ဆောင်းပါး

အခွင့်အရေး ပိုမိုဆုံးရှုံးလာနေသည့် ပြည့်တန်ဆာများ

ရန်ကုန်မြို့ ကားလမ်းဘေးတစ်နေရာတွင် မနှင်းဆီဟု သူ့ကိုယ်သူ မိတ်ဆက်သည့် အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီး မတ်တတ်ရပ်နေခြင်းမှာ သူ့ကို ခေါ်ဆောင်သွားမည့်သူ တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

လာခေါ်သူ ပေါ်လာလျှင် ဝင်ငွေရမည့် အခြေအနေကြောင့် သူဝမ်းမြောက်မိသည်။

သို့သော်လည်း လာခေါ်သူမှာ စစ်ကောင်စီ လက်နက်ကိုင်များ ဖြစ်နေလျှင်တော့ ဝင်ငွေအတွက် မျှော်လင့်ချက်မထားနိုင်တော့ပေ။ ထို့ပြင် လာခေါ်သည့် တစ်အုပ်စုလုံးက သူ့ကို လိင်ဆက်ဆံကြသည့် အတွေ့အကြုံဆိုးကို ရင်ဆိုင်ခဲ့ရဖူးသည်ဟု သူက ပြောပြသည်။

“ရပ်နေတုန်း စစ်ကား ရောက်လာတယ်။ ကျွန်မ ဘာအလုပ်လုပ်တယ်ဆိုတာ သိလို့ လာခေါ်တာ၊ ပြီးတော့ လူအများနဲ့တစ်ယောက် အလုပ်လုပ်ရတာ” ဟု သူက စိတ်ပျက်လက်ပျက် ပြောပြသည်။

“နောက်တစ်ခါကျတော့ သူတို့ကားမြင်လို့ ထွက်ပြေးတာ၊ ခြေထောက်ခေါက်လဲပြီး တစ်လလောက် အလုပ်မလုပ်နိုင်တော့ဘူး’’

မနှင်းဆီသည် လွန်ခဲ့သည့် ၅ နှစ်ခန့်က ခင်ပွန်းသည်နှင့် ကွာရှင်းပြီးနောက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ ဝင်ငွေအနည်းငယ်သာရသည့် အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် အခြေအနေအရ ပြည့်တန်ဆာဖြစ်ခဲ့သည့် မနှင်းဆီသည် ကိုဗစ်ကာလကတည်းက ပိုမိုကျပ်တည်းမှုများနှင့် စတင်ရင်ဆိုင်လာရသည်။

ကပ်ဘေးကြောင့် ခပ်ခွာခွာနေကြရချိန်တွင် သူ့ကို ခေါ်သွားမည့်သူ မရှိသလောက် ဖြစ်လာသည်၊ အွန်လိုင်းမှတစ်ဆင့် လိင်မှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းလည်း များပြားလာသည်၊ ဤသို့ဖြင့် မနှင်းဆီတို့ကဲ့သို့ နည်းပညာနှင့် အလှမ်းဝေးသော၊ လမ်းမပေါ်တွင်သာ ကျက်စားတတ်သောသူတို့မှာ ဖောက်သည် အရနည်းလာကြသည်။

လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တောင်းဆို၊ အသံထွက်မှု များပြားခဲ့ချိန်မှာပင် လိင်လုပ်သားများမှာ ဥပဒေတချို့နှင့် ဖိနှိပ်ခံထားရသည်။ ပြည်သူအများစု မိမိထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်ပင် မရှိသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအောက်တွင်မူ သူတို့အတွက် အခွင့်အရေးတောင်းဆိုသံများသည်လည်း ပျောက်ကွယ်သွားလေသည်။

ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှု

ကိုဗစ်နှင့် အာဏာသိမ်းမှုတို့ကြောင့် အလုပ်အကိုင်ပျက်၊ ဝင်ငွေထိခိုက်နေချိန် စစ်ကောင်စီက ကျူးကျော်ရပ်ကွက်နေအိမ်များကို ဖျက်သိမ်းခြင်းကြောင့် ထိုနေရာမျိုးတွင် နေထိုင်လုပ်ကိုင်ရသူတို့ ပိုမို အခက်တွေ့ကြရသည်။

အခြေအနေဆိုးများကို ရန်ကုန်တွင်သာ ရင်ဆိုင်နေရသည်မဟုတ်ဘဲ စစ်ကောင်စီ ဖိနှိပ်မှုပြင်းထန်သည့် စစ်ကိုင်း၊ မကွေးကဲ့သို့သော နေရာများတွင်ပါ အသွင်မျိုးစုံနှင့် ကြုံတွေ့နေကြရသည်။

