သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး၊ စုစုပေါင်း ၆ မှု ရင်ဆိုင်နေရ 

ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းစဉ်ကပင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် ယနေ့ (ဧပြီ ၁၂) ရုံးချိန်းတွင် ထပ်မံတရားစွဲဆိုလိုက်သည်ဟု တရားလွှတ်တော်ရှေ့နေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားပြီးဖြစ်ရာ ယနေ့အမှုနှင့်ပါဆိုလျှင် ၆ ခု ရှိပြီဖြစ်သည်။  

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့် ယနေ့မနက်ပိုင်းတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဦးမျိုးအောင်တို့ ၃ ဦးလုံးနှင့် အွန်လိုင်းမှ တွေ့ဆုံခွင့်ရခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

“သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ပဲ တရားလိုပြောင်းပြီးတော့ နောက်ထပ်တစ်မှုတိုးပြီး စွဲတာပါ။ တရားလိုက ဦးညီညီ (ခ) ဦးထွန်းမြင့်အောင်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၀ ခုနှစ် ဩဂုတ်လက လယ်ဝေးမြို့နယ်တွင် နေထိုင်သူ ဦးညီညီ (ခ) ဦးထွန်းမြင့်အောင်က ဇမ္ဗူသီရိမြို့နယ်တရားတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင်မှ ထိုအမှုကို စစ်ကောင်စီထိန်းချုပ်ထားသော တရားရုံးက လက်ခံလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလး မတိုင်မီတွင် ရွှေကြာပင်ရပ်ကွက်ရှိ ပါတီဝင်တချို့၏ နေအိမ်များသို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံခဲ့ရာ လူစုလူဝေးဖြစ်စေသည်ဟူသည့် အကြောင်းပြချက်ဖြင့် ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်က ၂၀၂၀ ခုနှစ် ဩဂုတ်လတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်း၏ ရှေ့နေဖြစ်သူ ဦးယုယချစ်၊ ဒေါ်မင်းမင်းစိုးတို့နှင့် Video Conferencing စနစ်ဖြင့် တွေ့ဆုံခွင့်ရခဲ့ပြီဖြစ်သော်လည်း စွပ်စွဲခံရသူ အဓိကတွေ့ဆုံလိုသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နှင့် ဦးကြည်ဝင်းတို့ကိုမူ တွေ့ခွင့်မရသေးပေ။ 

“ကျန်တဲ့ CEC ( ဗဟိုအလုပ်အမှုဆောင်ကော်မတီ) ကနေပြီးတော့ ခန့်ထားတဲ့ ရှေ့နေပေါ့ ။ ကျွန်တော်အပါအဝင် ရှေ့နေကြီးများက ရှေ့အချိန်းမှာ ကိုယ်စားလှယ်စာရဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရှေ့နေဦးခင်မောင်ဇော်က မတ် ၁၅ တရားရုံးချိန်းအပြီးတွင် သတင်းထောက်များကို ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့်ပစ္စည်း လက်ဝယ်ကိုင်ဆိုင်မှု ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့အပြင် ၎င်း၏ အနီးကပ်လုံခြုံရေးတပ်ဖွဲ့မှ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင်တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုသဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် နေပြည်တော်၌ စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။

ထိုသို့ အမှုဖွင့်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံနိုင်သည့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် စစ်ကောင်စီက မတ် ၂၅  တွင် ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြီးလေးသော အဂတိဆိုင်ရာပြစ်မှုများဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီက မတ် ၁၇၊ ၂၄ ရက်တို့တွင် သတင်းထုတ်ပြန်ထားသေးသည်။

စစ်ကောင်စီက အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ နိုင်ငံအနှံ့အပြားတွင် သန်းနှင့်ချီသည့် ပြည်သူများက အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတောင်းဆိုနေကြပြီး စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယမန်နေ့ (ဧပြီ ၁၁) အထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၇၀၅  ဦးထိ ရှိနေပြီဖြစ်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၃၀၅၉  ဦးထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button