
“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းနှင့် ဒုတိယလှိုင်း နှစ်ခုစလုံးတွင် အကြီးအကျယ် စစ်ရှုံးခဲ့ပြီး၊ မြို့ကြီးမြို့ငယ် အများအပြားမှ ဆုတ်ခွာထွက်ပြေးခဲ့ရသော စစ်တပ်သည် စစ်သမိုင်းတွင် ဖျောက်ဖျက်မရသော အမဲစက်ကြီး စွန်းထင်းခဲ့သောနေ့၊ အရှက်အကွဲဆုံးနေ့မှာ ဩဂုတ်လ ၃ ရက်နေ့ ဖြစ်သည်။
ထိုနေ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်လုံး၏ လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် အဓိကတာဝန်ယူထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရပြီး စစ်တပ်သည် လားရှိုးမြို့မှ ဆုတ်ခွာထွက်ပြေးခဲ့ရသည်။
၁၉၅၀ ပြည့်နှစ်များအတွင်း မြန်မာ့မြေပေါ် ကျူးကျော်ဝင်ရောက်ခဲ့သော ကူမင်တန် တရုတ်ဖြူတို့ကို ပြန်လည် ထိုးစစ်ဆင်မောင်းထုတ်ခဲ့စဥ်ကလည်းကောင်း၊ ၁၉၆၀-၇၀ ဆယ်စုနှစ်များအတွင်း ထိုစဥ်က ကွန်မြူနစ် တရုတ် အစိုးရ၏ အထောက်အပံ့ဖြင့် အင်အားအလုံးအရင်းထိုးစစ်ဆင်လာသော ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်စဥ်ကလည်းကောင်း လားရှိုးမြို့ ကျဆုံးခြင်း မရှိခဲ့ပါ။
မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်ဗိုလ်ချုပ်တစ်သိုက်ကို ပို၍အရှက်ရစေခဲ့သော ဖြစ်ရပ်မှာ စစ်ရှုံးစစ်တပ် ထွက်ပြေးသွားပြီး တိုက်ပွဲများငြိမ်သက်သွားချိန်၊ မြို့ခံပြည်သူအများအပြား ပုံးအောင်းနေရာမှ လမ်းမများ ပေါ် အုပ်စုလိုက် ထွက်လာကြပြီး၊ တော်လှန်ရေးတပ်ဖွဲ့များကို “အောင်သပြေပန်း” များဖြင့် ကြိုဆိုကြ၊ ပျော်ရွှင် စွာ အောင်ပွဲခံကြသည့် ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ အွန်လိုင်းဆိုရှယ်မီဒီယာတွင် ပလူပျံခဲ့ခြင်း ဖြစ်သည်။

ထိုမြင်ကွင်းများက ပြည်သူတို့ စစ်တပ်ကို မည်မျှရွံရှာမုန်းတီးနေပြီး၊ တော်လှန်ရေးတပ်များကို မည်မျှ ယုံကြည်အားကိုးကြကြောင်း ဖော်ပြလျက်ရှိရာ မင်းအောင်လှိုင် မည်သို့မျှ ခံစားနိုင်စွမ်း ရှိမည်မထင်ပါ။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ပြီး တစ်လပြည့်သော စက်တင်ဘာလ ၃ ရက်နေ့တွင် မင်းအောင်လှိုင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော် တောင်ကြီးမြို့သို့ ရောက်ရှိသွားပြီး၊ စစ်ကောင်စီလက်အောက်ခံ ပြည်နယ် နှင့် ခရိုင်အဆင့်ဝန်ထမ်းများကို တွေ့ဆုံစကားပြောစဥ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့ရွာများကို တန်ပြန်ထိုးစစ်ဆင်သွားမည်ဟု ကြိမ်းဝါးခဲ့သည်။
အရပ်သားပြည်သူတို့၏ နေအိမ်များပါမကျန် ဗုံးကြဲတိုက်ခိုက်ရန် မင်းအောင်လှိုင် အမိန့်ပေး
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျဆုံးခြင်း တစ်လပြည့်သည့်နေ့တွင် တောင်ကြီးမြို့၌ မင်းအောင်လှိုင်ပြောခဲ့ သော စကားများထဲမှ စာတစ်ပိုဒ်ကို စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် စက်တင်ဘာလ ၇ ရက်နေ့မှစ၍ နေ့စဥ်ဖော်ပြလာသည်ကိုလည်း သတိပြုမိသည်။
ထို့ကြောင့် အဆိုပါစာပိုဒ်ပါ စကားစုများကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်သည့်အခါ အရပ်သားပြည်သူတို့၏ နေအိမ်များပါမကျန် “တော်လှန်ရေးတပ်များတပ်စွဲထားသည်ဟူသော အကြောင်းပြချက်ဖြင့်” ဗုံးကြဲတိုက်ခိုက်မည်ဟု အဓိပ္ပာယ်ရပြီး၊ ထိုနေ့နောက်ပိုင်း ဆက်တိုက်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများက ထိုအချက် ကို သက်သေခံလျက်ရှိသည်။
