
အင်းစိန်ထောင်ရှေ့ ခွင့်ပြုချက်မဲ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော သံဃာတော်နှစ်ပါးအား လုပ်ငန်းတစ်ခု အောင်မြင်လိုလျှင် ကောင်းသောကြံစည်မှု ကြံစည်၍ လုပ်ဆောင်ရန် ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့က ယနေ့ ဇန်နဝါရီ ၂၆ နေ့လယ်ပိုင်းတွင် ခေါ်ယူ၍ ဩဝါဒပေးလိုက်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် ဦးဝီရသူကို အင်တာနက်မှ တွေ့ဆုံစစ်ဆေးနေခြင်းအစား ပြင်ပတရားရုံးတွင် ရုံးထုတ်စစ်ဆေးပေးရန် ဆန္ဒပြသူ ၅၀ တွင် ပါ၀င်သော ဦးပညာဝံသနှင့် ဦးအဂ္ဂဓဇတို့ကို ဆုံးမဩဝါဒပေးခဲ့ခြင်း ဖြစ်သည်။
တိုင်းသံဃာ့နာယကအဖွဲ့က ၎င်းတို့၏ဩဝါဒနှင့်အညီ နေထိုင်ပေးရန် ဆုံးမလိုက်ကြောင်း ဆရာတော်ဦးပညာဝံသက မိန့်သည်။
“ဘယ်လို နေထိုင်ပေးရမလဲဆိုတော့ နိုင်ငံရေးပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် လိမ္မာပါးနပ်စွာလုပ်၊ လိမ္မာယဉ်ကျေးစွာ နေထိုင်ဖို့ ဦးဇင်းတို့ကို ဩဝါဒပေးတယ်”ဟု ဦးပညာဝံသက မိန့်သည်။
ထို့အပြင် လုပ်ငန်းတစ်ခုအောင်မြင်ချင်လျှင် ကောင်းသောကြံစည်မှုဖြင့် ဆောင်ရွက်ရန် လိုအပ်သောကြောင့် ကောင်းသောအလုပ်၊ ကောင်းသောစကားကို ပြောဆိုလုပ်ကိုင်ရေးကိုလည်း တိုင်းသံဃာ့နာယကအဖွဲ့က မိန့်ကြားလိုက်ကြောင်း ဆရာတော် ဦးအဂ္ဂဓဇက ဆိုသည်။
“လုပ်ငန်းလုပ်တဲ့နေရာမှာ ကိုယ်ကို၌ကလည်း ကောင်းတဲ့အလုပ်တွေကို လုပ်ဖြစ်မယ်။ ပြောဆိုတဲ့နေရာမှာလည်း ကောင်းသောစကားတွေကို ပြောဆိုနိုင်မယ်။ ဘာပဲလုပ်လုပ်ပေါ့။ ဒီနေရာမှာ ဦးဇင်းပြောချင်တာက အမျိုးသားရေးပဲလုပ်လုပ်၊ နိုင်ငံရေးပဲလုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ် မလုပ်ခင်မှာ အကောင်းဆုံးအကြံစည်တွေ ကြံစည်ပြီးတော့ ပြောဆိုမယ်။ လုပ်ကိုင်မယ်ဆိုရင် အောင်မြင်နိုင်တယ်။ ဒီလောက်ပါပဲ ဆရာတော်ကြီးတွေ ဩဝါဒပေးတာ”ဟု ဦးအဂ္ဂဓဇက Myanmar Now ကို မိန့်သည်။
အမျိုးသမားရေးသမားဆိုသူ သံဃာတော်နှစ်ပါးကို ခေါ်ယူဆုံးမှုခြင်းနှင့်ပတ်သက်၍ Myanmar Now က တိုင်းသံဃာ့နာယကအဖွဲ့ထံ မေးမြန်းရာတွင် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
ဆန္ဒပြပွဲကို ခွင့်ပြုပေးထားခြင်းမရှိသဖြင့် လူစုခွဲရန် သွားရောက်ညှိနှိုင်းသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များကို ထိုးနှက်တိုက်ခိုက်သည့် အမျိုးသားရေးသမားဆိုသူ ဦးဝင်းထွေးကို ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ၃၅၂နှင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က ယင်းနေ့တွင် အမှုဖွင့်ခဲ့သည်။
ထို့အတူ ဆန္ဒပြပွဲဦးဆောင်သော ဆရာတော်ဦးပညာဝံသ၊ ဦးအဂ္ဂဓဇနှင့် ဦးသက်မျိုးဦးတို့ကိုလည်း ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။
ခွင့်ပြုချက်မဲ့ဆန္ဒပြနေသည့် ဦးပညာဝံသသည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသဖြင့် ၅ နှစ်အတွင်း ၅ ကြိမ် တရားစွဲခံထားရပြီး အင်းစိန်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့တွင်လည်း အမှုရင်ဆိုင်ရန် ကျန်ရှိနေသေးသူဖြစ်သည်။
ဦးပညာဝံသ ဦးဆောင်သော အဖွဲ့က “ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးရန်” ဟု ဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှေ့၌ ဇန်နဝါရီလ ၁၂ က ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့၍ လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် လမ်းမတော်မြို့နယ်တရားရုံးက ဇန်နဝါရီ ၂၁ တွင် အမိန့်ချခဲ့သည်။
၂၀၂၀ အောက်တိုဘာလအတွင်းကလည်း ရွှေတိဂုံဘုရားပုံရိပ်ကို နင်း၍ ကပြဖျော်ဖြေသည်ဟု ဆိုကာ Project – K အဖွဲ့ကို ဆန္ဒပြသဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
၎င်းသည် ” ဦးဝီရသူ ဘေးကင်းရေး” ဟုဆိုကာ ၂၀၁၉ တွင် လမ်းလျှောက်ဆုတောင်းပွဲ လုပ်ခဲ့၍ ဗဟန်းမြို့နယ်တရားရုံး၌ ငြိမ်းစုစီ ပုဒ်မ ၁၉ အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။
၂၀၁၇ ခုနှစ်ကလည်း ရွှေတိဂုံဘုရားအနီး၌ အစိုးရပြုတ်ကျရေး ဆန္ဒပြခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဗဟန်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခံရပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရသည်။