည်။ 

“အဲ့ဒါလည်း ပြည်သူထိခိုက်ရင် PDF ကို မကူနိုင်ဘူး၊ ဒုက္ခရောက်မယ် ဒီလိုပဲ ဒီကောင်တွေသုံးသပ်တယ်လို့ထင်တယ်။ တကယ်တမ်း စိတ်နာပြီးတော့ PDF ထဲကို အင်အားအများပြားနဲ့ ဝင်လာတာကို ဒီကောင်တွေ သတိမထားမိဘူး”

လက်နက်ကိုခုခံမှုအားကောင်းသည့် မြင်းခြံခရိုင်တွင် ယခင်က စစ်တပ်၏ မကြာခဏစစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့သည့် ဖြစ်စဉ်များစွာရှိခဲ့သည်။ ယခုအခါ မြေပြင်စစ်ကြောင်းကို PDF တပ်များက ကြားဖြတ်တိုက်ခိုက်သည်သာမက မြို့ပေါ်အထိ ထိုးစစ်ဆင်နေသည်။ 

ယမန်နေ့က တောင်သာမြို့နယ်နှင့် နယ်နမိတ်ချင်းဆက်နေသည့် ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်း လမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို မြင်းခြံခရိုင် အမှတ်(၉) နှင့် မဟာမိတ်များက စက်တင်ဘာ ၂၀ ရက် ညနေတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်မှုများကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် ရှိသည့် မြင်းခြံခရိုင်သည် စစ်ကိုင်း၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသလို မန္တလေးတိုင်းထဲတွင် လက်နက်ကိုင်ခုခံမှုအားကောင်းသော ဒေသတစ်ခုဖြစ်သည်။ မြင်းခြံခရိုင်တွင် NUG လက်အောက်ခံ PDF တပ်ရင်း ၉ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။

မြင်းခြံခရိုင်တွင် ပါဝင်ပြီး မန္တလေးမြို့နှင့် နီးသည် ငါန်းဇွန်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသလို စစ်ကောင်စီတပ်စခန်းများစွာအခြေစိုက်သော မီတ္ထီလာနှင့်ဆက်နေသော ကျောက်ပန်းတောင်းမြို့နယ်ထိ ပြောက်ကျားတိုက်ခိုက်မှုများ တွေ့လာရသည်။ 

ဇူလိုင်နှင့် ဩဂုတ်လက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ စစ်ကောင်စီလေတပ်သည် ယခုလဆန်းက နေရာအနှံ့အပြား ဗုံးကြဲတိုက်ခိုက်နေရာ နိုင်ငံတဝှမ်း ရေကြီး နေချိန် ခေတ္တ ရပ်နားသွားသော်လည်း ယခု ရက်ပိုင်း ခပ်စိတ်စိတ် ပြန်ဗုံးကြဲနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချို၊ သီပေါ ၊ ရှမ်းပြည်နယ်တောင်ပိုင်း  ဖယ်ခုံ၊ မကွေးတိုင်း မြိုင် မြို့နယ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း၊ ရခိုင်ပြည်နယ် စစ်တွေနှင့်သံတွဲမြို့တို့ စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်တို့အတွင်း လေကြောင်းမှ တိုက်ခိုက်ခံထားရသည်။

Show More

Related Articles

Back to top button