သတင်း

နမ့်ခမ်းနှင့်ဖယ်ခုံ ညအချိန် ဗုံးကြဲခံရ၊ ကလေးများအပါအဝင် ၂၀ နီးပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံရှိ စစ်ရှောင်စခန်း၊ တရုတ်နယ်စပ်မြို့ နမ့်ခမ်းတို့ကို လေတပ်က ဗုံးကြဲစဉ် သေဆုံးသူ ၂၀ နီးပါးရှိပြီး ထိုအထဲတွင် ကလေး ၉ ဦး ပါဝင်သည်။

စစ်ကောင်စီ လေတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့၊  ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ကို ယမန်နေ့ (စက်တင်ဘာ ၅) ညအချိန်မှ နောက်တစ်နေ့ အစောပိုင်း အချိန်အတွင်း ဗုံးကြဲခဲ့ရာ ကလေးများအပါအဝင် ၂၀ ထက်မနည်း သေဆုံးသွားသည်။ 

ယနေ့ (စက်တင်ဘာ ၆) နံနက် ၁ နာရီခွဲခန့် တိုက်ခိုက်မှုတွင် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့လယ်ရှိ ကလေး ၂ ဦး၊ ကိုယ်ဝန်သည် အပါအဝင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၅ ဦး သေဆုံးသည်ဟု ဒေသခံများက ပြောသည်။

ရပ်ကွက် ၂ ခု သို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကျရောက် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း ကလေး ၂ ဦး၊ အမျိုးသမီး ၅ ဦး ၊ အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ် (TNLA) က ထုတ်ပြန်သည်။

ဒဏ်ရာရသူများထဲမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦး စိုးရိမ်ရကြောင်း၊ ပျောက်ဆုံးနေသူတချို့လည်း ရှိနေကြောင်း မြို့ခံတချို့က ဆိုသည်။

ညအချိန်ဖြစ်သည့်အတွက် ဗုံးပေါက်ကွဲသံကို တစ်မြို့လုံး ကြားခဲ့ရပြီး နမ့်ခမ်းမြို့လယ် ပြည်ထောင်စုလမ်းမကြီးဘေး ရပ်ကွက်များဖြစ်သည့် ပေါက်နီရပ်ကွက်၊ ဟိုကပ်ရပ်ကွက်တို့မှ နေအိမ် ၂၀ ခန့်လည်း ပျက်စီးသွားသည်ဟု သိရသည်။ 

“ပေါက်နီရပ်ကွက်က ဘုရားကျောင်းရဲ့ တောင်ဘက်က လမ်းဆုံမှာကျတော့ ဘေးအိမ်တွေတော့ ထိတဲ့သူ ထိတယ်၊ ဒုတိယအလုံး ဟိုကပ်ရပ်ကွက်ကျတော့ အိမ်ကြားမှာပေါ့ဗျာ၊ အဆောက်အအုံတွေလည်း အများကြီး ထိခိုက်သွားတယ်။ အပျက်အစီးပိုများတယ်” ဟု အသက် ၅၀ ခန့်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဟိုကပ်က ကျတာက ဗုံးစတောင် ကားလမ်းပေါ်ထိ တစ်ဖာလုံလောက်အထိကို ကျလာတယ်” 

ဗုံးပေါက်ကွဲသည့်ရပ်ကွက်နှစ်ခုတွင် လက်နက်ကိုင်အဖွဲ့အစည်းများ မရှိသည့်အတွက် စစ်ကောင်စီတပ်က ပြည်သူကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတချို့၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ – နမ့်ခမ်းမြို့ကရုဏာပရဟိတအသင်း)

“နှစ်နေရာလုံးက သက်သက်မဲ့ (ဗုံး) ချတဲ့သဘောမြို့ရှိတယ်၊ ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေလည်း အဲဒီမှာ ရှိတာ မဟုတ်ဘူး နေ့ည ရှိတာမဟုတ်ဘူး။ အခုချတဲ့နေရာတွေက အရပ်သားပြည်သူတွေပဲ ရှိတယ်၊ TNLA တွေက အဲဒီနေရာတွေမှာ နေမှမနေပဲ” ဟု အထက်ပါ မြို့ခံအမျိုးသားက ပြောသည်။