စစ်ကောင်စီလက်နက်ကိုင်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၏ အနိုင်ကျင့်မှုကို ခံကြရသည်ဟု မကွေးတိုင်းမှ လိင်လုပ်သားအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့ရပ်ကွက်က ကျွန်မတို့လို လိင်လုပ်သားအမျိုးသမီးတွေ စုနေတဲ့နေရာ။ အဲဒါကို ရွာဘက်က ပျူစောထီးတွေနဲ့ စစ်သားတွေ လာခေါ်တာ၊ ဘယ်သူလိုက်မှာလဲဆိုပြီး လိုက်သွားတော့ ကျွန်မဖုန်းထဲမှာ ဆန္ဒပြတုန်းက လက်သုံးချောင်းထောင်ထားတဲ့ပုံကို မြင်သွားတယ်။ အုပ်စုလိုက် မုဒိမ်းကျင့်သလို အဲ့ပုံကို ပြပြပြီးလည်း ရိုက်တယ်’’ ဟု ထိုအမျိုးသမီးက ဆိုသည်။

မကွေးတိုင်း၊ မြိုင်သာယာ (၆) ရပ်ကွက်က လိင်လုပ်သားအမျိုးသမီးများသည် ဒုက္ခပေးမည့်သူများ မကြာခဏ လာရောက်နိုင်သည့်ဘေးရန်ကြောင့် နေရာပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

စစ်ကောင်စီ လက်နက်ကိုင်တို့ကလည်း သူတို့ကို ရှာတွေ့နိုင်ရန် ပြည့်တန်ဆာ’ခေါင်း’’ အဖြစ် လုပ်ကိုင်ဖူးသူများကို ခိုင်းစေကြသည်ဟု သိရသည်။

၁၉၉၄ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနှင့် ဖမ်းဆီးမှု ဆက်ရှိနေသလို ရန်ကုန်တွင် ည ၁၂ နာရီနောက်ပိုင်း အိမ်အပြင်မထွက်ရအမိန့်ထုတ်ထားခြင်းကလည်း အလုပ်သဘောအရ ညဘက် သွားလာရတတ်သည့် ပြည့်တန်ဆာတို့ကို အခက်အခဲဖြစ်စေသည်။

ဖောက်သည်တို့ကို ကိုယ်ထင်ပြရသည့် လိင်လုပ်သားအမျိုးသမီးများသည် ၎င်းတို့ ကျက်စားသည့် နေရာများတွင် နာရီနှင့်ချီပြီး စောင့်ဆိုင်းနေကြသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။

“ပါရမီလမ်းပေါ်မှာ တန်းစီနေတာပဲ ရပ်နေကြတာ၊ အိမ်နားမှာဆိုတော့ အမြဲမြင်နေရတယ်။ လာခေါ်တဲ့လူလည်း မတွေ့ရဘူး’’ ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ ထိုအမျိုးသားက ဆိုသည်။

ဆက်လက်တည်ရှိဦးမည့် နှိပ်ကွပ်မှု

အနယ်နယ်အရပ်ရပ်တွင် ၎င်းတို့ ရှောင်ရှားလိုသော်လည်း ရှောင်ရခက်သူတို့မှာ စစ်ကောင်စီလက်နက်ကိုင်များဖြစ်နေသည်။

စစ်ကောင်စီတပ်သားတို့က ကားဖြင့် ကင်းလှည့်စဉ် ခေါ်ဆောင်သွားပြီး အုပ်စုဖွဲ့ပြုကျင့်ကြသည်၊ အခကြေးငွေပေးခြင်းလည်း မရှိဟု လိင်လုပ်သားများအတွက် အခွင့်အရေးတောင်းဆိုမှု၊ ပညာပေးမှုများ လုပ်ခဲ့သူတစ်ဦးက ပြောသည်။

“အဲဒီလို စစ်ကားနဲ့ ခေါ်သွားပြီဆို တစ်ခါခေါ်သွားရင် တစ်ပတ် ဆယ်ရက် ကြာတယ်။ အဲဒီလိုအခြေအနေတွေမှာ ကွန်ဒုံးသုံးခွင့်မရှိဘူးဆိုတာလည်း ကျွန်မတို့ ညီမလေးတွေဆီက ပြန်ကြားရတယ်” ဟု ရန်ကုန်မြို့မှ အထက်ပါ တက်ကြွလှုပ်ရှားသူအမျိုးသမီးက ပြောသည်။

