ရန်ကုန် – နေအိမ်တွင် မောင်ငယ်ဖြစ်သူကို ထိန်းကျောင်းနေရသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်ပတ်ကြာပျောက်နေသည့် မိခင်ဖြစ်သူ အိမ်ပြန်ရောက်လာသဖြင့် ဝမ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း ထိုအပျော်က ကြာကြာ မခံပါ။
သူ့မိခင်က တုန်လှုပ်ဖွယ် သတင်းဆိုးနှစ်ခု ယူလာသည်။ မိခင်ဖြစ်သူသည် ပြည့်တန်ဆာအလုပ် လုပ်ကိုင်ကာ မိသားစုကို ရှာဖွေ ကျွေးမွေးနေသူဖြစ်ပြီး သူ၏ အပျိုစင်ကိုလည်း အမျိုးသားတစ်ဦးထံ သိန်းဆယ်ဂဏန်းဖြင့် ရောင်းချရန် သဘောတူခဲ့ပြီးပြီဟူသော အချက်နှစ်ခု ဖြစ်သည်။
မဝတ်ရည် (အမည်လွှဲ) သည် ဖခင် နောက်အိမ်ထောင်ပြု၊ မိခင် အိမ်အပြင်ထွက် အလုပ်လုပ်သောကြောင့် အိမ်မှုကိစ္စများနှင့် မောင်ငယ်ဖြစ်သူကို စောင့်ရှောက်ခြင်း တာဝန်များ ယူရန် ၇ တန်း တက်နေစဉ်မှာပင် ကျောင်းထွက်လိုက်ရသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ သူတို့၏ ဓနိမိုးမလုံသည့်အိမ်ကို မိုးတွင်းအမီ ပြင်ရေး၊ ၅ တန်းကျောင်းသား မောင်ငယ်ကို ကျောင်းအပ်ရေး စသည့် စရိတ်စကများ၊ တင်နေသည့် အကြွေးတချို့တို့အတွက် သူ့အပျိုစင်ဘဝကို ပွဲရုံပိုင်ရှင်တစ်ဦးထံ ရောင်းချရန် မိခင်က ဆုံးဖြတ်ခဲ့ကြောင်း မဝတ်ရည်က ပြောသည်။
“ရမှာက သိန်း ၃ဝ တောင် တဲ့။ ညည်းက တစ်ခါမှ မလုပ်ဖူးတော့ နာမှာစိုးလို့ မသွားခင်ကတည်းက လမ်းထိပ်က ဆေးခန်းမှာ ထုံဆေး ထိုးပေးဖို့လည်း ငွေကြိုပေးထားပြီးပြီ တဲ့။ ဟိုလူကြီးပေးတဲ့ငွေလည်း ကြိုယူထားပြီးပြီ တဲ့။ အဲဒီညက သမီး တစ်ညလုံး ငိုတယ်” ဟု သူက ဆက်ပြောသည်။
ထိုဖြစ်ရပ်နှင့် မိသားစု စားဝတ်နေရေး အခြေအနေတို့က သူ့ကို ပြည့်တန်ဆာတစ်ဦးဖြစ်လာစေရန် တွန်းပို့ခဲ့ပြီး ဘုရင့်နောင်စျေးအနီးရှိ အနှိပ်ခန်းတစ်ခုသို့ ရောက်သွားသည်။ အနှိပ်ခန်းပိုင်ရှင်က ခေါင်းပုံဖြတ်သော၊ ဘဝတူ လုပ်ဖော်ကိုင်ဖက်တို့နှင့် အဆင်မပြေသော ထိုနေရာတွင် ၂ လကြာ လုပ်ကိုင်ခဲ့ပြီးနောက် မဝတ်ရည်သည် လမ်းပေါ်တွင် ဖောက်သည် မျှော်သူတစ်ဦးဖြစ်လာသည်။ သူ့ဖောက်သည် အများစုက သူ့ထက် အသက် နှစ်ဆ ကြီးကြရာ မျက်နှာသေးသေးဝိုင်းဝိုင်း၊ အရပ် ၄ ပေ ကျော်ကျော် မဝတ်ရည်သည် တည်းခိုခန်းများသို့ သူ့အဖေအရွယ်လူကြီးတစ်ဦးဦးနှင့် ရောက်သွားတတ်သည်။
အပျိုစင်စျေးကွက်
