သတင်း

အင်္ဂပူမှ CDM ဆရာဝန် မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

ပြည်သူ့ဝန်ထမ်းများ ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် မဲဇလီကုန်းတိုက်နယ်ဆေးရုံမှ ဒေါက်တာပြည့်ဖြိုးနိုင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ၂၄ နာရီကျော်သည်အထိ အဆက်အသွယ် ပြတ်တောက်နေသည်ဟု မိသားစုဝင်က ပြောသည်။

ဒေါက်တာပြည့်ဖြိုးနိုင်ကို ဖေဖော်ဝါရီ ၁၁ ညနေပိုင်းတွင် အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီးနောက် မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို ဖေဖော်ဝါရီ ၁၃ နေ့လယ်ပိုင်းအထိ မသိရသေးကြောင်း ဇနီးဖြစ်သူ ဒေါက်တာဖြူလဲ့သူက ပြောသည်။ 

“ရှေ့နေနဲ့ စခန်းကိုသွားပြီး တွေ့ခွင့်တောင်းပေမယ့် ခုချိန်ထိ တွေ့ခွင့်မရဘူး။ ခေါ်ဆောင်သွားကတည်းက ၂၄ နာရီကျော်သွားပြီ။ ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ ခုထိ မသိရသေးဘူး။ သတင်းတွေက မျိုးစုံထွက်နေတာ။ သူက ကျန်းမာရေးလည်းမကောင်းတော့ စိတ်ပူတယ်” ဟု ဒေါက်တာ ဖြူလဲ့သူက ပြောသည်။ 

ဒေါက်တာပြည့်ဖြိုးနိုင်ကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်မည်ဟု မြို့နယ် စခန်းမှူးက ပြောကြားခဲ့သော်လည်း လက်ရှိအချိန်ထိ မည်သည့်ပုဒ်မ နှင့် စွဲဆိုထားသည်ကို တိတိကျကျ မသိရသေးကြောင်း ဇနီးဖြစ်သူက ပြောသည်။

ဒေါက်တာပြည့်ဖြိုးနိုင်ကို လာရောက်ခေါ်ဆောင်သွားသည့် ရဲကားမှာ မြို့နယ် ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် အခြားကားတစ်စီးဖြင့် ပြောင်းလဲတင်ဆောင်ပြီး ကွင်းကောက်တိုက်နယ် လေ့ကျင့်ရေးသင်တန်းကျောင်း (၅) သို့ ပို့ဆောင်လိုက်သည်ဟု ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၂ ဦးအောင်မြတ်သူက ဖေဖော်ဝါရီ ၁၁ တွင် ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် “ရုံးမတက်နဲ့ ရုန်းထွက်” CDM လှုပ်ရှားမှုတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက တက်တက်ကြွကြွ ဦးဆောင်ခဲ့ပြီးနောက် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ပါဝင်မှု အရှိန်မြင့်တက်လာကာ ယင်းလှုပ်ရှားမှုတွင်ပါဝင်သည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထား စစ်ဆေးနေသည်။ 

အင်္ဂပူမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံများ ပါဝင်သည့် ရာထောင်ချီသော လူအုပ်က  ဖေဖော်ဝါရီ ၁၃ မနက်ပိုင်းတွင် အင်္ဂပူမြို့နယ် ရဲစခန်းရှေ့သို့သွားရောက်ပြီး  ဒေါက်တာပြည့်ဖြိုးနိုင်ကို ပြန်လွှတ်ပေးရေး အပါအဝင်  စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ကြွေးကြော်နေကြသည်။

Show More

Related Articles

Back to top button