နိဒါန်း – ပဋိပက္ခစက်ဝန်းထဲမှ အဓိကဇာတ်ကောင်များ
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသတွင် စတင်ပေါ်ပေါက်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ၏ အရှိန်အဟုန်ကြောင့် မြန်မာ့ပဋိပက္ခစက်ဝန်း ဗဟိုချက်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်သို့ ဦးတည်ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ ပြည်နယ်မြောက်ပိုင်း၏မြို့တော် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းသည် စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော စစ်ပွဲများ၏ အထွတ်အထိပ် ဖြစ်လာသည်။
ထိုအချိန်မတိုင်မီအထိ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့ မြန်မာပြည်သူတို့ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြစဉ် စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းမှုများကြောင့် ပြည်သူများက စစ်တပ်ကို လက်နက်ကိုင်တော်လှန်ကြသည်။ သို့သော် ထိုဖြစ်စဉ်များက မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်မှုကို မည်သို့မျှ မထိခိုက်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး နှစ်စဉ် ဒေါ်လာ ၃ ဘီလီယံခန့်ရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
စစ်အာဏာသိမ်းမှု တတိယနှစ်ထဲ ရောက်ရှိလာချိန်အထိ စစ်တပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF)၊ K3C ဟု အတိုကောက်ခေါ်သော ကချင် (KIA)၊ ကရင် (KNU)၊ ကရင်နီ (KA/KNDF)၊ ချင်း (CNF) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကို အဆိုပါ တိုင်းရင်းသားဒေသများတွင် အဓိက ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) ကို အောင်နိုင်ခဲ့ပြီးကတည်းက လက်နက်ကိုင်အဖွဲ့များ ကင်းရှင်းခဲ့သော အထက်အညာဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ဒေသန္တရ PDF များ အင်အားကောင်းစွာ ပေါ်ထွက်လာခြင်းက စစ်တပ်အတွက် ကြီးမားသော အခက်အခဲ ဖြစ်ခဲ့သည်။
အလွန်ကျယ်ပြန့်သော ထိုတိုင်းနှစ်ခုအတွင်း PDF များကို နှိမ်နှင်းရန် စစ်အင်အားအများအပြား ဖြန့်ကြက် အသုံးပြုနေရသည်။ PDF များက ပြောက်ကျားစစ်ဖြင့် ချုံခိုတိုက်ခိုက်မှုများကြောင့် စစ်တပ်သည် အင်အားပြုန်းတီးမှုများနှင့် ရင်ဆိုင်နေရသည်။ သို့သော် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီအထိ စစ်တပ်နှင့် NUG-PDF/K3C တို့ အကြားမှ တိုက်ပွဲများသည် မည်သည့်ဘက်ကမျှ ပြတ်သားစွာ အနိုင်မရခဲ့ပေ။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သောအဖွဲ့များနှင့် ခပ်ကင်းကင်းနေခဲ့သော တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲ စစ်အင်အားအတောင့်တင်းဆုံး “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလား (NDAA) နှင့် ရှမ်းပြည်တပ်မတော် (SSA-N) တို့သည် လက်ရှိပဋိပက္ခကို ဗမာ-ဗမာချင်း ဖြစ်ပွားသော ပဋိပက္ခအဖြစ် သတ်မှတ်ထားပြီး၊ တိုင်းရင်းသား လူနည်းစုများအနေဖြင့် မည်သည့်ဘက်မှ မပါသော “ဘက်မလိုက်မူဝါဒ” ရပ်တည်ချက်ကို ကိုင်စွဲထားသည်။ ထိုအချက်ကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ဇူလိုင်လ ၂၉ ရက်စွဲတပ် သဘောထားထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြထားသည်။
သို့သော် UWSA ၏ မဟာမိတ်များဖြစ်ကြသော ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် ရခိုင် (AA) ညီနောင်မဟာမိတ် ၃ဖွဲ့သည် အများမြင်ကွင်းတွင် လက်နက်ကိုင်တော်လှန်ရေးအပေါ် မည်သည့်သဘောထားမျှ မထုတ်ပြန်ဘဲ လုံးဝ နှုတ်ဆိတ်နေခဲ့သည်။
