
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲအချုပ်တွင် တစ်ညတာ အထိန်းသိမ်းခံရစဉ် အမျိုးသားငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးသွားမှုတွင် ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် အာဏာပိုင်အဖွဲ့အစည်းများသို့ တောင်းဆိုထားကြောင်း မိသားစုက ဇန်နဝါရီ ၁၅ တွင် ပြောသည်။
မကြာသေးခင် ရက်ပိုင်းအတွင်းက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရရုံးတို့ကို စာပို့ထားသည်ဟု သေဆုံးသူ ကိုအောင်အောင်သက်၏ အစ်ကို ကိုကိုသက်ထံမှ သိရသည်။
ရုပ်အလောင်း စစ်ဆေးချက် ဆေးစာ မှုခင်းဆရာဝန်ထံမှ ထွက်လာမည်ကို စောင့်ဆိုင်းနေသည်၊ တောင်အင်းသုသာန်ရေခဲတိုက်တွင် ရုပ်အလောင်း ထားရှိသည်မှာ ဆယ်ရက်ကျော်လာပြီဟု ကိုကိုသက်က ပြောသည်။
“မနေ့ကကျ အလောင်းထားထားတဲ့ဆီက သင်္ဂြိုဟ်ပေးဖို့ ဖုန်းဆက်လာတယ်။ ကျွန်တော့်ညီက ရဲရိုက်လို့ သေဆုံးတယ်လို့ သံသယရှိတဲ့အတွက် ဆေးစာစောင့်နေတာဖြစ်လို့ မသင်္ဂြိုဟ်သေးဘူးလို့၊ အလောင်းထားရှိခ တစ်ရက်၂,၅၀၀ နှုန်း သွားပေးရင်း ပြောခဲ့တယ်” ဟု ကိုကိုသက်က ဆိုသည်။
ရုပ်အလောင်းသည် သေဆုံးရသည့် အကြောင်းရင်းမှန်ကို စစ်ဆေးရန်အတွက် အကောင်းဆုံးသက်သေ ဖြစ်သည်ဟု သူက ဆက်ပြောသည်။
သမန်းကုန်းရပ်ကွက်တွင်နေထိုင်သူ ၂၆နှစ်အရွယ် ကိုအောင်အောင်သက်သည် ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၁ နာရီခန့်က မူးယစ်အော်ဟစ်နေသဖြင့် ရဲက ထိန်းသိမ်းထားစဉ် ဒဏ်ရာ ရခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်သည်။
တခြားအချုပ်သားများနှင့် အချင်းများပြီး ခိုက်ရန်ဖြစ်ပွားသဖြင့် အချုပ်ခန်းအတွင်းမှ ထုတ်ခဲ့ရသည်ဟု လုံခြုံရေးကင်မရာမှတ်တမ်းအရ သိရကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးက သေဆုံးရသည့်အကြောင်းရင်းကို သိရရန် ခုံရုံးဖွဲ့ စစ်ဆေးမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲမှူး နေမျိုးအောင်က Myanmar Now ကို ပြောသည်။
ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည်ဟု ဆိုသော မင်းသူ၊ ဇော်လှိုင်၊ ခိုင်လင်း၊ သူရကျော်တို့လေးဦးကို ပုဒ်မ၃၀၂/၁၁၄(လူသတ်မှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်ထားသည်ဟု ၎င်းကပြောသည်။
စစ်ဆေးမှုအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ထပ်မံ ဆက်သွယ် မေးမြန်းရာ ၎င်းက ဖြေကြားရန် ငြင်းဆန်သည်။