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပြဿနာများကြောင့် ပြည့်တန်ဆာလောကအတွင်း ရောက်သွားသည့် မိန်းကလေးများထဲတွင် မဝတ်ရည်ကဲ့သို့ အပျိုစင် ရောင်းစားခံရသူများလည်း ပါဝင်သည်ဟု ကျန်းမာရေး ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း Marie Stopes International Myanmar ၏ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောသည်။
အပျိုစင်မိန်းကလေးနှင့် လိင်ဆက်ဆံလျှင် နုပျိုသည်၊ ကျန်းမာသည်၊ အသက်ရှည်သည်၊ HIV ပိုး ပျောက်တတ်သည်ဟု တလွဲယုံကြည်နေသူတချို့ကြောင့် အပျိုစင် စျေးကွက် ရှိနေမြဲဖြစ်သည်ဟု သူက သုံးသပ်သည်။
“ကလေးတစ်ယောက်ကို အလုပ်ကြမ်းခိုင်းတာတောင် လုံးဝ မဖြစ်သင့်ဘူးလို့ အားလုံး လက်ခံနေကြချိန်မှာ လိင်ကိစ္စမှာ အသုံးချတာဟာ လုံးလုံး မဖြစ်သင့်ဘူး” ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
အသက်မပြည့်သေးသူ အများစုသည် ဝင်ငွေကောင်းသည့်အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် မိသားစု အခက်အခဲများကြောင့် မြို့ကြီးများသို့ ရောက်လာကြခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတစ်ဝန်း ပြည့်တန်ဆာများပါဝင်သော ကွန်ရက်အဖွဲ့တစ်ခုဖြစ်သည့် Sex Worker in Myanmar Network မှ ဒေါ်သူဇာဝင်းက သုံးသပ်သည်။
“ကလေးပြည့်တန်ဆာတွေ အများစုက အပျိုစင်ကို တစ်နည်းနည်းနဲ့ အကြမ်းဖက်ခံရပြီးတော့မှ ဒီလောကထဲကို ရောက်လာ တဲ့သူတွေပါ။ သူတို့ရဲ့ အပျိုစင်ကိုလည်း မိဘသော်လည်းကောင်း၊ အုပ်ထိန်းသူသော်လည်းကောင်း အသုံးချပြီး ရောင်းကြတာတွေများတယ်” ဟု ဒေါ်သူဇာဝင်းက ပြောသည်။
အပျိုစင် ရောင်းဝယ်မှုတွင် ကာယကံရှင်မိန်းကလေးက ငွေကြေး အနည်းစုသာ ရကြသည်ဟု ဒေါ်သူဇာဝင်းက ဆက်ပြောသည်။
“ကြားထဲက ချိတ်ဆက်ပေးတဲ့ ပွဲစားတွေ၊ ပြည့်တန်ဆာခေါင်းတွေ၊ လုပ်ငန်းရှင်တွေကပဲ များများ ယူသွားကြတာ”
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အကြား အမျိုးသမီးများထဲမှ ဝ.၄၅ ရာခိုင်နှုန်းသည် အခကြေးငွေကို တိုက်ရိုက် ယူပြီး လုပ်ကိုင်နေကြသည့် လိင်အလုပ်သမအဖြစ် ရှိနေသည်ဟု ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အစိုးရတို့ ၂ဝ၁၃ ခုနှစ်က ကောက်ခံထားသည့် ခန့်မှန်းခြေစာရင်းများအရ သိရသည်။ အရေအတွက်အားဖြင့် ၄ဝ,ဝဝဝ မှ ၈ဝ,ဝဝဝ ကြား ရှိမည်ဟု ခန့်မှန်းထားသည်။
သောင်းနှင့်ချီရှိသော ပြည့်တန်ဆာများထဲတွင် အသက်မပြည့်သေးသူ တချို့လည်း ပါဝင်သည်ဟု ဒေါက်တာစစ်နိုင်က ယူဆသည်။
