ညနေခင်း လေနုအေး တိုက်ခတ်နေပြီး သာသာယာယာရှိတဲ့ မန္တလေးမြို့ကျုံးနံဘေး သစ်ပင်အောက် အမှောင်ရိပ်မှာ နီနီက သူငယ်ချင်းတချို့နဲ့ အတူရှိနေပါတယ်။ နီနီလို့ သူ့ကိုယ်သူ မိတ်ဆက်ပေမဲ့ ဒါက သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။
သွယ်လျတဲ့ကိုယ်နေဟန်ထားနဲ့ အရပ်ငါးပေခွဲဝန်းကျင်ရှိတဲ့ နီနီက ကျွန်မကို စကားပြောဖို့ လမ်းမီးတိုင်မှိန်မှိန်အောက် ဝင်လာချိန်မှာတော့ ဆံပင်ပုံစံရဲ့ ပံ့ပိုးမှုကြောင့် ဗွီပုံသွယ်ကျနေတဲ့ သူ့မျက်နှာမှာ ထင်ပေါ်သွယ်စင်းတဲ့ နှာတံ၊ နှုတ်ခမ်းကျယ်ကျယ်၊ အပြုံးချိုချိုတို့ကို တွေ့ရပါတယ်။ သူဘယ်လိုပဲ မိန်းမဆန်ပါစေ၊ အများကတော့ သူ့ကို သူသိပ်ပြီးနှစ်သက်မှုမရှိတဲ့ ဝေါဟာရဖြစ်တဲ့ မိန်းမလျာလို့ ဆိုကြပါတယ်။
သူ့ရဲ့ အလုပ်အကိုင်ကတော့ လိင်လုပ်သား သို့မဟုတ် ပြည့်တန်ဆာပါပဲ၊ နီနီတို့လောကမှာတော့ ကမ်းလှမ်းချက်လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စကားလုံး offer (အော်ဖာ) ကို ပိုပြီး သုံးကြပါတယ်။
“သူများလို တန်းတူနေချင်တယ်၊ စားဖို့သောက်ဖို့လည်း လိုတဲ့အခါကျတော့ အော်ဖာဆင်းဖြစ်တယ်” လို့ တစ်ညတာ သို့မဟုတ် တစ်ခဏတာ ပျော်ပါးဖို့ လာခေါ်မယ့် ဖောက်သည်ကို စောင့်နေတဲ့ နီနီက ပြောပါတယ်။
နီနီတို့လို ယောက်ျားက မိန်းမလို ပြုမူပြောဆို၊ ဝတ်စားနေထိုင်သူတွေရဲ့ခံယူဖြစ်တည်မှုကို မိသားစုအတွင်းက လက်မခံနိုင်ကြတဲ့အတွက် အိမ်မှာ ဖိအားပေးဆုံးမတာမျိုး ကြုံကြရပါတယ်၊ ဒါကို မခံနိုင်လို့ မိသားစုနဲ့ ဝေးရာ ရောက်လာတဲ့ အခါမှာလည်း လူ့အဖွဲ့အစည်းက နေရာမပေးတဲ့အတွက် အများနည်းတူ အလုပ်အကိုင်ရဖို့ ခက်ခဲလှပါတယ်။
ပိုဆိုးတာကတော့ သူတို့ဟာ မတူကွဲပြားတဲ့ အနေအထားကြောင့် ပုံစံမျိုးစုံနဲ့ အကြမ်းဖက်ခံရတာကို ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။
မွေးရာပါ ဖြစ်တည်မှု
နီနီတို့လို မိန်းမဆန်ဆန်နေထိုင်သူတွေဟာ နတ်ကတော်၊ အလှဖန်တီးရှင်၊ လိင်လုပ်သားစတဲ့ အသက်မွေးကြောင်းလုပ်ငန်းတွေအတွင်းမှာသာ ကျင်လည်ရလေ့ရှိပါတယ်။ ဒါတွေဟာ တမင်ဖန်တီးထားတာ မဟုတ်ပေမဲ့ လူ့အဖွဲ့အစည်းက အလုပ်အကိုင် ကန့်သတ်ပေးထားသလို ဖြစ်နေပါတယ်။
လူတစ်ယောက်ရဲ့ ယောက်ျား၊ မိန်းမ ခံယူဖြစ်တည်မှုအပေါ် မူတည်ပြီး ခန္ဓာကိုယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ တိုးတက်ဖွံ့ဖြိုးမယ့်လမ်းကြောင်း တစ်ခုခုကို အနှောင့်အယှက်ဖြစ်အောင်၊ ထိခိုက်အောင်၊ နာကျင်အောင်လုပ်တဲ့ လုပ်ရပ်တွေဟာ ကျား မ အခြေပြု အကြမ်းဖက်မှုပဲလို့ လူ့အခွင့်အရေးအဖွဲ့တွေက သတ်မှတ်ကြပါတယ်။
