ရန်ကုန် – ကျွန်တော်မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ကို HIV ပိုး ရှိသူများ အားထားရာ ရန်ကုန်မြို့က အခမဲ့ ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်က တွေ့လိုက်ရပါတယ်။ သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင် အရွယ် အမျိုးသမီးဟာ သူ့မိခင်ဖြစ်ပြီး သူ့လိုပဲ ပြည့်တန်ဆာအလုပ် လုပ်ကိုင်သူပါ။ မိခင်အတွက် လိုအပ်တဲ့ ဆေးဝါး ထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ ဆိုပါတယ်။
ခန္ဓာကိုယ်နဲ့ရင်း အသက်မွေးဝမ်းကျောင်းပြုတဲ့ အရပ် ၄ ပေ ကျော်ကျော်၊ အသား ညိုညို၊ ပိန်ပိန်ပါးပါး မဝတ်ရည်(အမည်လွှဲ) က ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့လယ်မှာ အရွယ်စုံ ပြည့်တန်ဆာတချို့နဲ့အတူ ဖောက်သည်စောင့်နေတတ်သူပါ။ မြို့ထဲလမ်းမပေါ် ရှိနေတတ်တဲ့ ဒီမိန်းကလေးကို တွေ့တာနဲ့ အသက် ၁၈ နှစ် မပြည့်သေးဘူး ဆိုတာကို အလွယ်တကူ သတိထားမိကြပါလိမ့်မယ်။
ရန်ကုန်ရဲ့ စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်၊ ပြည်လမ်းမတလျှောက် ဖောက်သည်တစ်ယောက်ယောက်နဲ့ ချိတ်မိရင် ရောက်သွားတတ်တဲ့နေရာကတော့ တည်းခိုခန်းတစ်ခုခုပါပဲ။
“တည်းခိုခန်းထဲ ဝင်လိုက်တာနဲ့ သမီးအသက်ဘယ်လောက်လဲ မေးကြတယ်။ သမီးက ၁၈ နှစ် ပြည့်ပြီးသားလို့ ပြောရင်လည်း မယုံကြတာကြောင့် သမီးဖောက်သည်ပျက်ရတဲ့ အကြိမ်လည်း မနည်းတော့ဘူး” လို့ သူက ဆိုတယ်။
လမ်းပေါ်မရောက်ခင် သူလုပ်ကိုင်ခဲ့တဲ့နေရာက အနှိပ်ခန်းတစ်ခုမှာပါ။ တကယ်တမ်းက အဲဒီနေရာဟာ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်တဲ့ နေရာပါ။ အဲဒီကို ရောက်ရောက်ချင်း သူ ပထမဦးဆုံး ဖျော်ဖြေပေးရတာကတော့ အဲဒီအနှိပ်ခန်းပိုင်ရှင်ကိုပါပဲ။
ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကို နိုင်ငံအများအပြားမှာ ဥပဒေနဲ့ တားမြစ်ထားတဲ့အတွက် တခြားလုပ်ငန်းတစ်ခု ဗန်းပြပြီး လုပ်ကိုင်ကြပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အတွက် ပေးကမ်းရမယ့်သူတွေကို ပုံမှန် ပေးကမ်းပြီး လုပ်ငန်းလည်ပတ်နေကြတယ် ဆိုတာ သူတို့ရဲ့ဖောက်သည်တွေရော၊ ဖောက်သည်မဟုတ်သူတွေပါ နားလည်ထားပြီးသားပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။ အနှိပ်ခန်း၊ ကာရာအိုကေ၊ KTV စတာတွေရဲ့နောက်မှာ တားမြစ်ထားတဲ့လုပ်ငန်း ရှိနေတတ်ပါတယ်။ တချို့ဆိုရင် အလှပြင်ဆိုင် ဗန်းပြဖွင့်တာတောင် ရှိနေပါပြီ။
ဖောက်သည်တွေ ပုံမှန်ရှိ၊ လုပ်ကိုင်သူတွေလည်းရှိ၊ တားမြစ်ပိတ်ပင်ဖို့လည်း အခက်အခဲရှိတဲ့ ဒီလုပ်ငန်းကို တရားဝင် ခွင့်ပြုပြီး စည်းကမ်းတကျ လုပ်ကိုင်ခွင့် မပေးသင့်ဘူးလားဆိုပြီး ဆွေးနွေးသူတချို့ ရှိပါတယ်။ တားမြစ်ထားတဲ့ ဒီလုပ်ငန်းထဲက အမျိုးသမီးတွေထဲမှာ တချို့က အသက် ၁၈ နှစ် မပြည့်သေးပါဘူး။ အမျိုးသမီးတွေ ပြည့်တန်ဆာလောကထဲ ဝင်ရောက် လုပ်ကိုင်ကြခြင်းဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်နေတယ် လို့ Marie Stopes International Myanmar မှ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောပါတယ်။