အသက်မပြည့်သေးသူနှင့် လိင်ဆက်ဆံလျှင် အပေးအယူမျှတမှု မရှိနိုင်သဖြင့် စိတ်ကျေနပ်မှု ပြည့်ဝနိုင်မည် မဟုတ်သည့်အပြင် လူ့ဘောင်အသိုင်းအဝိုင်းတွင် မသင့်လျော်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရန်ကုန်၊ လှိုင်သာယာမြို့နယ်နေ အသက် ၂၁ နှစ်အရွယ်ရှိ ပြည့်တန်ဆာတစ်ဦးဖြစ်သည့် မပို့ပို့ (အမည်လွှဲ) က ဆိုပါသည်။
အပျိုစင်စျေးကွက်သို့ ရောက်ရှိပြီး လိင်လုပ်ငန်းတွင် ဆက်လက် ပါဝင်လာကြသူတို့သည် ပြည့်တန်ဆာလောကမှ ရုန်းထွက်ရန် ခဲယဉ်းကြောင်း၊ အသက်ငယ်ရွယ်သူ ပြည့်တန်ဆာတို့သည် လမ်းပေါ်တွင်ဖောက်သည်ရှာရသည်ထက် ပိုမို လုံခြုံသော အလှပြင်ဆိုင်၊ အနှိပ်ခန်း အမည်တပ်ထားသည့် နေရာများကို ပိုမို အမှီပြုလုပ်ကိုင်ကြကြောင်း မပို့ပို့က ပြောသည်။
“အဖမ်းခံရတဲ့ အတွေ့အကြုံ ရှိဖူးထားသူတွေကတော့ တစ်မျိုး ပေါ့။ ကျွန်မတို့အနေနဲ့ လမ်းပေါ်ကို ထွက်လုပ်ရမှာ ကြောက်တယ်” ဟု ယမန်နှစ်က အိမ်ထောင်ကွဲပြီး ပြည့်တန်ဆာလောကသို့ ရောက်လာသည့် ကလေးတစ်ယောက်မိခင် မပို့ပို့က ရှင်းပြသည်။
ပြည့်တန်ဆာနှင့် ဥပဒေ
ပြည့်တန်ဆာများကို ဖမ်းဆီးအရေးယူနေသော်လည်း ပပျောက်သွားမည် မဟုတ်ကြောင်း ဒေါက်တာ စစ်နိုင်က ပြောသည်။
“ဒီပြည့်တန်ဆာတွေကို တရားဝင်လုပ်တာ၊ မလုပ်တာ ကျွန်တော်ဘာမှမပြောလိုဘူး။ ကျွန်တော်တို့လုပ်နိုင်တာကတော့ ရှိနေတဲ့ ဟာကို အရှိအတိုင်း လက်ခံပြီးတော့ သူတို့အတွက် ဆိုးဝါးတဲ့ဒုက္ခတွေ မဖြစ်အောင် ကျွန်တော်တို့ဘက်ကတော့ လုပ်နေရဦးမှာပဲ” ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှု တန်းတူညီမျှ ရရှိရေး၊ ဥပဒေစိုးမိုးရေးဝန်ထမ်းတို့၏ အနိုင်ကျင့်မှုမှ ကင်းလွတ်ရေးတို့ အတွက် လက်ရှိ ပြည့်တန်ဆာဥပဒေက အာမခံထားခြင်းမရှိဟု လေ့လာသူတို့က ထောက်ပြကြသည်။
လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများကွန်ရက်ဖြစ်သည့် တော်ဝင်ခရေအဖွဲ့ကမူ ပြည့်တန်ဆာဥပဒေကို ပြန်လည်လေ့လာစိစစ်ပြီး အသစ် ပြန်လည်ရေးဆွဲပေးရန် တောင်းဆိုလျက် ရှိသည်။ ပြည်သူ့လွှတ်တော်တွင်လည်း လက်ရှိ ကျင့်သုံးနေသည့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုတချို့ ရှိသော်လည်း အောင်မြင်မှုမရသေးပေ။
ပြည့်တန်ဆာတို့ကို အရေးယူရာတွင် ၎င်းတို့၏ ဖောက်သည် အမျိုးသားတို့ကို ဖမ်းဆီးထိန်းသိမ်းရန် ဥပဒေက ခွင့်ပြုထားခြင်း မရှိဘဲ ပညာပေး ဆုံးမခြင်းသာ အများဆုံး ပြုလုပ်နိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းစာရင်းဌာနမှ ဒုတိယရဲမှူး ဒေါ်သီသီမြင့်က ပြောသည်။
