လေ့လာသုံးသပ်ချက်

ဝမ်ယိ-မင်းအောင်လှိုင် ဆက်ဆံရေးကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း

မင်းအောင်လှိုင်အား တန်းတူအနေအထားဖြင့် ဆက်ဆံခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ အဓိက ပေးချင်သော သတင်းစကားမှာ တရုတ်ဆန့်ကျင်ရေး လုံးဝမလုပ်ရန်ဖြစ်သည်။ ခရီးစဥ်တစ်ခုလုံး ခြုံကြည့်ပါက တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် ပကတိအခြေအနေနှင့် ကင်းကွာနေဆဲဖြစ်သည်ကို တွေ့ရသည်။

ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် နောက်ဆုံး ယာယီသမ္မတ ရာထူးများကို တစ်ဦးတည်း ရယူထားသူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ကိုယ့်ထီးကိုယ့်နန်းဖြင့် လွတ်လပ်ခဲ့သော နိုင်ငံ၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသော ပြယုဂ်၊ နိုင်ငံအကြီးအကဲ သမ္မတတစ်ဦးသာ အသုံးပြုခွင့်ရှိသော “သီဟာသနပလ္လင်” ရှေ့တွင် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား အဆန့်အတန်းတူ နေရာပေး၍ လက်ခံတွေ့ဆုံခဲ့သည်။ 

ထိုမြင်ကွင်းက ထွက်ပေါ်လာသော မေးခွန်းမှာ မင်းအောင်လှိုင်၏ ယာယီသမ္မတနှင့် ဝန်ကြီးချုပ်ရာထူးများကို တရုတ်အစိုးရက တရားဝင် အသိအမှတ်မပြု၍လား။ သို့တည်းမဟုတ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်၊ တအာင်းနှင့် ရခိုင်တို့ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ကြောင့် မင်းအောင်လှိုင်စစ်တပ် အလွန်အားထားရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မရှုမလှ ကျဆုံးခဲ့ရပြီး ရက်ပိုင်းအတွင်း ရောက်ရှိလာသော တရုတ်ထိပ်တန်းသံတမန်တစ်ဦးကို သီဟာသနပလ္လင်ရှေ့တွင် အဆင့်တူ လက်ခံတွေ့ဆုံခဲ့ခြင်းက မည်သည့်သဘော ဆောင်နေပါသနည်း။  

စင်စစ် မြန်မာနိုင်ငံအကြီးအကဲ သမ္မတများဖြစ်သော ဦးသိန်းစိန်၊ ဦးထင်ကျော်နှင့် ဦးဝင်းမြင့်တို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံခဲ့ဖူးပြီး၊ မင်းအောင်လှိုင်ကဲ့သို့ ဝမ်ယိကို “သီဟာသနပလ္လင်” ရှေ့တွင် တန်းတူထိုင်၍ တွေ့ဆုံခွင့် မပြုခဲ့ပါ။ သမ္မတဦးဝင်းမြင့်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ၂၀၂၀ ခုနှစ် နေပြည်တော်တွင် တွေ့ဆုံရာ၌သာ ပလ္လင်ရှေ့တွင် တစ်ယောက်ထိုင်ခုံနှစ်လုံးဖြင့် တန်းတူအဆင့် တွေခဲ့ခြင်းဖြစ်သည်။

၂၀၂၀ တရုတ်သမ္မတ ရှီကျင့်ဖျင်အား သမ္မတဦးဝင်းမြင့်တွေဆုံပုံနှင့် ၂၀၂၁ တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယိအား သမ္မတဦးဝင်းမြင့်တွေ့ဆုံပုံ (မြန်မာ့အလင်း)