ရင်းမြစ်။ ။ မြန်မာ့အလင်းသတင်းစာ (စက်တင်ဘာလ ၇ – ၁၂၊ ၂၀၂၄ ခုနှစ်)
အထက်ပါစာပိုဒ်တွင် မင်းအောင်လှိုင်က “တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ် အဆောက်အဦများ၊ အရပ်ဖက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း” ၊ “အပြစ်မဲ့ ပြည်သူလူထု တို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ် စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံခြင်း” ၊ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ် စောင့်ရှောက်သွားမည်” ၊ “သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင် ရွက်သွားမည်” ၊ “မြို့ရွာ များရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ (တော်လှန်ရေးတပ်ဖွဲ့များ၏) အသုံးချမှု မခံရ စေရေးနှင့် ဘေးကင်းလုံခြုံ မှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်” စသည့် အချက်များကို လေ့လာ တွေ့ရှိရသည်။

ယင်းသည် အရပ်သားပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ရန် မင်းအောင်လှိုင် အမိန့်ပေးသည့် သက်သေ အထောက် အထား ဖြစ်သည်။
မင်းအောင်လှိုင်အမိန့်ပေးပြီးနောက် လေကြောင်းတိုက်ခိုက်မှု ၃ရက်အတွင်း ပြည်သူ ၉၀ နီးပါး သေဆုံး
မင်းအောင်လှိုင် ထိုသို့ပြောဆိုပြီးနောက် စက်တင်ဘာလ ၅ ရက်နေ့ ညသန်းခေါင်အချိန်တွင် တအာင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (TNLA) သိမ်းပိုက်ထားသော တရုတ်နိုင်ငံနယ်စပ်အနီး နမ့်ခမ်းမြို့ရှိ လူနေရပ်ကွက်ပေါ်သို့ ပေါင် ၅၀၀ ဗုံး နှစ်လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအပေါ် ဗုံးကြဲချခဲ့ခြင်းကြောင့် ကလေး ၉ ဦး၊ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၆ဦးနှင့် အမျိုးသား ၅ဦး၊ စုစုပေါင်း အရပ်သား ပြည်သူ ၂၀ သေဆုံး ခဲ့ပြီး၊ ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့သည်။
စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက် နှစ်ရက်ဆက်တိုက် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် တိုင်းရင်း သား တော်လှန်ရေးတပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသော လားရှိုးမြို့၊ ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသော ပေါက်တောနှင့် မောင်တောမြို့တို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လားရှိုးမြို့ဖြစ်စဥ်တွင် မြို့ပေါ်ရပ်ကွက် (၁) နှင့် စစ်တပ် မရှုမလှဆုတ်ခွာထွက်ပြေးခဲ့ရသော အရှေ့မြောက် တိုင်း စစ်ဌာနချုပ်အနီး ဗုံးကြဲချခဲ့ရာ အရပ်သား ၁ ဦးသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ ခဲ့သည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့ ဗုံးကြဲခံရမှုဖြစ်စဥ်များတွင် ပေါက်တောမြို့ ရှင်ရွာကျေးရွာရှိ AA ၏ စစ်သုံ့ပန်း စခန်းတစ်ခုပေါ်သို့ ည ၇ နာရီခန့်တွင် ဗုံးကြဲခဲ့ရာ သေဆုံးသူ အရေအတွက်မှာ စစ်သုံ့ပန်း ၇ဦး အပါအဝင် ၁၇ ဦး ရှိခဲ့သည်။ မောင်တောမြို့ဖြစ်စဥ်တွင် တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ထိန်းသိမ်းရန် AA က အသုံးပြုနေ သော အမှတ် (၂) နယ်ခြားစောင့်တပ်ခွဲ (နခခ – ၂) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဥ်နှစ်ခု ဖြစ်ပွားပြီးနောက် စစ်ကောင်စီလေတပ်ရမ်းကားနေ၍ စစ်ရေး သတိရှိကြရန် AA သတိပေးချက် ထုတ်ပြန်ပြီး ပြည်သူများကို အသိပေးခဲ့ရသည်။
