ရွေးကောက်ပွဲ

တပ်ကပြောသည့် အခက်အခဲကို ဥပဒေနှင့်အညီ ရှင်းမည်ဟု NLD တုံ့ပြန်

၂၀၂၀ ရွေးကောက်ပွဲ၏ အငြင်းပွားဖွယ် မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး ပေါ်ပေါက်လာသည့် အခက်အခဲကို မဖြေရှင်းပေးပါက အာဏာသိမ်းသည်အထိ ဖြစ်လာနိုင်ခြေရှိသည် ဟု တပ်မတော်က ယမန်နေ့ ( ဇန်နဝါရီ ၂၆) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုနှင့် ပတ်သက်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အကျပ်အတည်းများကို ဥပဒေနှင့်အညီသာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

“ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆက်လက်ဖြစ်ထွန်းတာ၊ လုပ်ဆောင်တာအားလုံးကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်သွားဖို့ ရှိပါတယ်” NLD ၏ ရွေးကောက်ပွဲဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုံ့ပြန် ပြောဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ (စ) တွင် ပါဝင်သည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟူသည့် ပုဒ်မအတိုင်း ဆောင်ရွက်သွားမည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ အပြင် ၎င်းတို့တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု တပ်ပြောရေးဆိုခွင့်ရှိသူက ထိုသတင်းစာရှင်းလင်းပွဲတွင် မကြာခဏပြောဆိုသည်။

“ဖြေရှင်းပေးသင့်သူတွေက ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်။ ဘာဆက်လုပ်မလဲဆိုရင်တော့ ဥပဒေနဲ့ အကျုံးဝင်တာမှန်သမျှကို ကျွန်တော်တို့က ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်များကို ပြောသည်။

ဥပဒေပါ အချက်အလက်များကို ကိုင်စွဲပြီး ပြောဆိုလျှင် တိကျသည့် ဥပဒေပါ ကိုးကားချက်များဖြစ်ရန် လိုအပ်သည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

“ပုဒ်မ ၆ (စ)မှာပါတဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍဆိုတာက အမျိုးသားနိုင်ငံရေးဆိုတာက အကုန်လုံးပါသလား။ ဘယ်လောက်ထိပါမှာလဲ။ ဘယ်လောက်ဦးဆောင်မှာလဲ၊ ဒါက ယေဘုယျဆန်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ နိုင်ငံတော်၏ အာဏာသည် ပြည်သူပြည်သားများထံမှ ဆင်းသက်၍ တစ်နိုင်ငံလုံးတွင် အာဏာတည်သည်ဆိုတဲ့ အချက်ရယ်၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ အချက်သုံးချက်အပေါ် အခြေခံပြီးတော့ ကျန်တာတွေ အကုန်လုံး အဓိပ္ပာယ်ဖွင့်ဆိုမှသာ ဒီမိုကရေစီကျတယ်လို့ ကျွန်တော်တို့က ခံယူပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်နိုင်သည့် အခြေအနေများရှိနေပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း တပ်မတော်က ဇန်နဝါရီ ၂၀ တွင် စာထုတ် ပြောဆိုပြီးဖြစ်သည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီးလည်း NLD က “ဥပဒေနဲ့အညီ အပြည့်အဝ ဖြေရှင်းနိုင်ပါတယ်” ဟု တုံ့ပြန်ခဲ့ပြီးဖြစ်သည်။

တပ်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ဘက်မှ ဖြေရှင်းခြင်း၊​ တုံ့ပြန်ခြင်း မရှိသေးပေ။

လေ့လာသူတို့၏ အသံများ

၂၀၀၈ အခြေခံဥပ​ဒေသည် တပ်ကို အထူးအခွင့်အရေးပေးထားသည့် ပုံစံမျိုးဖြစ်နေပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို အင်အားသုံးမဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာသင့်သည်ဟု Institute for Strategy and Policy (ISP) အဖွဲ့၏ ပြင်ပ ဆက်သွယ်ရေးတာဝန်ခံ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

“အာဏာသိမ်းတယ်ဆိုတာ တပ်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ဆန္ဒပါပဲ။ သူက သိမ်းချင်လည်းဖြစ်တယ်၊ မသိမ်းချင်လည်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဝေဖန်ပြောဆိုမှုများသည် ပြဿနာဖြေရှင်းရေးကို ဦးတည်သင့်သည်ဟု ဆိုသည်။