ဝမ်ယိနှင့် မင်းအောင်လှိုင် ပလ္လင်ရှေ့တွင် တွေ့ဆုံပြီး ထိုနေ့ တစ်နေ့တည်းတွင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ပါဝင်သော ဆွေးနွေးပွဲ ထပ်မံကျင်းပကြသည်။ နှစ်နိုင်ငံ တရားဝင်ဆွေးနွေးပွဲများတွင် တွေ့ရလေ့ရှိသော ခန်းမ၏ ရှေ့ဆုံးတွင် နှစ်နိုင်ငံအလံများ ထောင်ထားခြင်းကို မတွေ့ရပါ။ သံတမန် ထုံးတမ်းစဉ်လာအရ အလံတင်ဆွေးနွေးမှု မဟုတ်လျှင် နိုင်ငံတော်အဆင့် တရားဝင်ဆွေးနွေးမှုဟု မယူဆနိုင်ပါ။

NLD အစိုးရခေတ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတွေ့ဆုံပုံ။ မကြာမီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အဖွဲ့ ဝမ်ယိကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံပုံ (မြန်မာ့အလင်း၊ ဆင်ဟွာ)


စင်စစ် တရုတ်အစိုးရ၏ အသိအမှတ်ပြုမှုရရှိရေး၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခွင့်ရရှိရေး မင်းအောင်လှိုင် ကိုယ့်ကိုယ်ကိုယ် အဆင့်နှိမ့်ချ ဆက်ဆံခဲ့ခြင်းသာ ဖြစ်သည်။ 

စင်စစ် မြန်မာပြည်သူများက လိုလိုလားလား အပ်နှင်းထားခြင်းမဟုတ်ဘဲ အာဏာသိမ်းပြီး အတင်းအဓမ္မရယူခဲ့သော ရာထူးများဖြစ်ခြင်း၊ သမ္မတဖြစ်ချင်သော စစ်ခေါင်းဆောင်သည် သမ္မတတစ်ဦးတည်းသာ အသုံးပြုခွင့်ရှိသော သီဟာသနပလ္လင်ရှေ့ ထိုင်ခုံတွင် သမ္မတတစ်ဦးသဖွယ် ပြုမူခြင်း၊ လွတ်လပ်သောနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာနှင့် နိုင်ငံဂုဏ်သိက္ခာကို ကိုယ်စားပြုသော သီဟာသနပလ္လင်၏ ပြယုဂ်နှင့်တန်ဖိုးကို အလေးအနက်မထားခြင်း၊ အဓမ္မရယူထားသော ရာထူးဖြစ်၍ ထိုရာထူးနှင့်လျော်ညီသော သိက္ခာကို ထိန်းသိမ်းရကောင်းမှန်း မင်းအောင်လှိုင် မသိပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဝမ်ယိ၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လဆန်း မြန်မာ့ရှေးဟောင်း ပုဂံမြို့တွင် ကျင်းပခဲ့သော (၇) ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နှင့်မြန်မာ ပူးတွဲဥက္ကဋ္ဌ ဆောင်ရွက်၍ ကျင်းပခဲ့စဥ်က ဝမ်ယိ နေပြည်တော်သို့မသွား၊ မင်းအောင်လှိုင်ကို မတွေ့ခဲ့ပါ။

ထိုဖြစ်ရပ်က မင်းအောင်လှိုင်ကို အရှက်ရစေခဲ့သည်။ ထိုစဉ်က ဝမ်ယိ မင်းအောင်လှိုင်ကို တွေ့ဆုံရန် ရှောင်ရှားခဲ့သော လုပ်ရပ်ကို တရုတ်အစိုးရသည် အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားဝင် အသိအမှတ်ပြုမှု မပေးရန် ရှောင်ရှားနေသည်ဟု လေ့လာသုံးသပ်သူများအကြား ကျယ်ကျယ်ပြန့်ပြန် မှတ်ချက်ပြုပြောဆိုခဲ့ကြသည်။

ဤတစ်ကြိမ် တရုတ်အစိုးရ ဩဇာလွှမ်မိုးနိုင်မှုအရှိဆုံးဟု ယူဆထားခဲ့ကြသော ကိုးကန့် (MNDAA) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တော်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ထားပြီးရက်ပိုင်းအတွင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည့် (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့အသွား၊ ဝန်ကြီးဝမ်ယိ နေပြည်တော်သို့ လှည့်ဝင်လာခြင်းဖြစ်ပြီး၊ မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ တို့ကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်အား ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရပုံ။  (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ဝမ်ယိထံ အကူအညီတောင်းခံခဲ့သော မင်းအောင်လှိုင်

