သတင်း

တပ်မတော် အာဏာသိမ်း ၊ တည်ငြိမ်စွာရင်ဆိုင်သွားရန် NLD တုံ့ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ယနေ့ (ဖေဖော်ဝါရီ ၁) နံနက်မိုးမသောက်မီ နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းလိုက်သည်ဟု ပါတီတွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ထို့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကယားပြည်နယ် ပါတီဥက္ကဋ္ဌ အပါအဝင် သုံးဦး တို့ကိုလည်း တပ်က ထိန်းသိမ်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်များ စတင်အသက်ဝင်မည့် ယနေ့ ဖေဖော်ဝါရီ ၁ တွင် ပြည်သူ့လွှတ်တော် ပထမရက်အစည်းအဝေးနှင့် မနက်ဖြန် ဖေဖော်ဝါရီ ၂ တွင် အမျိုးသားလွှတ်တော်အစည်းအဝေး စတင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။​

ရွေးကောက်ပွဲဖြစ်စဉ်အတွင်း မဲစာရင်းမှားယွင်းမှုများ သန်းချီ ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဆိုကာ တပ်မတော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့သည် သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖြေရှင်းချက်ပေးရန် ဆက်တိုက်ဖိအားပေးနေခဲ့သည်။ 

အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်း တပ်မတော်၏ နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်လိုက်ပြီးနောက် နိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

တပ်မတော်ကို ထောက်ခံကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်တွင် ပြီးခဲ့သည့် သုံးရက်ဆက်တိုက် ပြုလုပ်ခဲ့ပြီး တပ်မတော်က ပြတ်ပြတ်သားသားလုပ်ရန် ဆန္ဒပြပွဲ ဦးဆောင်သူများက ကြွေးကြော်တိုက်တွန်းခဲ့ကြသည်။ 

ဖမ်းဆီးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ပါတီပြောရေးဆိုခွင့်ရှိသူများ၊ မိသားစုဝင်များနှင့် Myanmar Now က အတည်ပြုရန် ကြိုးပမ်းဆဲ ဖြစ်ပါသည်။ 

NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ယခုအချိန်ထိ တိကျသည့် သတင်းများ မရရှိသေး၍ တိတိကျကျ မပြောဆိုနိုင်သော်လည်း ဥပဒေနှင့်အညီသာ ရင်ဆိုင်သွားမည်ဖြစ်သည်ဟု ပြောသည်။

“ပြည်သူတွေကိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဥပဒေနဲ့ အညီ တုံ့ပြန်ကြပါ။ စိတ်ဆန္ဒ အလျောက် ဘာာမှ မလုပ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

 နေပြည်တော်တွင် နေထိုင်သူများကို ဖုန်းနှင့် ဆက်သွယ်၍ မရသေးသလို  အင်တာနက်မှလည်း ဆက်သွယ်၍ မရသေးပေ။ 

အနယ်နယ်အရပ်ရပ်မှ ဖမ်းဆီးထိန်းသိမ်းခံရမှု စာရင်းကို ဤနေရာတွင် ဆက်လက် ဖော်ပြသွားပါမည်။

  • မင်းသွေးသစ် (ဗကသ) 

  • မင်းကိုနိုင်

  • ကိုမြအေး

  • ဦးဟံသာမြင့် (NLD ဗဟိုအလုပ်အမှုဆောင်) 

  • ဦးသိန်းဦး ((NLD ဗဟိုအလုပ်အမှုဆောင်) 

  • ရွှေတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးညွန့်ဝေနှင့် NLD ပါတီဝင်လွှတ်တော်အမတ်အချို့

Show More

Related Articles

Back to top button