သတင်း

ဝန်ကြီးချုပ်အားလုံးနီးပါး နေရာပြောင်း ချုပ်နှောင်ခံနေရ

စစ်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အားလုံးနီးပါးကို စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ရက်အတွင်း နေရာရွှေ့ ချုပ်နှောင်လိုက်သည်။ 

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံ့အကြီးအကဲများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ ထိန်းသိမ်းခံခဲ့ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နေအိမ်အကျယ်ချုပ်ဖြင့်သာ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖေဖော်ဝါရီ ၁၀ ည ၁၁ နာရီခန့်အချိန်တွင် ဂွမြို့ရှိ ၎င်း၏နေအိမ်မှ ခေါ်ထုတ်သွားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရခိုင်ပြည်နယ် ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။

အဆိုပါည ၁၂ နာရီခန့် အချိန်တွင် ဂွမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ညွန့်၊  နောက်ထပ် တစ်နာရီခန့်အကြာတွင် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်ကို ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

NLD ပါတီဝင်များအပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဦးဆောင်နိုင်သည့်သူများအားလုံးကို ဖမ်းဆီးနေခြင်းသည် NLD ကို အပြုတ်တိုက်နေခြင်းဖြစ်သည်ဟု ဦးစိုးလေးက ပြောသည်။

“ကိုယ်စားလှယ်တွေကိုလည်း ဖမ်းတယ်၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုလည်း ဖမ်းတယ်၊ NLD အဖွဲ့ဝင်တွေ ဝန်ကြီးချုပ်တွေအားလုံးကိုဆိုတော့ ဒါက NLD ကို အပြတ်အသတ်ချေမှုန်းနေတာပဲ” ဟု ဦးစိုးလေးက ပြောသည်။

ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ရာဝင်းအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ယမန်နေ့ည၌ စစ်တပ်က လာရောက်ခေါ်ဆောင်သွားသည်ဟု ၎င်းအိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါဝန်ကြီးအိမ်ရာတွင် နေထိုင်သော တိုင်းလူမှုရေးနှင့်စည်ပင်ဝန်ကြီး ဦးဟိုပင်၏ဇနီး ဒေါ်မာမာလွင်ကလည်း ဝန်ကြီးချုပ် ဖမ်းဆီးခံလိုက်ရသည့် အခြေအနေကို အတည်ပြုသည်။ 

“ဝန်ကြီးချုပ်ကို ညက ပြန်လာခေါ်သွားပါပြီ၊ စစ်ကားရယ်၊ ရဲကားနှစ်စီးရယ်။ သုံးစီးနှင့် ဝန်ကြီးချုပ်ကို ပြန်လာခေါ်သွားပါပြီရှင်” ဟု ဒေါ်မာမာလွင်က ပြောသည်။ 

ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နံနက်အစောပိုင်းကတည်းက လာရောက်ဖမ်းဆီးခဲ့ပြီး နောက်နေ့ ဖေဖော်ဝါရီ ၂ တွင် ဝန်ကြီးချုပ်အိမ်အတွင်း ပြန်ပို့ကာ နေအိမ်အကျယ်ချုပ် ချခဲ့သည်။

ဦးမြင့်မောင်သည် ယခင်က တိုင်းသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အဂတိမှုဖြင့် တာဝန်မှ ရပ်စဲခံရပြီးနောက် ၂၀၁၉ မတ်လတွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ကျနေသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်တပ်က နေရာရွှေ့လိုက်ပြန်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ယမန်နေ့ညပိုင်းတွင် နေအိမ်မှ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ပြည်နယ်အဆင့် အခြား NLD ပါတီဝင်တချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ပါတီ၏ သတင်းရင်းမြစ်များက ပြောသည်။ 

ထို့ပြင် ရှမ်းမြောက် NLD ပါတီ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးမျိုးနိုင်ဦး (ခ) ကိုမျိုး၊ ဟိုပန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးဆိုင်ခွက်၊ အတွင်းရေးမှူး ဦးအောင်ကိုဝင်း၊ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းတို့လည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ 

