
ရန်ကုန်တိုင်းအတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၈၀ ကျော်ကို ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် စစ်တပ်က ယမန်နေ့က ထိန်းသိမ်းထားလိုက်သည်။
ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်မှအပ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ယမန်နေ့ (ဖေဖော်ဝါရီ ၁၁) ည ၈ နာရီတွင် ရန်ကုန်တိုင်းအစိုးရရုံးမှတစ်ဆင့် ဘုရင့်နောင်စစ်ကြောရေး စခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထိန်းသိမ်းခံနေရသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
လက်ရှိတွင် နှစ်ယောက်တစ်ခန်း နေထိုင်ရကာ လက်ကိုင်ဖုန်း အသုံးပြုခွင့်ရနေဆဲဖြစ်ပြီး လိုအပ်သည့် ဆေးဝါးများအား ယင်းစခန်း အဝင်ဂိတ်မှတစ်ဆင့် ပို့ပေးခွင့်ရရှိသည်ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။
” သူတို့ (တပ်) ပြောတာက အဘတို့ကို မဖမ်းပါဘူး။ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးပါ။ လုပ်စရာတွေရှိလို့ပါလို့ ပြောတဲ့စကားကိုထောက်ရင်တော့ မဲနဲ့ပတ်သက်တဲ့ကိစ္စတွေ ထင်တယ်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ထိန်းသိမ်းထားသည့်အကြောင်းရင်းကို မသိရသော်လည်း မဲစာရင်းနှင့်ပတ်သက်ပြီး မေးမြန်းဖွယ်ရှိသည်ဟု ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ဝင်များက ဆိုသည်။
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုလည်း မအူပင်မြို့နယ်ရှိ ခလရ ၂၇ တွင် ယမန်နေ့ကတည်းက ထိန်းသိမ်းထားကြောင်း မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ယနေ့ နံနက်ပိုင်းတွင်ပြောသည်။
၎င်း မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်လည်း အဆိုပါနေရာတွင် ထိန်းသိမ်းခံနေသည်။
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် တိုင်းအဆင့် ရွေးကော်ဥက္ကဋ္ဌများမှတစ်ဆင့် အကြောင်းကြားပြီး စစ်တပ်တွင် ထိန်းသိမ်းထားခြင်းဖြစ်သော်လည်း အချို့တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို နေအိမ်များတွင် တပ်နှင့်ရဲက ဝင်ရောက်ဖမ်းဆီးခဲ့သည့် ဗီဒီယိုများ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။
ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးအပါအဝင် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၀ ခန့် ဖေဖော်ဝါရီ ၁၀ ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ စိုင်းလင်းလင်းဦးက ပြောသည်။
စစ်ကိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ရွေးကော်ဥက္ကဋ္ဌ ဦးလှရွှေနှင့် ကော်မရှင်အတွင်းရေးမှူး ဒေါ်ဘိုသူထက် တို့ကို ယမန်နေ့ညပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် စစ်တပ်က ကလေးမြို့သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် တာဝန်ရှိသူတို့ကို ဖေဖော်ဝါရီ ၁၀ မှစ၍ သက်ဆိုင်ရာမြို့နယ်များရှိ စစ်တပ်များတွင် ထိန်းသိမ်းထားသည်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ဆွေအေးနှင့် အတွင်းရေးမှူး ဦးဝမ်းတင်တို့နှစ်ဦးကို ယမန်နေ့ညပိုင်း ၁ နာရီခန့်က စစ်ကားဖြင့် လာရောက် ဖမ်းဆီးသွားကြောင်း နယ်ခံတစ်ယောက်က ပြောသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးသည်လည်း ဖေဖော်ဝါရီ ၁၀ တွင် ဖမ်းဆီးခံခဲ့ရကြောင်း NLD ပါတီမှ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
ရှမ်းပြည်နယ်တွင် ခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း NLD ပါတီဝင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအနက် အဆက်အသွယ်မရသူများ ရှိနေပြီး ဖမ်းဆီးခံရသူစာရင်း အတိအကျ မရသေးကြောင်း ပြည်နယ် NLD ပါတီထံမှ သိရသည်။
အတိအကျ အတည်ပြုနိုင်ခြင်း မရှိသော်လည်း လက်ရှိအချိန်ထိ အစိုးရအဖွဲ့အကြီးအကဲများနှင့် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ စာရေးဆရာအချို့ နှင့် တက်ကြွလှုပ်ရှားသူ အပါအဝင် စုစုပေါင်း ၁၇၀ ကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သိရသည်။
မဲစာရင်း မှားယွင်းသည်ဟု အကြောင်းပြကာ နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ ၁ တွင် တပ်မတော်က သိမ်းယူလိုက်ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဆက်တိုက်ဆိုသလို ဖမ်းဆီးထိန်းသိမ်းခံနေရသည်။
ရွေးကောက်ပွဲသည် မျှတမှုရှိသည်ဟု ပြည်တွင်းပြည်ပ လေ့လာသည့် အဖွဲ့တိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့သူ ဦးရဲထွဋ်ကလည်း ရွေးကောက်ပွဲ ရှုံးသူများကို အရှုံးကို လက်ခံသင့်သည်ဟု ဝေဖန်ခဲ့သည်။