ထို့ကြောင့် စက်တင်ဘာ ၅၊ ၈ နှင့် ၉ ရက်နေ့များတွင် စစ်တပ်သည် နမ့်ခမ်း၊ ဖယ်ခုံ၊ လားရှိုး၊ ပေါက်တောနဲ့ မောင်တောမြို့များကို ဗုံးကြဲမှုကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီးများနှင့် အရပ် သားပြည်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း ၈၈ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့သည်။
တောင်ကြီးမြို့တွင် တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြိမ်းဝါးပြီးနောက် မင်းအောင်လှိုင်သည် လေတပ်အင်အားကို အားကိုးပြီး၊ ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ ပြည်သူများကို ရက်စက်စွာ ဗုံးကြဲ သတ်ဖြတ်မှုများ ကျူးလွန်လာသည်။

စက်တင်ဘာလ ၉ ရက်နေ့ လားရှိုးနှင့် မောင်တောမြို့များကို ဗုံးကြဲသည့်ဖြစ်စဥ်များ မတိုင်မီ၊ ထိုနေ့နံနက်ပိုင်းတွင် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross – ICRC) ဥက္ကဋ္ဌ Ms. Mirjana Spoljaric ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို မင်းအောင်လှိုင် တွေ့ဆုံ ခဲ့ပြီး၊ စစ်တပ်သည် ဂျနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။
ယင်းဖြစ်စဥ်သည် တိုက်ဆိုင်မှုမဟုတ်ဘဲ တကမ္ဘာလုံးကို ပြောင်ပြောင်တင်းတင်း လိမ်ညာလှည့်ဖြားနေသော စစ်အာဏာရှင်တစ်ဦး၏ သရုပ်မှန်ပင် ဖြစ်သည်။ အာဏာသိမ်းခဲ့သည့် ၃နှစ်ခွဲအတွင်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများကဲ့သို့ နေရာအများအပြားကို စစ်တပ်က ဗုံးကြဲခဲ့သော သက်သေ အထောက်အထား များစွာရှိပါလျက်၊ မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်ပြီး ၎င်း၏ အလိမ်အညာပြောဆို ချက်များကိုနားထောင်ရန် မိုင်ပေါင်းထောင်ချီသောအရပ်မှလာခဲ့ရသော ICRC ဥက္ကဋ္ဌ၏ ခရီးစဥ်သည် အချည်းအနှီးသာ ဖြစ်ပါလိမ့်မည်။
မင်းအောင်လှိုင်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကမ္ဘာကြီးက ကျင့်ဝတ်သိက္ခာမဲ့စွာ ထိုင်ကြည့်နေခဲ့
မြန်မာစစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်စွာ ကိုယ့်ပြည်သူကို သတ်ဖြတ်နေခြင်းအား နိုင်ငံတကာ အသိုက် အဝန်းသည် ကျင့်ဝတ်သိက္ခာမဲ့စွာ ထိုင်ကြည့်နေကြသည်။
စင်စစ် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှ တစ်ကြော့ပြန် စစ်အာဏာသိမ်းမှုသတင်း ကြားရချိန်ကတည်းက နိုင်ငံတကာ အသိုက်အဝန်းသည် နိုင်ငံတကာမှ လက်ခံထားသော စံနှုန်းနှင့်ကျင့်ဝတ်အရ ကန့်ကွက်ရှုတ်ချရုံသာ လုပ်ခဲ့ကြပြီး၊ ရက်သတ္တပတ် အနည်းငယ်အတွင်း အခြေအနေအရပ်ရပ် ပုံမှန်ပြန်ဖြစ်သွားကာ၊ အာဏာသိမ်း စစ်ခေါင်းဆောင် များနှင့် ဆက်ဆံကြရုံကလွဲ၍ အခြားမရှိပြီဟု တွေးထင်ခဲ့ပါလိမ့်မည်။