“ပြဿနာကို ပြေလည်စေတာထက် ပြဿနာကို ထပ်ပြီး မီးမွှေးလိုက်တာပဲလို့ နားလည်လိုက်တယ်။ တကယ်တမ်း ပြဿနာကို ပြေငြိမ်းစေချင်တယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေး‌ရေးလမ်းကြောင်းကသာ ပြဿနာကို ပြေငြိမ်းစေနိုင်တယ်” ဟု စိုင်းလိတ်က ပြောသည်။  

တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများကို သိမ်းယူရန် ၂၀၀၈ အခြေခံဥပဒေက ခွင့်မပြုထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

ထိုသို့ သိမ်းယူပါကလည်း၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ၎င်းက သုံးသပ်သည်။

“နိုင်ငံတော်သမ္မတက လွှဲအပ်သည့်တိုင်အောင် ပြည်ထောင်စုလွှတ်တော်က သဘောမတူရင် အဲဒီ သဘောမတူတဲ့ နေ့ကစပြီး ဒီအာဏာလွှဲအပ်မှုက ပျက်ပြယ်တယ်လို့ပဲ နားလည်တယ်” ဟု ၎င်းက ပြောသည်။

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ကို အာဏာသိမ်းမည်ဟု တပ်၏ ပြောဆိုချက်မှာ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ 

“နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာရောက်တယ်။ ကြံစည်ရာရောက်တယ်။ ပူးပေါင်းဆောင်ရွက်ရာ ရောက်တယ်။ အရေးယူမယ်ဆိုရင် သေဒဏ်ပဲ။ အစိုးရအောက်က Institution တစ်ခုက ဒီလိုပြောခြင်းဟာ ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်” ဟု မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု၊ မဲမသမာမှု၊  မဲစာရင်းမှားယွင်းမှုများ ရှိနေသည်ဟု အဓိကအတိုက်အခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း စွပ်စွဲထားသည်။

လွှတ်တော်သစ်နှင့် အစိုးရသစ်

ရွေးကောက်ပွဲအလွန်ကာလတွင် တပ်က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို စောဒကတက်နေရာမှ အာဏာသိမ်းခြင်းသည်လည်း ရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်သည်ဆိုသည့်သဘော ပြောဆိုလာသည့်အတွက် ယခုရက်ပိုင်းတွင် ဤအကြောင်းအရာက လူပြောများလျက်ရှိသည်။

ဤအတောအတွင်း လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရသူများ၊ တပ်က စေလွှတ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် တတိယအကြိမ်လွှတ်တော်ကို တက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြသည်။

လွှတ်တော်အကြီးအကဲများ ရွေးချယ်ခြင်း၊ သမ္မတ၊ ဒုသမ္မတတို့ကို ရွေးကောက်တင်‌မြှောက်ခြင်းတို့သည် လွှတ်တော်က မကြာမီ အရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းများထဲတွင် ထိပ်ဆုံးမှ ပါ၀င်သည်။

အခြေခံဥပဒေပေးထားချက်အရ တပ်မတော်သည် ဒုသမ္မတတစ်ဦး စေလွှတ်ခွင့် ရှိနေသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှလည်း ဒုသမ္မတတစ်ဦးစီ ထွက်ပေါ်လာမည်ဖြစ်သည်။ ထို ဒုသမ္မတများထဲမှ ပြည်ထောင်စုလွှတ်တော်တွင် ထောက်ခံမဲအများဆုံးရရှိသူက သမ္မတဖြစ်လာမည်ဖြစ်ပြီး ထိုသမ္မတက အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖွဲ့စည်းမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် အမတ်ဦးရေ အများဆုံးရထားသည့် NLD က မည်သူတို့ကို သမ္မတ၊ ဒုသမ္မတများအဖြစ် လျာထားကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

တတိယအကြိမ်လွှတ်တော်၊ ဗဟိုအစိုးရသစ်၊ ပြည်နယ်တိုင်းအစိုးရအဖွဲ့သစ်များ ဖွဲ့စည်းချိန်မတိုင်မီ NLD သည် တိုင်းရင်းသားနိုင်ငံရေးပါတီတချို့နှင့် သွားရောက်တွေ့ဆုံထားသည်။

ထိုသို့တွေ့ဆုံရာတွင် SNLD ပါတီက ပြည်ထောင်စုအဆင့်၊ ပြည်နယ်အစိုးရနှင့် လွှတ်တော်အဆင့်များတွင် လုပ်ပိုင်ခွင့်များ ခွဲဝေပေးရန် တောင်းဆိုထားသည်။

Show More

Related Articles

Back to top button