ရန်ကုန်တွင် ပြီးခဲ့သည့်နှစ်အတွင်း အရေးယူခဲ့သည့် ပြည့်တန်ဆာအမှုပေါင်း ၁,၇၇၂ ခုကို လေ့လာကြည့်ရာ ၁၈ နှစ်အောက် ပြည့်တန်ဆာ အရေအတွက် အလွန်နည်းပါးသည်ဟု သူက ပြောသည်။
“အသက်မပြည့်သေးတဲ့သူတွေကို မိရင် အကျဉ်းထောင်ထဲကိုတော့ မပို့ဘူး။ လူငယ်ပြုပြင်ရေး ကျောင်းတွေမှာပဲ သူတို့ကို ပြန်ပြုစု ပျိုးထောင်ပေးတယ်။ အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးတယ်။ သူတို့ကို ဒီလောကထဲက ရုန်းထွက်နိုင်မယ့် အသိပညာတွေ သင်ပေးတယ်” ဟု ဒေါ်သီသီမြင့်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို ၂ဝဝ၂ ခုနှစ်က ဖွင့်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းကလည်း မန္တလေးတွင် တစ်ခု ထပ်ဖွင့်ထားသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြည်သူ့လွှတ်တော်သို့ သွားရောက် ရှင်းလင်းခဲ့သည်။
လိုအပ်နေတဲ့လိင်ပညာပေး
အသက်မပြည့်လျှင် လိင်အင်္ဂါ ဖွံ့ဖြိုးမှု အားနည်းနေတတ်သဖြင့် ထိခိုက်ပွန်းပဲ့မှု ပိုဖြစ်လွယ်ပြီး ရောဂါကူးစက်ခံရနိုင်ခြေ ပိုများကြောင်း၊ လိင်နှင့် ပတ်သက်သည့် ဗဟုသုတ နည်းပါးနေ သေးသဖြင့် မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်မှုလည်း အားနည်းကြကြောင်း ဒေါက်တာ စစ်နိုင်က ပြောသည်။
ပြည့်တန်ဆာများအတွက် ကျန်းမာရေး အသိပညာ နှင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးနေသော Sex Worker in Myanmar Network အဖွဲ့မှ ဒေါ်သူဇာဝင်းကလည်း လူငယ်များအတွက် လိင်ပညာပေးမှု မရှိသလောက်ပင် ဖြစ်သည်ဟု သုံးသပ်သည်။
“အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာတွေမှ မဟုတ်ဘူး၊ အသက်မပြည့်သေးတဲ့ အမျိုးသားတွေကပါ လိင်မှုအသိပညာကို များများသိနေဖို့ လိုတယ်။ HIV ပိုးမှ မဟုတ်ဘူး။ တခြား ကာလသားရောဂါတို့က အစ ဖြန့်ဖြူးမှုတွေ မဖြစ်အောင်ကို အသိပညာဖွံ့ဖြိုးနေဖို့ လိုတယ်” ဟု ဒေါ်သူဇာဝင်းက ဆိုသည်။
“ပြည့်တန်ဆာလောကထဲ နည်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ ကလေးတွေကို မိဘ၊ လုပ်ငန်းရှင်တွေကအစ အားလုံးက အကာအကွယ်ပေးဖို့လို အပ်တယ်။ သူတို့တွေဟာ တကယ်တော့ အသုံးချခံလိုက်ကြရလို့ ရောက်လာကြတာ”
လိင်ပညာပေးအစီအစဉ်များကို မကြုံတွေ့ခဲ့ဖူးသည့် မဝတ်ရည်သည် လူစည်ကားရာ လမ်းမပေါ်တွင် ဖောက်သည်ရှာရင်း တစ်နေ့ သုံးသောင်းခန့် ရသည့် အနေအထားကို ကျေနပ်ခဲ့သော်လည်း သူ့အလုပ်အကိုင်ကို အကြောက်ကြီးကြောက်အောင် ဖြစ်စေခဲ့သည်ကတော့ သူ့မိခင်၏ ကျန်းမာရေး ဆိုးရွားလာသည့် အခြေအနေပင်ဖြစ်သည်ဟု ဆိုသည်။ သူ့မိခင်တွင် HIV ရောဂါပိုးရှိနေပြီဟူသော တွေ့ရှိချက်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထွက်လာသည်။