ပြည့်တန်ဆာ လုပ်ငန်းထဲ အသက် ၁၈ နှစ်အောက် အမျိုးသမီးတွေ ရှိနေတယ်ဆိုတဲ့အကြောင်း ဆောင်းပါးရေးဖို့ ကျွန်တော် မဝတ်ရည်ကို အင်တာဗျူးဖြစ်တဲ့ အချိန်မှာတော့ သူဟာ သူ့မိခင်လို HIV ပိုး ကူးစက်ခံရမှာကို ကြောက်ရွံ့ပြီး ဒီ ပြည့်တန်ဆာလောကကို စွန့်ခွာဖို့ ပြင်ဆင်နေချိန်ဖြစ်နေပါတယ်။ ခန္ဓာကိုယ်ရင်းပြီး နေ့စဉ် ပုံမှန်ဝင်ငွေ သုံးသောင်းကနေ ငါးသောင်းလောက်အထိ ဝင်နေတဲ့ဘဝကနေ တစ်လမှ ကျပ် ၈ သောင်းသာရမယ့် ဖုန်း ပစ္စည်းရောင်းတဲ့ဆိုင်မှာ ဝင်လုပ်ဖို့ စီစဉ်နေတာပါ။
ကျွန်တော်တို့နိုင်ငံမှာ သူ့လို အသက် ၁၈ နှစ် မပြည့်ခင် အရွယ်ထဲက ကိုယ့်ရဲ့အပျိုစင်ကို ရောင်းခံရ၊ အသုံးချခံရ၊ တချို့ဆိုရင် အကြမ်းဖက် ခံလိုက်ရပြီး ပြည့်တန်ဆာလောကထဲကို ရောက်သွားတဲ့သူ ဘယ်လောက်များ ရှိနေမလဲ၊ HIV ပိုး ကူးစက်ခံရသူ ဘယ်လောက် ရှိမလဲ။ မဝတ်ရည်နဲ့ စကားပြောနေရင်း ရှိုက်သံတွေ ကြားရပါတယ်။ ကိုယ့်သမီးလေးများ ဖြစ်ရင်တော့ … ဆိုတဲ့ ခံစားချက် ပေါ်လာတဲ့အတွက် စိတ်မကောင်းဖြစ်၊ ဆို့နင့်ခဲ့ရပါတယ်။ ကလေးအရွယ်မှာ ကတည်းက ကြမ်းတမ်းခတ်ထန်တဲ့ဘဝကို ရောက်သွားရတဲ့သူကို မြင်ရတော့ ဘာကိုသွားအပြစ်တင်ရမှန်း မသိတော့ပါဘူး။
ပြည့်တန်ဆာ အလုပ်ကို မကောင်းမှုလို့ မြင်ကြပြီး ပြည့်တန်ဆာ အမျိုးသမီးကို မကောင်းတဲ့မိန်းမ လို့ ဆိုတတ်ကြပါတယ်။ တချို့ အမျိုးသားတွေက ကိုယ့်ဘာသာ အပျော်အပါး တိတ်တဆိတ် လိုက်စားချင်လိုက်စားမယ်၊ တိတ်တိတ်ပုန်း အငယ်အနှောင်း ထားချင်ထားမယ်၊ အများရှေ့မှာတော့ အာပေါင်အာရင်းသန်သန်နဲ့ “ဟာ … ဒါ ယဉ်ကျေးမှု နဲ့ မကိုက်ညီဘူး” လို့ ပြောကောင်း ပြောပါလိမ့်မယ်။
လိင်ပညာပေး အစီအစဉ်တွေ ရှိရမယ်၊ မဖြစ်သင့်တာကို မဖြစ်အောင် အသိပေးထားမှ နည်းမှန်လမ်းမှန်ဖြစ်မယ်လို့ ပြောသူတွေလည်း ကဲ့ရဲ့ရှုတ်ချတာတွေနဲ့ ကြုံရနိုင်ပါတယ်။
ပညာပေးသင့်တာပေး၊ ဆွေးနွေးသင့်တာ ဆွေးနွေးကြမယ် ဆိုရင်တော့ ရောဂါကူးစက်မှု၊ မတရားလုပ်မှုတွေ ပမာဏ အများအပြားကို လျှော့ချနိုင်ပါလိမ့်မယ်။ ပြည့်တန်ဆာနဲ့ ပတ်သက်ပြီး ဥပဒေတွေကိုလည်း ပြင်ဆင်ရပါမယ်။ ပြင်ဆင်တဲ့အခါ လည်း အသက် ၁၈ နှစ်အောက်တွေ ပြည့်တန်ဆာလောကထဲ ရောက်မသွားအောင် လုံလောက်တဲ့ အဟန့်အတားတွေ ထည့်သွင်းရေးဆွဲသင့်ပါတယ်။
ဥပဒေတွေ ခေတ်နဲ့ လျော်ညီမယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း အရှိန်ရလာမယ် ဆိုရင် မဝတ်ရည်ကြုံတွေ့ခဲ့ရသလို ဖြစ်ရပ်မျိုးတွေ မြန်မာပြည်မှာ လျော့နည်းသွားမှာဖြစ်ပါတယ်။