အကြမ်းဖက်မှုတွေဟာ မိသားစုအတွင်းမှာ အစပြုတာမျိုးလည်း ဖြစ်လေ့ရှိတယ်လို့ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်နေတဲ့ Colors Rainbow အဖွဲ့မှ အစီအစဉ်ဒါရိုက်တာ ကိုလှမြတ်ထွန်းက ပြောပါတယ်။
“တစ်ယောက်ဆိုရင် အသက် ၄နှစ်လောက်မှာ သူ့ကိုယ်သူ မိန်းကလေးဆိုတာကို သိနေပြီ၊ ဆိုတော့ မိန်းကလေးလို နေထိုင်ပြုမူတယ်၊ ဒါကို အဖေဖြစ်သူက လက်မခံနိုင်တော့ သူ့ကို ခြေထောက်ကကိုင်ပြီး နံရံနဲ့ လွှဲရိုက်တာ ခံခဲ့ရတယ်” လို့ ကိုလှမြတ်ထွန်းက ပြောပြပါတယ်။
စာသင်ကျောင်းမှာဆိုရင်လည်း ဆရာ၊ ဆရာမတချို့က အများရှေ့မှာ မကြာခဏ အရှက်ခွဲ၊ အပြစ်ပေးခြင်း၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တတ်ခြင်းတို့ကြောင့် ကျောင်းထွက်ကြသူတွေရှိနေတယ်လို့ Colors Rainbow အဖွဲ့က လိင်စိတ်ခံယူမှုကွဲပြားသူတွေကို အခြေခံပြီးပြုစုထားတဲ့ အနိုင်ကျင့်ခံအဖြစ်မှ အပြောင်းအလဲကို ကူညီဆောင်ကြဉ်းသူများအဖြစ်သို့ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မန္တလေးကျုံးဘေးမှာ ကျက်စားတတ်တဲ့ နီနီရဲ့ အတွေ့အကြုံမှာတော့ မိသားစုက သူ ယောက်ျားလေးအဝတ်အစားနဲ့ မိန်းကလေးစိတ်ဖြစ်နေတာ ပြဿနာကြီးမဟုတ်ပေမဲ့ ပထွေးဖြစ်သူနဲ့တော့ သူ အဆင်မပြေခဲ့ပါဘူး။ နယ်မြို့လေးတစ်ခုမှာ အထက်တန်းအောင်တဲ့အချိန် တက္ကသိုလ်ဆက်တက်ဖို့ အခြေအနေမပေး၊ ပထွေးဖြစ်သူနဲ့ စကားများတာကြောင့် အိမ်ကထွက်ပြေးရင်း မန္တလေးကို ရောက်လာခဲ့တာပါ။
ကျွန်မနဲ့တွေ့တဲ့အချိန်မှာ အသက်၂၈နှစ်ရှိနေပြီဖြစ်တဲ့ နီနီက မန္တလေးကို သူရောက်နေတာ ၁ဝနှစ်ကျော်ပြီလို့ ဆိုပါတယ်။ မန္တလေးရောက်လာချိန်မှာတော့ အလုပ်အကိုင်ရဖို့ ခက်ခဲတာတွေကြောင့် လိင်အဖျော်ဖြေခံ လုပ်သားအဖြစ်ကို ရောက်ရှိရတယ်လို့ သိရပါတယ်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်း အကန့်အသတ်ရှိတဲ့ နီနီတို့လို ယောက်ျားကနေ မိန်းမအဖြစ် ဝတ်စားနေထိုင်သူတွေ အများဆုံးရောက်လာတဲ့လမ်းကြောင်းက ပြည့်တန်ဆာအလုပ်ပါပဲ။
ပြည့်တန်ဆာလောကထဲ တွန်းပို့ခံရသလို ဖြစ်နေတယ်လို့ မန္တလေး LGBT (လိင်စိတ်ခံယူမှုကွဲပြားသူများ) ကွန်ရက်ရဲ့ အဓိကဆက်သွယ်ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ ကိုဂန္ထဝင်က သုံးသပ်ပါတယ်။