စင်စစ် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” မစတင်မီအထိ PDF များကို လျှို့ဝှက်စွာ စစ်ပညာသင်ကြားခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ပီပီသသ စနစ်တကျဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့ ပြုလုပ်နေခဲ့သည်။
ထိုအခြေအနေတွင် မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန်လာမှုကြောင့် ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများကို မထိခိုက်ရန်နှင့် ကာကွယ်ရန် တရုတ်နယ်စပ်ဒေသတည်ငြိမ်ရေးကို အကြောင်းပြုပြီး၊ တရုတ်အစိုးရအထူးကိုယ်စားလှယ်သည် UWSA ဦးဆောင်သော “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC)” အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ကို တရုတ်နယ်စပ်တွင် အကြိမ်ကြိမ်တွေ့ဆုံပြီး၊ NUG/PDF များကို မဆက်ဆံ၊ မပူးပေါင်းရန်နှင့် လက်နက်ကိုင်တော်လှန်ရေးထဲ မပါဝင်ရန် ဖိအားပေးခဲ့သည်ဟူသော သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက် FPNCC အတွင်း ရပ်တည်ချက် ၃ မျိုး ကွဲပြားလျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။ FPNCC အဖွဲ့ဝင် KIA သည် NUG/PDF များနှင့် ပွင့်လင်းသော မဟာမိတ်ဆက်ဆံရေး ထူထောင်ပြီး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် NUG/PDF များကို လျှို့ဝှက်စွာ ကူညီခဲ့သည်။ NUG သည် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများ၏ လက်နက်ကိုင်တော်လှန်ရေးအတွက် ထည့်ဝင်သော ရန်ပုံငွေများဖြင့် PDF များကို လက်နက်တပ်ဆင်ရာတွင် ထိုအဖွဲ့များအကူအညီသည် မဟာဗျူဟာကျ အရေးပါခဲ့သည်။
ထိုအခြေအနေကို သိရှိနေသော စစ်တပ်သည် တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NUG/PDF များကို အကူအညီမပေးနိုင်ရန် တရုတ်နိုင်ငံ၏အကူအညီကို ရှာဖွေခြင်းအပါအဝင် သွေးခွဲသော ဗျူဟာအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သည်။
စစ်တပ်၏ကြိုးပမ်းမှုထဲတွင် UWSA/NDAA/SSA-N ခေါင်းဆောင်များကို ၂၀၂၃ ခုနှစ်အတွင်း မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်အထိ ဖိတ်ကြားတွေ့ဆုံဆွေးနွေးခြင်းအပါအဝင် ဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သလို၊ တရုတ်အထူးကိုယ်စားလှယ်၏ ကြားဝင်ကူညီမှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်လည်း တရုတ်နယ်စပ်နှင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သို့သော် သုံးနှစ်နီးပါး နိုင်ငံအနှံ့ မနားတမ်း တိုက်ခိုက်နေရပြီး၊ တဖြည်းဖြည်း အင်အားပြုန်းတီးကာ စစ်ပန်းနေသော စစ်တပ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က မထင်မှတ်ထားချိန်တွင် ချိန်သားကိုက် “ဗျူဟာမြောက် ပူးပေါင်းထိုးစစ်” (Strategic Coordinated Attack) ဆင်နွှဲခဲ့ရာ ရှမ်းမြောက်ဒေသက “၁၀၂၇ စစ်ဆင်ရေး” သည် ပြတ်သားသော ရလဒ်များထွက်ပေါ်လာခဲ့ပြီး၊ စစ်တပ် လုံးလုံးလျားလျား အငိုက်မိ ရှုံးနိမ့်သွားခဲ့သည်။
စစ်ဆင်ရေးကာလ သုံးလမပြည့်မီ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်၏ ကွမ်းလုံ၊ လောက်ကိုင်နှင့် ကုန်းကြမ်း စစ်ဗျူဟာဌာနချုပ်များအပါအဝင် စစ်စခန်းပေါင်း ရာနှင့်ချီ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး၊ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းမကြီးနှင့် ရှမ်းမြောက်ဒေသ မြို့နယ်အများအပြားကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် ၎င်းတို့ စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော PDF တပ်ဖွဲ့ဝင် ထောင်နှင့်ချီ ပါဝင်ခဲ့ပြီး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ အဓိက စစ်ရေးနှင့် နိုင်ငံရေးရပ်တည်ချက်များကို လူသိရှင်ကြား ထုတ်ပြန်လာခဲ့သည်။ ယင်းမှာ (၁) ၎င်းတို့၏ တိုင်းရင်းသားဒေသများကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရေး၊ (၂) ပြည်သူများ လက်မခံသော စစ်အာဏာသိမ်းမှုချုပ်ငြိမ်းသည်အထိ ပြည်သူနှင့်အတူ ရပ်တည်ရေးတို့ဖြစ်သည်။
