သတင်း

စစ်ကောင်စီကို ဆက်လက်အန်တုကြရန် လွှတ်တော်ကိုယ်စားပြုကော်မတီ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ထုတ်ပြန်လိုက်သော နိုင်လွတ်လုံဥပဒေနှင့် ရပ်ကျေးဥပဒေ နှစ်ရပ်လုံးသည် တရားမဝင်သည့်အတွက် ပြည်သူများ လိုက်နာရန်မလိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ဖေဖော်ဝါရီ ၁၄ တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်သူလူထု၏ အခွင့်အရေးများကို ကန့်သတ်ရန် ကြိုးစားခြင်းသည် နိုင်ငံ၏ “ဒီမိုကရေစီအသွင်ပြောင်းလဲမှုကို ဖျက်ဆီးရာရောက်သည်” ဟု ကြေညာချက်က ဆိုသည်။

ဧည့်စာရင်းစစ်ဆေးခြင်း၊ နောက်ယောင်ခံလိုက် စုံစမ်းစစ်ဆေးခြင်းတို့မှာ ဒီမိုကရေစီနှင့် ဆန့်ကျင်သဖြင့် ထိုဥပဒေတို့ကို NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

နေပြည်တော်တွင် လွှတ်တော်သစ် အစပြုတော့မည့်အချိန်တွင် စစ်တပ်က အာဏာသိမ်းကာ စစ်ကောင်စီဖွဲ့ပြီး အုပ်ချုပ်ရေးအာဏာ လုယူလိုက်သဖြင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားသည့် NLD ပါတီ၏ ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ ၁၅ ဦးက CRPH ကို ဖေဖော်ဝါရီ ၅ တွင် ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၇၈ ဦး၏ တာဝန်လွှဲအပ်မှုဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ဥပဒေပြုရေးအပါအဝင် လွှတ်တော်တာဝန်များ ထမ်းဆောင်မည့် ဤကော်မတီသက်တမ်း ၅ ရက်အကြာတွင် အခြားပါတီ ၂ ခုမှ ကိုယ်စားလှယ် ၂ ဦးကို ထပ်မံ အင်အားဖြည့်တင်းလိုက်သည်။ ထိုသူတို့မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးရောဘတ်ညေးရယ်၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးလမင်းထွန်းတို့ ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုဆောင်ရွက်မည့် ထိုကော်မတီက စစ်အာဏာသိမ်းမှုဆန့်ကျင်နေကြသူများ၊ အာဏာဖီဆန်နေသည့် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်းများကို လေးစားဦးညွှတ်ကြောင်း ဖေဖော်ဝါရီ ၁၂  ပြည်ထောင်စုနေ့သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ထိုနေ့မတိုင်မီက ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ပြည်သူ့ဝန်ထမ်းများ၏ မတရားသည့် အမိန့်အာဏာများဖီဆန်ရေး (CDM) လှုပ်ရှားမှုကို အားပေးကြောင်း ဖော်ပြခဲ့သည်။

အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့်သူများ မူလအလုပ်တာဝန် ရာထူးတည်မြဲရေးအတွက် အာမခံချက် အပြည့်အဝပေးနိုင်စေရန် ဥပဒေပြဋ္ဌာန်းမည်ဟု ဖေဖော်ဝါရီ ၁၁ ကြေညာချက်က ဆိုသည်။

Show More

Related Articles

Back to top button