ဆွေးနွေးပွဲတွင် မင်းအောင်လှိုင်က “မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံတည်ထောင်တဲ့အချိန်မှာ ပထမဆုံး စတင်အသိအမှတ်ပြုတဲ့ အစောဆုံးနိုင်ငံ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သော ၎င်း၏အသံပါသော ၅ မိနစ် ၂၀ စက္ကန့်ကြာ ရုပ်သံဖိုင်တစ်ခုလည်း လူမှုမီဒီယာတွင် ထွက်ပေါ်လာပါသည်။

ဆက်လက်ပြီး “မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ ထာဝရမိတ်ဆွေနိုင်ငံတစ်ခု ဖြစ်မယ်ဆိုတာလည်း၊ အမြဲတမ်းရှိနေမယ်ဆိုတာလည်း ပြောလိုပါတယ်။ အဆွေတော်အနေနဲ့ ကွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်နဲ့ပတ်သက်ပြီး အကောင်းဆုံး ဆောင်ရွက်ပေးဖို့ ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု မင်းအောင်လှိုင်က ဝမ်ယိကို အကူအညီတောင်းခံနေခြင်းအား တွေ့ရှိရသည်။

ဝမ်ယိက “အဆွေတော်ဥက္ကဋ္ဌကြီး” ဟု အစချီပြီး “တရုတ်ကိုယ်စားလှယ်အဖွဲ့ကို အခုလို လက်ခံတွေ့ဆုံခြင်းကို ကျေးဇူးတင်ပါတယ်။ ရှေ့ဦးစွာအနေနဲ့ တရုတ်နိုင်ငံတော်အကြီးအကဲကလည်း အဆွေတော်ဥက္ကဋ္ဌကြီးကို ချစ်ခင်ရင်းနှီးစွာနှုတ်ဆက်ကြောင်းနဲ့ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားလိုပါတယ်” ဟု စကားပြန်မှတစ်ဆင့် သံတမန်ရေး ပဋိသန္ဓာရစကား ဆိုသည်။

“ဥက္ကဋ္ဌကြီး” ဟု အခေါ်ခံလိုက်ရခြင်း၊ တရုတ်နိုင်ငံတော်အကြီးအကဲ (သမ္မတရှီကျင့်ဖျင်ကို ရည်ညွှန်းပုံရ) က နှုတ်ဆက်ကြောင်း ပါဝင်သော အဆိုပါ ရုပ်သံဖိုင်ကို စစ်ကောင်စီက အသေအချာတည်းဖြတ်ပြီး တရုတ်နိုင်ငံ၏ သမ္မတတောင်မှ ၎င်းအား အသိအမှတ်ပြုသည်ဟု မင်းအောင်လှိုင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ပုံရသည်။

သို့သော် ထိုတွေ့ဆုံမှုသတင်းအား တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် နိုင်ငံတကာသို့ အင်္ဂလိပ်ဘာသာဖြင့် တရားဝင်ထုတ်ပြန်ချက်တွင် မြန်မာခေါင်းဆောင် မင်းအောင်လှိုင် ဟု သုံးနှုန်းဖော်ပြထားပြီး၊ ၎င်း၏ စစ်တပ်ရာထူး ဗိုလ်ချုပ်မှူးကြီး၊ စစ်ကောင်စီ ဥက္ကဋ္ဌရာထူးနှင့် ဝန်ကြီးချုပ်ရာထူးများကို လုံးဝသုံးနှုန်းဖော်ပြခြင်း မရှိခဲ့ပါ။ 