ရှမ်းပြည်နယ်အတွင်း NLD ပါတီဝင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအနက် အဆက်အသွယ်မရသူများရှိနေပြီး ဖမ်းဆီးခံရသူစာရင်း အတိအကျမသိရသေးကြောင်း ပြည်နယ် NLD ပါတီရုံးအဖွဲ့ဝင်များထံမှ သိရသည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကိုလည်း ဖေဖော်ဝါရီ ၁၀ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ၎င်းနေထိုင်ရာနေအိမ်တွင် သွားရောက်ခေါ်ဆောင်သွားသလို ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်သည်လည်း အဆိုပါနေ့တွင်ပင် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသတွင်း သတင်းများရင်းမြစ်များက အတည်ပြုသည်။

ထို့အပြင် နေအိမ်အကျယ်ချုပ်ချခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်တပ်က ခေါ်သွားသည်ဟု AAPP ၏ မှတ်တမ်းနှင့် သုတေသနတာဝန်ယူထားသူ ဦးစိုင်းမင်းက ၎င်းတို့ အတည်ပြုထားသည့် အချက်အလက်များကို ကိုးကား၍ ပြောသည်။

“လက်ရှိမှာတော့ သူတို့တွေက ဥပဒေမဲ့အလုပ်တွေကို ဆက်ပြီးတော့ လုပ်နေတာပဲလို့ သုံးသပ်ရမှာပဲ။ ဖမ်းတဲ့အခါဆိုရင်လည်း ညဉ့်သန်းခေါင်မှာ၊ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ အိမ်ရှေ့မှာ ကားထိုးသံကြားတာနဲ့ ထကြည့်နေရတဲ့ အနေအထားဆိုတော့ လုပ်ချင်သလိုလုပ်နေတယ်လို့ပဲ သဘောထားရမှာပေါ့” ဟု ဦးစိုင်းမင်းက ပြောသည်။

ဗဟိုအစိုးရခေါင်းဆောင်များအနက်မှ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ စစ်ကောင်စီက ထင်မှတ်မထားသည့် ပုဒ်မများဖြင့် အမှုဖွင့်ခဲ့သော်လည်း ကျန်ခေါင်းဆောင်များကို ထိန်းသိမ်းရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းသည်ဆိုသည်ကိုလည်း လျှို့ဝှက်ထားသည်။

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနက် နောက်ဆုံး ထိန်းသိမ်းသည့်နေရာပြောင်းခံရသူမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဖြစ်ပြီး ယမန်နေ့က ပဲခူးမြို့ရှိ ၎င်းနေထိုင်ရာနေအိမ်မှ အခြားတစ်နေရာသို့ ပို့ဆောင်ခံရသည်ဟု ဦးစိုးလေးက ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှာမူ ဖေဖော်ဝါရီ ၇ တွင် လူမှုကွန်ရက်ပေါ်၌ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ပေ။ စစ်တပ်က ခေါ်ဆောင်သွားသည့် အချိန်ကိုလည်း  အတည်မပြုနိုင်သေးပေ။ 

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကယားပြည်နယ် ယာယီဝန်ကြီးချုပ် ဦးဘော့စ်ကိုတို့မှာမူ နေအိမ်အကျယ်ချုပ် ကျနေဆဲ ဖြစ်သည်။  

နေရာပြောင်းချုပ်နှောင်ခံရသူများအနက် ဝန်ကြီးချုပ်များအပြင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းဟိန်နှင့် NLD ပါတီ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ဟိုးလည်း ပါဝင်သည်။ 

ဖေဖော်ဝါရီ ၁၁ တွင် ထုတ်ပြန်ထားသည့် AAPP ၏ စာရင်းများအရ စစ်တပ်က ဖမ်းဆီးထားဆဲ စာရင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပါအဝင် ၂၄၁ ဦးအထိ ရှိသည်ဟု သိရသည်။ 

Show More

Related Articles

Back to top button