
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ရေဘေးသင့်သူများကို ကူညီကယ်ဆယ်၊ အစားအသောက်ပို့ဆောင်ရာတွင် စစ်ကောင်စီတပ်က ကန့်သတ်ထိန်းချုပ်နေသည်ဟု သိရသည်။
စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် မြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၃၀ ထက်မနည်းမှ ဒေသခံများ ရေဘေးသင့်နေကြသည်။ ထိုသူများထံ အစားအသောက်များ ပေးပို့လှူဒါန်းရာ အကန့်အသတ်ဖြင့်သာ ခွင့်ပြုခြင်း၊ သွားရောက်ကူညီသူများကို တင်းကျပ်စွာစစ်ဆေးခြင်း၊ အစားအစာများကို ရေဘေးသင့်ပြည်သူများထံ တိုက်ရိုက်မပို့စေဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက ထိန်းချုပ်ထားခြင်းတို့ ကြုံနေရသည်ဟု ဒေသခံများနှင့် ရေဘေးကူညီနေသူများက ပြောသည်။
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ သွားရောက်နိုင်သည့် သာဂရမြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီလက်နက်ကိုင် ၃၀ ထက်မနည်း တပ်စွဲထားသည်။
ရေဘေးသင့်ပြည်သူများထံ လှူမည့် အထုပ်များကို ထိုဂိတ်ရှိ စစ်သားများက စစ်ဆေးကာ အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာရောက်လို့ လူဦးရေက များနေရင် ထမင်းထုပ်က လိုနေရော။ ပြန်ယူဖို့ကလည်း ဝေးတော့ ရှိတာ ပေးခဲ့ရတာ၊ အဲသလိုအခက်ခဲတွေကြုံရတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကူညီသူများကိုလည်း လူဦးရေအကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုသည်ဟု သူက ဆိုသည်။
ထိုသို့ကန့်သတ်မှုများအပြင် ရေဘေးကြောင့် မြို့ပေါ် ပြောင်းရွှေ့တိမ်းရှောင်မည့်သူများကိုလည်း အုပ်ချုပ်ရေးမှူးများက နာမည်စာရင်းကောက်ယူနေသည်ဟုလည်း သိရသည်။
တော်လှန်ရေးအင်အားစုများထံမှ အကူညီမယူရန်၊ မပတ်သက်ရန် ခြိမ်းခြောက်ပြီး အကူအညီပေးသူများကိုလည်း စောင့်ကြည့်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ထမင်းထုပ်၊ ယမ်ယမ်ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်ဘူးတွေကို ဘုန်းကြီးကျောင်းလာပို့၊ အဲကနေ ဘုန်းကြီးတွေ အုပ်ကြီးတွေနဲ့ စစ်သားတွေက အိမ်တွေကို လိုက်ဝေပေး၊ အဲဒါကို စစ်သားတွေက လိုက်ကြည့်တာ” ဟု ရေဘေးကြုံတွေ့နေသူအထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။
စစ်ကောင်စီတပ်သားတို့က ရေကြီးခြင်းကို ကူညီခြင်းမရှိဟုလည်း သူက ဆိုသည်။
စစ်ကောင်စီကမူ ဒေသအသီးသီးတွင် ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး စစ်သား၊ ရဲတို့က ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်ဟု စက်တင်ဘာ ၁၆ ရက်စွဲဖြင့် ကြေညာချက် ထုတ်ထားသည်။
စစ်တောင်းမြစ်ကပ်လျက်ရှိသည့် ဆွာမကြီး၊ ဆွာတောင်ကမ်း၊ ဆွာဝပေါက်၊ ရွာသစ်၊ ခင်တန်းလေး၊ ကူးတို့ဆိပ်၊ မြောင်းတူး၊ ကိုးတန်း၊ ငှက်ပျောတော ၊ ရွှေကဇောင်း ကျေးရွာတို့အပါအဝင် ကျေးရွာ ၃၀ ထက်မနည်းသည် ဒေသခံ သောင်းနှင့်ချီ၍ ရေဘေးဒုက္ခကြုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။
စစ်တောင်းမြစ်ရေကြီးသည့် စက်တင်ဘာ ၁၄ ရက်တွင် နေအိမ်များ နစ်မြုပ်လာရာ စက်လှေများဖြင့် ဘေးလွတ်ရာ တိမ်းရှောင်ရန် ဒေသခံများက ကြိုးပမ်းခဲ့ကြသည်။ သို့သော် အုပ်ချုပ်ရေးမှူးများက တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် ကျေးရွာများသို့ မသွားဘဲ ရေတာရှည်၊ ဆွာ မြို့များရှိ ဘုန်းကြီးများသို့ တိမ်းရှောင်ရန် ခြိမ်းခြောက်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စားနပ်ရိက္ခာဝေငှမှုကို ထိန်းချုပ်ခြင်း၊ သွားလာရေးကန့်သတ်မှုများကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ဦးစားပေးပြောင်းရွှေ့စေပြီး ကျန်သူများမှာ ရေနစ်မြုပ်မှုမရှိသေးသည့် အိမ်အမြင့်များတွင် စုပေါင်း၍ နေထိုင်ကြရသည်ဟုလည်း အထက်ပါ ဒေသခံက ပြောသည်။
အိမ်တွေရေမြုပ်တော့ ဘာမှရှိတော့ဘူးလေ၊ ထမင်းထုပ်လာဝေပေးလို့ ထမင်းမငတ်သေးတာ၊ လိုတာကတော့ ဒီမှာက စားစရာနဲ့ ရေပဲလေ၊ အဲဒါကို သူတို့က ကန့်သတ်တော့ ထမင်းထုပ်မလောက်လို့ ဝေစားရတာမျိုးတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
သာဂရတံတားမှ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာများသို့ ယခင်ကတည်းက စားသောက်ကုန်များကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုပြီး ကုန်စုံဆိုင်ရောင်းချသူများကိုလည်း ပမာဏအများအပြား သယ်ယူပါက လာဘ်ငွေပေးရသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“အရင်ကတည်းက တော်လှန်ရေးအဖွဲ့တွေကို ရိက္ခာမရောင်းဖို့၊ ဆန်စက်တွေကိုလည်း ဆန်အများကြီး မကြိတ်ဖို့၊ Kpay၊Wave အများကြီးမထုတ်ပေးဖို့ စစ်သားတွေက တောက်လျှောက်စစ်တာ၊ ခုတော့ ပိုဆိုးတာပေါ့” ဟု ဆိုသည်။
တစ်နိုင်ငံလုံး ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးထိ ရှိနေပြီး၊ ၇၇ ဦး ပျောက်ဆုံးနေကြောင်း၊ ရေဘေးသင့်ပြည်သူ ၁၆၀,၀၀၀ ရှိကြောင်း စက်တင်ဘာ ၁၆ ရက် ညနေပိုင်းထိ စစ်ကောင်စီက ထုတ်ပြန်ထားသည်။ သို့သော် မြေပြင်တွင် သေဆုံးသူဦးရေသည် ယင်းပမာဏထက် ပိုမိုများပြားနိုင်ကြောင်း ကူညီနေသူအချို့က ခန့်မှန်းထားကြသည်။
ပြည်သူလူထု ထိခိုက်မှု များပြားသော ရေဘေး၊ မုန်တိုင်းဘေး၊ ကပ်ဘေးတို့နှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ရာတွင် စစ်ဗိုလ်ချုပ်များ အကြီးအကျယ် နာမည်ပျက်ထားဖူးသည်။