တဖန် ရန်ကုန်အခြေစိုက် တရုတ်သံရုံး၏ Facebook စာမျက်နှာတွင် “ဗိုလ်ချူပ်မှူးကြီး” ဟု သုံးနှုန်းထားခြင်းကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီနှင့် သံတမန်ရေး ရှေ့တန်းမျက်နှာစာတွင် ထိတွေ့ဆက်ဆံနေရသော တရုတ်သံရုံးသည် မင်းအောင်လှိုင်၏ အဆင့်အတန်းကို မြန်မာဘာသာနှင့် တစ်မျိုး၊ အင်္ဂလိပ်ဘာသာနှင့်တစ်မျိုး အမျိုးမျိုးဖော်ပြနေခြင်းအား ထူးခြားစွာ တွေ့ရှိရသည်။ မင်းအောင်လှိုင်ကို တရားဝင်အသိအမှတ်ပြုမှုပေးရန် တရုတ်တို့၏ သတိထားပြုမူနေကြကြောင်း ပေါ်လွင်သည်။    

တရုတ်ကို အမည်မဖျက်ရန်၊ တရုတ်အကျိုးစီးပွားမထိခိုက်ရန် ဝမ်ယိ သတိပေးတောင်းဆို

တရုတ်သံရုံးက ထုတ်ပြန်ခဲ့သော ဝမ်ယိ-မင်းအောင်လှိုင် ဆွေးနွေးပွဲဆိုင်ရာ အချက်အလက်များထဲ တရုတ်အစိုးရ၏ လေးနက်သော ဆွေးနွေးချက်တချို့ကို သတိပြုမိသည်။ ၎င်းတို့မှာ “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားမှုကို ဆန့်ကျင်ပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း” ဟု ဝမ်ယိက မင်းအောင်လှိုင်ကို ပြောကြားခဲ့သည်။

တရုတ်-မြန်မာဆက်ဆံရေး မတည်ငြိမ်ဆုံးအချိန်ကာလတွင် ဝမ်ယိ၏သတိပေးပြောဆိုမှုက တိုက်ဆိုင်မှု မဟုတ်ပါ။ မည်သူ့ကို ရည်ရွယ်၍ တိတိကျကျပြောဆိုကြောင်း မပါရှိသော်လည်း၊ ဆွေးနွေးဖက်မှာ မင်းအောင်လှိုင်ကို ရှေ့တည့်တည့်ထား၍ ပြောနေခြင်းက ရှင်းလင်းနေပါသည်။

ဟန်တရုတ်မျိုးနွယ်ဇာစ်မြစ်မှ ဆင်းသက်လာသော ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့များကို ရှမ်းမြောက်တွင် စစ်ရှုံးထားသော မင်းအောင်လှိုင်က ပြည်ပစွက်ဖက်မှုကြောင့် (တရုတ်နိုင်ငံကို ဦးတည်သော) ဟု စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက်၊ ရက်ပိုင်းအတွင်း ရောက်ရှိလာသော ဝန်ကြီး ဝမ်ယိ၏ ထိုဆွေးနွေးချက်က အလေးထားစရာလည်း ဖြစ်သည်။

စစ်တပ်က ခွင့်မပြုလျှင် ဆန္ဒပြခွင့်မရှိသော အချိန်ကာလတွင် နေပြည်တော်နှင့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့တွင် စစ်တပ်လိုလားသူ အမျိုးသားရေး အစွန်းရောက်အုပ်စုများက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ခြင်း နောက်ကွယ်တွင် မင်းအောင်လှိုင်၏ စစ်တပ်ရှိနေသည်ကို ရန်ကုန်အခြေစိုက် တရုတ်သံရုံးမှ သံတမန်များ ကောင်းစွာ သိရှိထားပါလိမ့်မည်။

ယခုလဆန်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ။ (ဓာတ်ပုံ – Myanmar Now)