ဗုံးကြဲမှုတွင်း သေဆုံး၊ ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းများနှင့် TNLA တပ်ဖွဲ့ဝင်များက ကယ်ဆယ်ပေးခဲ့ပြီး ဒဏ်ရာရသူများကို ဆေးဝါးကုသပေးနေသည်ဟု သိရသည်။

ယနေ့နံနက် ၉ နာရီခန့်ကလည်း တိုက်လေယာဉ်တစ်စီး မြို့ပေါ် ပျံဝဲသွားသည့်အတွက် နောက်တစ်ကြိမ် ဗုံးကြဲမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံတချို့က ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့ပေါ်တွင် လူအသွားအလာ ကျဲပါးသွားသည်၊ မြို့မဈေးနှင့် ဈေးဆိုင်တချို့ဖွင့်ပြီး ဆိုင်အများစု ပိတ်ထားကြသည်ဟု သိရသည်။

နမ့်ခမ်းမြို့ကို TNLA က “၁၀၂၇ စစ်ဆင်ရေး” ပထမကျော့အတွင်း ၂၀၂၃ ဒီဇင်ဘာလ ၁၈ ရက်တွင် သိမ်းပိုက်ထားသည်၊ TNLA ထိန်းချုပ်အပြီး ပထမဆုံးအကြိမ် ဗုံးကြဲခံရခြင်းဖြစ်သည်။

ဖယ်ခုံမြို့နယ် စစ်ရှောင်စခန်း ဗုံးကြဲခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း လအိကျေးရွာအနီးရှိ ဘန်ကောက် အမည်ရှိ စစ်ရှောင်စခန်းကို ယမန်နေ့ (စက်တင်ဘာ ၅) ည ၁၀ နာရီ ဝန်းကျင်အချိန် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် စစ်ဘေးရှောင်များဖြစ်ကြသော ကလေးများ အပါအဝင် ၉ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဖယ်ခုံစစ်ရှောင်စခန်းမှ သေဆုံးသူများ၏ ရုပ်အလောင်းများ မြှုပ်နှံရန် ပြင်ဆင်နေစဉ်။ (ဓာတ်ပုံ – ဖက်ဒရယ် FM)

သေဆုံးသူများမှာ အသက် ၁၀ နှစ်ဝန်းကျင် ၄ ဦး၊ ၁၃ နှစ်ဝန်းကျင် မိန်းကလေး ၃ ဦး၊ ၅၀ ဝန်းကျင် အမျိုးသမီး ၂ ဦးတို့ဖြစ်ကြသည်ဟု ကနဦး သိရသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြည်သူများ ပစ်မှတ်ထားခံရခြင်း ဖြစ်သည်ဟု ပြောသည်။

“အနီးအနား တိုက်ပွဲလုံးဝမရှိဘူးဗျ။ ဆုံးသူအားလုံးက စစ်ဘေးရှောင်ပါဗျ။ တဲအိမ် ၂၀ ‌ကျော် ပျက်စီးပါတယ်” ဟု ၎င်းက ဆိုသည်။

“အခုလတ်တလောအချိန်အထိ သေဆုံးသူ ၉ ဦးအထိ ရှိတယ်။ ပျောက်ဆုံးနေသူ၊ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်။

ညအချိန် ဗုံးကြဲခံရသည့် စစ်ရှောင်စခန်းတွင် ဒဏ်ရာရသူ များနိုင်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ “ ဗုံးကျတဲ့နေရာကြည့်ခြင်းအားဖြင့် ပေါင် ၅၀၀ တို့၊ ပေါင် ၂၀၀ ဗုံးတွေ ပါတယ်ဆိုတာ သေချာပေါက်ပေါ့။ အနည်းဆုံး ၄ လုံးကြားမှ ၆ လုံးကြား ဖြစ်နိုင်ခြေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသော ဖယ်ခုံ စစ်ရှောင်စခန်းလေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသော လူ့ခန္ဓာကိုယ်အပိုင်းအစတစ်ခု။

ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) စခန်းများကို လေတပ်က ဗုံးကြဲ

အလားတူ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ဖွင့်လှစ်ထားသော ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (Karenni State Police – KSP) စခန်း ၂ ခုကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၄ နှင့် ၅ ရက်တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲမေတစ်ဦးနှင့် အခြားတစ်ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ဒဏ်ရာရသူများထဲမှ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျသွားကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြပြီး ဒဏ်ရာရသူအားလုံးမှာ အရပ်သားများ သို့မဟုတ် KSP တပ်ဖွဲ့ဝင်များ ဟုတ်မဟုတ် အတိအကျမသိရသေးပေ။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ဦးဆောင်၍ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော CDM ရဲ ၃၀၀ ကျော်ဖြင့် ပြည်နယ်တွင်းရှိ ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ကာ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (Karenni State Police – KSP) ကို ၂၀၂၁ ဩဂုတ် ၂၅ က ဖွဲ့စည်းထားခြင်းဖြစ်သည်။