“အမေကလည်း ဒီအလုပ်ထဲကပဲဆိုတော့ တစ်နေ့နေ့ သူထိနိုင်မှာကို သူသိထားပြီးသား။ ဒါပေမဲ့ တကယ်လည်းထိရော သမီး တော်တော်လေးကြောက်တယ်” ဟု မဝတ်ရည်က ရှင်းပြသည်။
သူ့ဇာတိ ရန်ကုန် ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်တွင် အလယ်တန်းအထိသာ ပညာသင်ခဲ့သည့် မဝတ်ရည်အတွက် ပြည့်တန်ဆာလုပ်ငန်းမှ ရသည့် ဝင်ငွေက မက်စရာ ဖြစ်သော်လည်း တခြား အလုပ်အကိုင်တစ်ခုသို့ ပြောင်းလိုက်သည်။
ရုန်းထွက်ခြင်း
ယခုတော့ မဝတ်ရည်က ရန်ကုန်မြို့ ဖုန်းပစ္စည်းအရောင်းဆိုင်တစ်ခုအတွင်း ကောင်တာနောက်ဘက်တွင် မတ်တတ်ရပ်နေသော အရောင်းဝန်ထမ်း ဖြစ်နေပြီး ဖုန်းအမျိုးအစား၊ စျေးနှုန်းတို့အကြောင်း ကျွမ်းကျွမ်းကျင်ကျင် ရှင်းပြနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ လုပ်သက် ၂ လကျော်ပြီဖြစ်သော်လည်း ဖုန်းအမျိုးမျိုး၏ လုပ်ဆောင်ချက်ကွာခြားပုံ၊ အခေါ်အဝေါ်တို့က သူ့အတွက် ခက်ခဲလှသော်လည်း နောက်ပြန်မလှည့်တော့ဘူးဟု ဆုံးဖြတ်ထားသောကြောင့် လက်ရှိအလုပ်တွင် အဆင်ပြေလာစေရန် အာရုံစိုက် သင်ယူ လေ့လာနေသည်။
“အခု ဝင်ငွေက တစ်လကို ကျပ် ၈ သောင်းဆိုပေမဲ့ ကျွန်မ ပိုလုံခြုံမှုရှိတယ်” ဟု မဝတ်ရည်က ပြောသည်။
မိသားစုငွေကြေးအခက်အခဲ ရှိသဖြင့် ပြည့်တန်ဆာအဖြစ် ယာယီ ပြန်လည်လုပ်ကိုင်ရန် တစ်ခါတစ်ရံ စဉ်းစားမိသော်လည်း မိခင်ဖြစ်သူက စိုးရိမ်တကြီး တားမြစ်သည်။ လူမှုရေးအဖွဲ့တစ်ခု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနေသည့် မိခင်က ရပ်ကွက်အတွင်း စျေးလှည့်ရောင်းသည်။ မဝတ်ရည်၏မောင်လေးက ကျောင်းတက်နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ လက်ရှိဝင်ငွေအနည်းငယ်ကို ချွေတာသုံးစွဲနေရသည်ဟု ဆိုသည်။
မဝတ်ရည်က သူ၏ ခင်ပွန်းသည်ဖြစ်လာမည့်သူကို အတိတ်ဘဝအကြောင်း လျှို့ဝှက်မထားလိုသော်လည်း လက်ရှိ အရောင်းဆိုင်တွင်မူ အလုပ်အကိုင်တည်မြဲရေးအတွက် သူ့ဘဝအကြောင်း ဖွင့်မပြောရန် သူဆုံးဖြတ်ထားသည်။
“ကျွန်မ ဒီလိုဖြစ်ခဲ့အောင် လုပ်ခဲ့တာလို့လည်း အမေ့ကို အပြစ် မတင်ဘူး။ ကျွန်မ တစ်ချိန် အရွယ်ရောက်လို့ အိမ်ထောင်တွေဘာတွေ ကျဦးမှာပဲ။ အဲဒီအချိန်ကျမှ ကိုယ့်သမီးတွေကို ဒီလိုမဖြစ်အောင် ကြိုးစားဖို့ပဲ စဉ်းစားတယ်” ဟု မဝတ်ရည်က ပြောသည်။