ဆွေးနွေးပွဲတွင် ဝမ်ယိဘက်က “တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်သွားလိုကြောင်း…မြန်မာဘက်က မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်း ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းပေးရန်…နှစ်ဦးနှစ်ဖက် ကူးလူးဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဘေးကင်းလုံခြုံသည့်ပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ပါကြောင်း” တောင်းဆိုသွားသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရန် တော်လှန်နေကြသော တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအဖွဲ့များ စစ်အောင်နိုင်မှုနှင့်အတူ နယ်မြေစိုးမိုးမှုများ တိုးမြှင့်ရရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံက တရုတ်အစိုးရ၏ အဓိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မှ တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ ထိုအခြေအနေသည် တရုတ်အစိုးရကို မည်သည့်အချိန်ကာလနှင့်မျှ မတူသော စိုးရိမ်မှုကို ဖြစ်ပေါ်နေကြောင်း ထင်ရှားစေသည်။

မြန်မာ့အရေး ကျော်လွန်၍မရသော “စည်း သုံးခု”

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နေပြည်တော်ခရီးစဉ်မှတစ်ဆင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့က ကျင်းပသည့် (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တတ်ရောက်ခဲ့ပြီး၊ ထိုအစည်းအဝေးကာလအတွင်း မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်သော အိမ်နီးချင်း တရုတ်၊ ထိုင်း၊ လာအိုနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေတို့အကြား မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးမှ ဝမ်ယိ၏ မြန်မာ့အရေးထုတ်ဖော်ပြောဆိုမှုများက နေပြည်တော်မှာထက် ပို၍ အသေးစိတ်ကျပြီး၊ သတိပြုစရာဖြစ်စေသည့်အချက်မှာ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ မြန်မာ့အရေးတွင် ကျော်လွန်၍မရသော “စည်း သုံးခု” ရှိပြီး၊ ခိုင်မာစွာ ထိန်းသိမ်းရမည်ဟု သတိပေးပြောဆိုမှု ပြုလုပ်ခဲ့သည်။

အဆိုပါ “စည်း ”သုံးခု မှာ (၁) မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား၍ မရခြင်း၊ (၂) အာဆီယံ မိသားစု၏လမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်းနှင့် (၃) ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းဟု ဆိုသည်။

ဝမ်ယိပြောသော ပထမစည်း နှစ်ခုမှာ တရုတ်အစိုးရ ယခင်က ပြောနေကျအချက်အလက်များ ဖြစ်သော်လည်း၊ တတိယ “စည်း” ဖြစ်သော ပြင်ပအင်အားစုဆိုသည်မှာ အမေရိကန်နှင့် အနောက်အင်အားစုများကို ရည်ညွှန်းခြင်း ဖြစ်နိုင်ပါသည်။

တိုက်ဆိုင်စွာပင် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပသည့် တစ်နေ့တည်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ တွမ်ဆာလီဗန် (Tom Sullivan) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးကြိုးပမ်းမှုများကို ချီးကျူးခဲ့ပြီး၊ အမေရိကန်အစိုးရက ဒီမိုကရေစီအင်အားစုများကို တိုက်ရိုက်အထောက်အပံ့များ တိုးချဲ့ပေးအပ်မည့်ကိစ္စများကို ဆွေးနွေးခဲ့သည်။

ယခင် ဝမ်ယိ၏ မြန်မာ့အရေး ကြိုးပမ်းမှုကို ပြန်လည်လေ့လာခြင်း 

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၃ ဂဏန်းကို သဘောကြလေသလား မသိ၊ မြန်မာ့အရေးဖြေရှင်းရန် ၂၀၂၁ ခုနှစ် မတ်လတွင် အဆိုပြုချက် ၃ ရပ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ပုဂံမြို့၌ ကျင်းပခဲ့သော (၇) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် “မျှော်လင့်ချက် ၃ ချက်” ကို ပြောခဲ့ဖူးသည်။   

၎င်း၏ အဆိုပြုချက် ၃ ရပ်နှင့် မျှော်လင့်ချက် ၃ ရပ်များက မြန်မာ့အရေး ဖြေရှင်းရာတွင် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းရှိမရှိ ဆန်းစစ်လေ့လာသင့်ပါသည်။