နန်းမယ်ခုံမြို့တိုက်ခိုက်ခံရမှုတွင် လတ်တလောအနေဖြင့် ၂ ဦး သေဆုံးကြောင်းသာ အတည်ပြုနိုင်သေးကြောင်း ဦးဗညားက ဆိုသည်။

“အကြမ်းဖျင်းသိရသလောက်ကတော့ နန်းမယ်ခုံမှာ ကျွန်တော်တို့ KSP စခန်းနှစ်ခု ကြဲခံရတယ် ကြားပါတယ်။ နှစ်ခုထဲက တစ်ခုကတော့ သေဆုံးမှုရှိပါတယ်။ ရဲမေတစ်ဦး သေဆုံးတယ်လို့ ကြားတယ်။ နောက်တစ်ဦးက ထိခိုက်ဒဏ်ရာရတာ ပြင်းထန်တဲ့နှစ်ဦးထဲက တစ်ဦးထပ်ဆုံးတယ်လို့ ကြားရပါတယ်၊ အဲဒါက အကျဉ်းသားလား၊ KSP ထဲက ရဲလားဆိုတာ မသိရသေးလို့ပါ” ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုအပြီး နန်းမယ့်ခုံမြို့ပေါ်ရှိ ဒေသခံအများအပြားသည် ဘေးလွတ်မည်ထင်ရသော နေရာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

နိုင်ငံအနှံ့ စစ်မီးဝိုင်းနေသည့် စစ်ကောင်စီသည် လိုအပ်နေသော စစ်အင်အားကို ဖြည့်တင်းရန် စစ်မှုမထမ်းမနေရစနစ်ဖြင့် စစ်သား အဓမ္မစုဆောင်းနေသလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်နေရာ ယခုလဆန်းမှစ၍ လေယာဉ်များဖြင့် ခပ်စိပ်စိပ်ဗုံးကြဲနေသည်။

မကြာသေးခင် စက်တင်ဘာ ၄ ရက်က စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာ ၃ ရွာကို ရေတပ်နှင့် လေတပ်က ပစ်ခတ်ခဲ့၍ ထိုရွာများမှ ဒေသခံများ အရေးပေါ်တိမ်းရှောင်ခဲ့ရသည်။

အလားတူ စက်တင်ဘာ ၃ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကျေးရွာတစ်ရွာကို လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကြဲခဲ့ရာ ဒေသခံ ၈ ဦး ဒဏ်ရာရပြီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

တော်လှန်ရေးအင်အားစုများက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ပြုလုပ်နေသော မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် လူနေကျေးရွာများကိုလည်း စက်တင်ဘာ ၁ နှင့် ၅ ရက်တို့တွင် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသမှ မြို့များကိုလည်း လေကြောင်းမှ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေရာ စက်တင်ဘာ ၄ ရက်က သီပေါမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သည်။

ဩဂုတ် ၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် သီပေါမြို့တွင် က​လေးငယ်အပါအဝင် ဒေသခံ ၂၂ ဦး သေဆုံးခဲ့ပြီး လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု TNLA စာရင်းများအရ သိရသည်။  

အလားတူ TNLA ထိန်းချုပ်မြို့များဖြစ်သည့် နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့ကို ပြီးခဲ့သည့် ရက်များအတွင်း အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

အရပ်သားများ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက် ၃၀ အတွင်း စစ်တပ်သတင်းထုတ်ပြန်ချက်များထဲတွင် ဗုံးကြဲသဖြင့် အရပ်သားသေဆုံးသည်ဆိုသောသတင်း မမှန်ကန်ကြောင်း ရေးသားထားသည့် သတင်း ၂ ပုဒ် ပါဝင်သည်။

စစ်ရှောင်စခန်း တိုက်ခိုက်ခံရအပြီး မြင်ကွင်းတချို့။ (ဓာတ်ပုံ- Karenni People’s Voice)

Related Articles

Back to top button