မြန်မာပြည် စစ်အာဏာသိမ်းမှုသတင်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က “ယနေ့ကမ္ဘာကြီးမှာ စစ်အာဏာသိမ်းမှုများအတွက် နေရာမရှိ” ဟု ကြွေးကြော်ခဲ့ဖူးသည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က “ကမ္ဘာကြီးက စောင့်ကြည့်နေတယ်” ဟု ကြိမ်းဝါးခဲ့ဖူးသည်။ သို့သော် စစ်အာဏာသိမ်းမှု ၃နှစ်ခွဲကျော်လာချိန်တွင် ၎င်းတို့၏ အသံများကို ထပ်၍မကြားရတော့ဘဲ၊ ကမ္ဘာကြီးသည် မြန်မာအရေးကို လုံးလုံးလျားလျား တိတ်ဆိတ်မေ့လျော့ လိုက်ကြလေပြီ။
လွန်ခဲ့သော ၃နှစ်ခွဲလုံးလုံး မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်တစ်စိုက် ထောက်ခံအားပေးခဲ့ကြသော အနောက် နိုင်ငံများသည် စစ်တပ်၏ ကျူးလွန်မှုများကို ကန့်ကွက်ရှုတ်ချခြင်း၊ သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချခြင်း၊ စီးပွားရေး အရေးယူ ဒဏ်ခတ်ခြင်း စသည့် လုပ်ရပ်များမှလွဲ၍ မြန်မာပြည်သူများ နေ့စဥ် သေဆုံးနေရသည့် အပေါ် အကာအကွယ်ပေးရန် အခြားလုပ်စရာတစ်ခုခု မရှိတော့ပြီ။
မြန်မာစစ်တပ်၏ ကိုယ့်ပြည်သူများအပေါ် ရက်ရက်စက်စက် သတ်ဖြတ်ကျူးလွန်မှုများကြောင့် နိုင်ငံအတွင်း နေ့ရပ်စွန့်ခွာထွက်ပြေးကြရသော ပြည်သူအရေအတွက်မှာ ယူကရိန်း-ရုရှားနှင့် ဂါဇာ-အစ္စရေး ပဋိပက္ခတို့ထက် မလျော့ပါ။ မြန်မာပြည်က စစ်ပြေးဒုက္ခသည်များသည်လည်း လူသားများ ဖြစ်သော်ငြားလည်း ယူကရိန်း-ရုရှား နှင့် ဂါဇာ-အစ္စရေး အရေးကဲ့သို့ နိုင်ငံတကာအသိုက်အဝန်း၏ လက်တွေ့ကျကျ ကူညီမှုကို မရှိခဲ့ကြပါ။

“ပြည်တွင်းရေး” စည်းမျဥ်းဥပဒေသအောက်တွင် မြန်မာပြည်သူများ၏အသက်သည် တန်ဖိုးမရှိ
ကုလသမဂ္ဂပဋိညာဥ်စာချုပ်နှင့် နိုင်ငံတကာစည်းမျဥ်းများအရ မြန်မာအရေးကို ကမ္ဘာကြီးက “ပြည်တွင်းရေး” ဟူသော ခေါင်းစဥ်အောက်တွင် ထည့်ထားပြီး ထိုင်ကြည့်နေခဲ့ကြသည်။ ဂါဇာ-အစ္စရေး၊ ယူကရိန်း-ရုရှား အရေးတို့ကဲ့သို့ အချုပ်အချာအာဏာပိုင် နိုင်ငံနှစ်ခုအကြား ဖြစ်ပွားသော ပဋိပက္ခမဟုတ်၍၊ နိုင်ငံတကာ ငြိမ်းချမ်းရေးကို တိုက်ရိုက်ခြိမ်းခြောက်သည် ဟု မယူဆကြပါ။
မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေများကို ကျူးလွန်ဖောက်ဖျက်ကြောင်း ခိုင်လုံသော အထောက်အထား များစွာ ရှိနေသည့်တိုင်အောင် ယနေ့အချိန်ထိ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအသင်းကြီးက စစ်ခေါင်းဆောင် များကို နိုင်ငံတစ်ခု၏ စစ်တပ်ကို ဦးဆောင်သူ ခေါင်းဆောင်များအဖြစ် ဆက်ဆံနေကြသည်က စိတ်ပျက်စရာ အလွန်ကောင်းလှသည်။
နိုင်ငံတစ်ခု၏ စစ်တပ်သည် ကိုယ့်ပြည်သူများကို သတ်ဖြတ်နေခြင်းအား နိုင်ငံတကာစနစ်အတွင်း တားဆီး အရေးယူနိုင်စွမ်းမရှိခြင်းက ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးသည် ယဥ်ကျေးသောကမ္ဘာကြီးဟု မှတ်ယူနိုင်ပါ မည်လော။
ယနေ့ မြန်မာ့အရေးအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ အပြုအမူများအထဲ ကြောက်စရာကောင်းသည်မှာ စစ်တပ်၏ နေ့စဥ် တိုက်လေယာဥ်များဖြင့် ဖျက်အားပြင်းဗုံးများ ကြဲချခြင်း၊ အမြောက်ကြီးများဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူများအပေါ် စိတ်တိုင်းကျ ကျူးလွန်သတ်ဖြတ်နေခြင်းအပေါ် မည်သို့မျှ ခံစားမှုမဖြစ်ပေါ်တော့ခြင်း ဖြစ်သည်။ မြန်မာသည် ကမ္ဘာ့မိသားစုဝင် ဟုတ်ပါလေစ။