ရှေးဦးစွာ ၂၀၂၁ ခုနှစ် မတ်လတွင် ဝမ်ယိ၏ မြန်မာပြဿနာဖြေရှင်းရေး အဆိုပြုချက် ၃ ရပ်မှာ (၁) သက်ဆိုင်သူ အားလုံးပါဝင်ပြီး ပဋိပက္ခနှင့် သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနှင့် တည်ဆဲဥပဒေများအရ ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရေး၊ (၂) အာဆီယံအနေနှင့် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုဘဲ၊ အာဆီယံနည်းလမ်းဖြင့် ဘုံသဘောတူညီချက် ရရှိအောင် ကြားဝင်စေ့စပ် ဖျန်ဖြေပေးခြင်းကို ထောက်ခံခြင်းနှင့် (၃) မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ မည်သို့ပင်ရှိစေကာမူ တရုတ်-မြန်မာဆက်ဆံရေး မြှင့်တင်ရန် သန္နိဋ္ဌာန်စိတ်ထား ယိမ်းယိုင်လိမ့်မည် မဟုတ်ဟု ဆိုသည်။ 

ထိုအချက် ၃ ချက်ထဲမှ ပထမဆုံးအချက်တွင် သုံးနှုန်းထားသော “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ အရ” ဆိုသည့် အချက်ကြောင့် တရုတ်၏ အဆိုပြုချက်သည် စစ်ခေါင်းဆောင်များဘက်မှ ရပ်တည်ထားခြင်းဖြစ်ပြီး၊ အာဆီယံခေါင်းဆောင်များချမှတ်ထားသော “တူညီဆန္ဒ ၅ ရပ်” ကဲ့သို့ ကြားနေရပ်တည်ချက် မဟုတ်ခဲ့ပါ။ ထိုအချက်ကို ယနေ့အချိန်ထိ စွဲကိုင်ထားသော တရုတ်သည် ဒုတိယအဆိုပြုချက်တွင် အာဆီယံကို ပြည်တွင်းရေး ကြားဝင်စွက်ဖက်မှု မပြုရေး “မူ” ကို ထိန်းသိမ်းရန် တိုက်တွန်းနေခြင်းက ရှေ့နောက်မဆီလျော်သော ရပ်တည်ချက်ဖြစ်သည်။

တရုတ်၏ တတိယအဆိုပြုချက်က ၎င်း၏ရပ်တည်ချက်ကို ပို၍ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရသည်။ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရင်းနှီးမြုပ်နှံထားသော အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်အစိုးရသည် မြန်မာအရေးတွင် ကိုယ်ကျိုးစီးပွားရှေးရှုသော မူဝါဒကိုသာ အစဉ်အဆက်ကျင့်သုံးခဲ့သော သမိုင်းသက်သေများလည်း ရှိခဲ့ပါသည်။ 

၂၀၂၁ ခုနှစ်တွင် ၎င်း၏အဆိုပြုချက် ၃ ရပ်ကို အာဆီယံအပါအဝင် မည်သူကမျှ အလေးထားတုံ့ပြန်မှုမပြုကြသည့်အခါ၊ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဝမ်ယိသည် “မျှော်လင်ချက် ၃ ရပ်” ကို ထပ်မံ ထုတ်ဖော်ပြောဆိုခဲ့ပြန်သည်။ 

၎င်းတို့မှာ (၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးအတွက် တရုတ်နှင့်အာဆီယံ ပူးတွဲလုပ်ဆောင်ရန်၊ (၂) မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး၊ တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး တရုတ်နှင့် အာဆီယံအတူ တွန်းအားပေးရန်နှင့် (၃) အာဆီယံက “အာဆီယံနည်းလမ်း” ကို စွဲကိုင်၍ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှု မရှိရေးနှင့် အာဆီယံ “တူညီဆန္ဒ ၅ ရပ်” ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း၊ အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် အဆိုပြုခဲ့သည်။