“လက်ရှိ မြို့နယ်အလိုက် စီမံကိန်းနဲ့ ကူညီပေးနေတဲ့ဖြစ်စဉ်တွေမှာတော့ ပြီးခဲ့တဲ့နှစ်က စာရင်းအရတော့ အကြမ်းဖက်မှုတွေ အပါအဝင်ဆို ကေစ့်ပေါင်း ၅၀၀ ကျော်နေပြီ။ ဒါက မြို့နယ် ၁၂ ခုအရ သိရတဲ့စာရင်းပါပဲ”

လိင်လုပ်သားများနှင့် ပတ်သက်ပြီး အကူအညီပေးနေသည့် အဖွဲ့များ ယခုအခါ ပေါ်ပေါ်ထင်ထင် ကူညီနိုင်သည့်အခြေအနေ မရှိတော့ပေ။

အခန့်မသင့်ပါက ကူညီသူပင် အဖမ်းခံရနိုင်သည်ဟု အရပ်သားအစိုးရလက်ထက်ကတည်းက အကူအညီပေးနေသည့် အမျိုးသမီးက ပြောသည်။

“အသင်းအဖွဲ့မှတ်ပုံတင်တွေ ပြန်ပြီးတော့ သက်တမ်းမတိုးပေးဘူး။ ရှိတဲ့မှတ်ပုံတင်ထားတာကိုလည်း အသိအမှတ်မပြုတော့ဘူး။ သွားပြီး သက်တမ်းတိုးဖို့ရာလည်း နည်းဥပဒေ မထွက်သေးဘူး” ဟု ထိုအမျိုးသမီးက ပြောသည်။

“ထောက်ခံချက်ဆိုရင်လည်း ကျန်းမာရေးဌာနကဆိုလည်း ကျွန်မတို့ကို ထောက်ခံချက်တွေ မထုတ်ပေးသလို ပြည်ထဲရေးထောက်ခံချက်လည်း မရထားတော့ ကျွန်မတို့လည်း အချိန်မရွေး အဖမ်းခံရနိုင်တယ်”

အရပ်သားအစိုးရလက်ထက်က ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြည့်တန်ဆာဆိုင်ရာ ဥပဒေအဖြစ် ပြောင်းလဲပြင်ဆင်ရေးအစီအစဉ်သည် ရှေ့နေချုပ်ရုံးတွင် စာသားနှင့် အသုံးအနှုန်း စစ်ဆေးသည့် အဆင့်အထိ အရှိန်ရခဲ့ပြီးဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

ထိုအခြေအနေကောင်းများသည် စစ်အာဏာသိမ်းမှုကြောင့် အလဟဿဖြစ်သွားသည်ဟု တက်ကြွလှုပ်ရှားသူက ပြောသည်။

“အခုတော့ နဂိုကတည်းက အားနည်းတဲ့အသိုင်းအဝိုင်းက ဒုက္ခသုက္ခမျိုးစုံ ရောက်နေပြီ။

တရားလက်လွတ်ဆိုတဲ့နေရာမှာ ဘာတရားမျှတမှုမှ မရှိတော့ဘူး။ မလိုရင်မလိုသလို ဖမ်းမယ်၊ ကာမအလွဲသုံးစားလုပ်မယ်ဆိုတဲ့ အခြေအနေတွေဖြစ်နေပြီ’’ ဟု သူက ပြောသည်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံး အသက်မွေးဝမ်းကျောင်းအလုပ်ကို ဖိနှိပ်သည့် ဥပဒေများ ပြင်ဆင်နိုင်ရေးအတွက် အရပ်သားအစိုးရလက်ထက်တွင် အမျိုးသမီးအဖွဲ့အစည်းများနှင့် လိင်လုပ်သားအရေးဆောင်ရွက်သူများက အကြိမ်ကြိမ် အသံထွက်တောင်းဆိုခဲ့ကြသည်။

ပြည့်တန်ဆာတချို့ ကိုယ်တိုင်လည်း အလုပ်သမားအရေး ဆွေးနွေးပွဲများမှတစ်ဆင့် တောင်းဆိုသလို သတင်းစာမျက်နှာများတွင်လည်း ရှင်းပြဖူးသည်။

လက်ရှိအခြေအနေတွင်မူ လမ်းပေါ် ဖောက်သည်စောင့်မျှော်သူတို့အတွက် လက်လှမ်းမီသမျှ အသိပညာပေးခြင်းကဲ့သို့သော အကူအညီများသာ ပေးနိုင်သည်၊ လူ့အခွင့်အရေး လေးစားလိုက်နာသည့် အစိုးရလက်ထက်ရောက်ချိန်မှ ၎င်းတို့ကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ် ပေါ်ပေါက်ရေး ပြန်လည်ကြိုးစားမည်ဖြစ်ကြောင်း လိင်လုပ်သားအခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button