“အလုပ်သွားလျှောက်တဲ့အခါ လုပ်ငန်းရှင်တွေက မင်း ဒီပုံစံနဲ့မရဘူး၊ ဒီအလုပ်ကို လိုချင်တယ်ဆိုရင် ဆံပင်တွေညှပ်ခဲ့၊ ယောက်ျားလိုဝတ်ခဲ့ဆိုတာမျိုး လုပ်ပါတယ်” လို့ ကိုဂန္ထဝင်က ပြောပါတယ်။
ဒီလိုဖြစ်ရပ်တွေကို သာမန်လို့မြင်ပြီး ကျော်သွားနေကြပေမယ့်၊ လူတစ်ယောက်ရဲ့ ကျား မ ခံယူဖြစ်တည်မှုအပေါ် မူတည်ပြီး အလုပ်ပေးဖို့ ငြင်းဆန်ခြင်းဟာ အဲဒီလူကို စီးပွားရေးအရ၊ အသက်မွေးဝမ်းကျောင်းအရ အကြမ်းဖက်ခြင်းဖြစ်တယ်လို့ လူ့အခွင့်အရေးသမားတွေက သတ်မှတ်ပါတယ်။
နာမည်ကျော်ပုဒ်မ ၃၇၇
ယောက်ျားကနေ မိန်းမအဖြစ် ဝတ်စားနေထိုင်သူတွေဟာ လူတွေကြားမှာ ပေါ်ပေါ်လွင်လွင် ဖြစ်နေတတ်တာကြောင့် လိင်ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိလာတယ်၊ ဒီလိုလူတွေအပေါ် အကြမ်းဖက်မှုတွေရဲ့ ၇၆ ရာခိုင်နှုန်းကို ရဲတွေက ကျူးလွန်တာဖြစ်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ Colors Rainbow အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုလှမြတ်ထွန်းက ပြောပါတယ်။
အမျိုးသမီးအဖြစ် ခံယူနေထိုင်သူတွေကို အရေးယူတဲ့အခါ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ ကို အသုံးပြုတယ်လို့ ဆိုပါတယ်။
“ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” လို့ ပုဒ်မ ၃၇၇ မှာ ပြဋ္ဌာန်းထားတာပါ။
သူတို့အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဂေးတွေကို ပုဒ်မ ၃၇၇ နဲ့ အရေးယူတာထက် ခြိမ်းခြောက်ငွေညှစ်တာတွေသာ အများဆုံးဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ရဲအရေးပိုင်တဲ့ မှောင်ရိပ်ခိုမှုလိုမျိုး ဥပဒေတွေသုံးပြီး ဖမ်းဆီးကြပြီးတော့ ငွေညှစ်တာဟာလည်း အဖြစ်များတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
“မာမီ”လို့ ခေါ်တာကို ပိုနှစ်သက်ပြီး “အခြောက်” လို့ ခေါ်တာကို လက်မခံချင်တဲ့ နီနီကတော့ သူဟာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်ရဲစခန်းမှာ ၂၀၁၆ ခုနှစ်အတွင်းက အနိုင်ကျင့်ခံရ၊ ငွေညှစ်ခံရတယ်လို့ ဆိုပါတယ်။
“အော်ဖာလိုက်တဲ့အခါ ရဲတွေက ထောင်ဖမ်းပြီးတော့ ပိုက်ဆံတောင်းတာတွေ ရှိတယ်၊ ရိုက်ပြီးတော့လည်း ပိုက်ဆံတောင်းတယ်” လို့ နီနီက ပြောပါတယ်။
ပြည်ကြီးတံခွန်ရဲစခန်းကတော့ နီနီပြောပြတဲ့ဖြစ်စဉ်၊ ကိုလှမြတ်ထွန်းတို့ရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တို့ကို လက်မခံပါဘူး။