ဤနေရာတွင် ဝမ်ယိ၏ မျှော်လင့်ချက် ၃ ရပ်နှင့် အဆိုပြုချက် ၃ ရပ်အကြား ကွာခြားချက်မှာ အာဆီယံက “တူညီဆန္ဒ ၅ ရပ်” ဖြင့် ဦးဆောင်ဖြေရှင်းခြင်းကို တစ်ဖက်တွင် ထောက်ခံကြောင်း ပြသပြီး၊ အခြားတစ်ဖက်တွင် အာဆီယံ၏လမ်းကြောင်းကို လွှမ်းမိုးနိုင်ရေး အာဆီယံနှင့် ပူးတွဲလုပ်ဆောင်လိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားလာသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်များက အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းနှင့် နိုင်ငံရေးအရမဟုတ်သော ကိုယ်စားလှယ်ကိုသာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခွင့် ပေးခြင်းအပေါ် အာဆီယံသည် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟု တရုတ်အစိုးရ ယူဆထားကြောင်း ဝမ်ယိ၏ အဆိုပြုချက်များက သိသာစေသည်။

သို့သော် အာဆီယံခေါင်းဆောင်များသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအရေး အာဆီယံကသာ ဦးဆောင်ဖြေရှင်းမည် ဆိုသည့် အာဆီယံဗဟိုပြုမှု (ASEAN Centrality) မူဝါဒအရ၊ တရုတ်အစိုးရက မြန်မာ့အရေး အာဆီယံနှင့် ပူးတွဲလုပ်ဆောင်လိုကြောင်း ကမ်းလှမ်းချက်ကို လျစ်လျူရှုခဲ့သည်။ ထို့အတူ အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ ဝင်ရောက်စွက်ဖက်လာမည့်အရေးကို သတိထားနေကြသည်။

ခြုံငုံသုံးသပ်ကြည့်လျှင် ဝမ်ယိသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဒေသတွင်း အာဆီယံအသင်းကြီးက ပြန်လည်ထိတွေ့ဆက်ဆံလာရေး လန်ချန်း-မဲခေါင် အစည်းအဝေးများကို အသုံးချပြီး၊ သံတမန်ရေးကြိုးပမ်းမှုများကို ပြုလုပ်နေကြောင်း ထင်ရှားပါသည်။

သို့သော် ယခုတစ်ကြိမ် ဝန်ကြီးဝမ်ယိ၏ နောက်ထပ်ခြေလှမ်းမှာ အာဆီယံအနေဖြင့် မင်းအောင်လှိုင်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို လက်ခံသင့်ကြောင်း မြန်မာ့အရေး အာဆီယံဘုံသဘောထားများနှင့် စစ်ကောင်စီ၏ နိုင်ငံရေးလမ်းစဉ်တွင် တူညီသောအချက်များရှိပါက ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ စစ်ကောင်စီ ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲကို ထောက်ခံအားပေးသင့်ကြောင်း ပွင့်ပွင့်လင်းလင်း ရပ်တည်ပြောဆိုမှုများ ပြုလုပ်လာခြင်းကို တွေ့ရှိရသည်။

ဝန်ကြီး ဝမ်ယိ၏ ကြိုးပမ်းချက်များသည် မြန်မာနိုင်ငံ၏ လက်ရှိပကတိ စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများနှင့် အလှမ်းကွာဝေးနေပြီး၊ အပြေးပြိုင်ပွဲတစ်ခုတွင် နောက်ဆုံးအပြေးသမားကို ထိပ်ဆုံးက ပန်းဝင်သူအဖြစ် သတ်မှတ်ပေးရန် နိုင်ငံတကာကို လှည့်လည်စည်းရုံးနေခြင်းနှင့် တူနေပေသည်။ တရုတ်အစိုးရခေါင်းဆောင်များသည် မြန်မာပြည်သူများကို မျက်နှာမူသော မူဝါဒ ကျင့်သုံးနိုင်ခြင်းမရှိသေးကြောင်း ထင်ရှားပေါ်လွင်ပါသည်။

Show More

Related Articles

Back to top button