“ကျွန်တော်တို့ဆီမှာ အခြောက်မို့လို့ နှိပ်ကွပ်ပြီး ဖမ်းတာမျိုးတော့ မရှိပါဘူး။ ဖမ်းရင် တရားဝင်ဖမ်း၊ တရားဝင်အမှုဖွင့်တာမျိုးပဲ ရှိပါတယ်။ ရိုက်တာ၊ နှက်တာ၊ ငွေညှစ်တာမျိုး မရှိပါဘူး။ လိင်လုပ်သားလုပ်ခဲ့မယ်ဆိုရင်တော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ နဲ့ ငြိမှာပေါ့” လို့ ပြည်ကြီးတံခွန်ရဲစခန်း အရာရှိတစ်ဦးက ဇူလိုင်၂၇ ရက်နေ့မှာ ပြောပါတယ်။
ပြစ်မှုကျူးလွန်ဖို့အနေအထားရှိတယ်လို့ ယူဆရရင် ဘယ်သူ့ကိုမဆို တည်ဆဲဥပဒေတွေအတိုင်း လိုအပ်သလို ထိန်းသိမ်းစစ်ဆေးရတာကတော့ ဥပဒေစိုးမိုးရေးအရ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
အများနည်းတူ
မိန်းကလေးဆိုရင် သိမ်သိမ်မွေ့မွေ့၊ လှလှပပ နေရမယ်၊ အိမ်ထောင်မှုလုပ် သိမ်းထုတ်သေချာစေရမယ်၊ ယောက်ျားလေးဆိုရင်လည်း ကျားကျားလျားလျားနေရမယ်၊ အိမ်ထောင်ဦးစီးဖြစ်တယ် စသဖြင့် ခွဲခြားသတ်မှတ် ပုံသွင်းထားတာတွေကြောင့် လှပလိုတဲ့၊ သိမ်မွေ့တတ်တဲ့ ယောက်ျားလေးများဟာ ပြစ်တင်ရှုတ်ချခံရတယ်၊ ယောက်ျားလေးလို ဝတ်စားဆင်ယင်တဲ့ မိန်းကလေးများလည်း လှောင်ပြောင်ခံရ၊ ခွဲခြားဆက်ဆံခံကြရတယ်လို့ မန္တလေး LGBT ကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဂန္ထဝင်က ဆိုပါတယ်။
LGBT လို့ ခေါ်ကြတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေဟာ လူ့အခွင့်အရေးတွေကိုပဲ တောင်းဆိုနေတာဖြစ်ကြောင်း ကိုဂန္ထဝင်က ပြောပါတယ်။
“သာမန်ယောက်ျားမိန်းမတွေလည်း လက်ထပ်ကြတယ်၊ ယဉ်ကျေးမှုမှာပါဝင်တယ်၊ လူမှုရေးမှာပါဝင်တယ်၊ ပညာသင်ခွင့်တွေရတယ်၊ အလုပ်အကိုင်တွေရတယ်။ LGBT တွေလည်း အဲ့ဒီလိုအခွင့်အရေးတွေပဲ တောင်းတာပါ၊ ပိုတောင်းတာ မရှိပါဘူး” လို့ ကိုဂန္ထဝင်က ဆိုပါတယ်။
လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးတွေ ဖော်ဆောင်တဲ့ အစိုးရဟာ LGBT တွေရဲ့ အရေးကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်ဆိုတာကတော့ သူတို့ရဲ့ လိုလားချက်ပါပဲ။
မန္တလေးကျုံးဘေးမှာ ရှိတတ်တဲ့ နီနီကလည်း လူတစ်ယောက်ရဲ့ ယောက်ျား၊ မိန်းမအဖြစ် ခံယူချက်ပေါ် မူတည်ပြီး အလုပ်အကိုင်ငြင်းပယ်ခံရ၊ ခွဲခြားဆက်ဆံခံရ၊ ဥပဒေအကာအကွယ်မရရှိတာတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးလို့ ယူဆပါတယ်။
“ဒီမိုကရေစီရတဲ့နိုင်ငံမှာ သူများပစ္စည်းကို ခိုးတာလည်း မဟုတ်ဘူး၊ ဆန့်ကျင်ဘက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေလည်း အများနည်းတူ သွားလာလှုပ်ရှားပိုင်ခွင့်ရှိပါတယ်” လို့ နီနီက ပြောလိုက်ပါတယ်။ ။