ထိုအချိန်မှစ၍ မြန်မာ့ပဋိပက္ခဗဟိုချက်သည် နိုင်ငံ၏ အရှေ့တောင်နှင့် အညာဒေသမှ အရှေ့မြောက်ဒေသသို့ သိသိသာသာ စတင်ရွေ့လျားသွားခဲ့ပြီး၊ အိမ်နီးချင်း တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုများကို ထင်ထင်ရှားရှား တွေ့မြင်လာရသည်။ နိုင်ငံတကာအသိုက်အဝန်းအကြား မြန်မာ့ပဋိပက္ခအပေါ်စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့သည်။
စစ်တပ် “အခက်” ၊ တရုတ် “အချက်”
“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း၏ လျင်မြန်သော ထိုးစစ်အရှိန်အဟုန်ကြောင့် ကိုးကန့်ဒေသနှင့် ရှမ်းမြောက်စစ်မြေပြင်တွင် ကစင့်ကလျား ပြိုကွဲနေသော စစ်တပ်၏ ကျဆုံးခန်းက မြန်မာစစ်တပ်နှင့် လက်နက်ကိုင်ပဋိပက္ခအကြောင်း နှစ်ပေါင်းများစွာလေ့လာခဲ့သော နိုင်ငံတကာစစ်ရေးကျွမ်းကျင်သူများကို မယုံကြည်နိုင်စရာ ဖြစ်စေခဲ့သည်။
နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကို မရပ်မနား ရင်ဆိုင်ခဲ့သော စစ်တပ်၊ အရှေ့တောင်အာရှဒေသတွင် စစ်ရည်စစ်သွေးပြည့်ဝနေသည့် တစ်ခုတည်းသော စစ်တပ်၊ နိုင်ငံမပြိုကွဲရန် စုစည်းထားသော စစ်တပ်အဖြစ် သတ်မှတ်ထားခဲ့သည့် ၎င်းတို့၏ယုံကြည်မှုများ ပြိုကွဲလွင့်စဉ်သွားခြင်းကြောင့် ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းကတည်းက စစ်တပ်၏ ရှမ်းပြည်နယ်မြောက်ပိုင်းစခန်းများကို ကွပ်ကဲရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်သော လားရှိုးမြို့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်များက ခြိမ်းခြောက်ခဲ့သည်။
ထိုကဲ့သို့ စစ်တပ် “အခက်” ၊ တရုတ် “အချက်” အခြေအနေတွင် တရုတ်အစိုးရ၏ အချိန်ကိုက်လှုပ်ရှားမှုတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ယင်းမှာ မြန်မာနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားများနှင့် တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရမည် ဆိုသည့် အာမခံချက်ပါဝင်သော “ဟိုက်ဂင်” အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်စလုံးက လက်ခံရန် ဖိအားပေးနိုင်ခဲ့သည်။
“ဟိုက်ဂင်” သည် ယာယီအပစ်ရပ်စဲရေးသာဖြစ်ပြီး၊ ခိုင်မာသော နိုင်ငံရေးသဘောတူညီချက်များ မပါရှိသဖြင့် အချိန်မရွေး ကျိုးပြတ်နိုင်သည်။ သို့သော် “ဟိုက်ဂင်” ကြောင့် ကုလသမဂ္ဂ၊ အာဆီယံနှင့် အနောက်နိုင်ငံအစိုးရများသည် တရုတ်နိုင်ငံ၏ စစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် ဩဇာလွှမ်းမိုးမှုကို မြင်တွေ့လိုက်ရသည်။ ထို့အတူ မြန်မာအရေးတွင် နိုင်ငံတကာအသိုက်အဝန်း သိသိသာသာ လက်ရှောင်နေခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ ညပိုင်းမှစ၍ “ဟိုက်ဂင်” သဘောတူညီချက် စတင်သက်ဝင်ပြီး၊ စစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ MNDAA နှင့် TNLA တို့သည် ၎င်းတို့၏ တပ်ဖွဲ့များကို ရောက်သည့်နေရာတွင် အပစ်ရပ်စဲလိုက်ကြသည်။ ထို့ပြင် စစ်တပ်သည် MNDAA နှင့် TNLA သိမ်းပိုက်ထားသော မြို့များကို ပြန်လည် ထိုးစစ်ဆင်ခြင်း သို့မဟုတ် လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း မပြုလုပ်ပါဟု သဘောတူခဲ့ရသည်။ စစ်တပ်၏သမိုင်းတွင် မကြုံဖူးသော စစ်ရှုံးနိမ့်ခြင်းကို မင်းအောင်လှိုင် ခါးသီးစွာ လက်ခံခဲ့ရခြင်း ဖြစ်သည်။
“ဟိုက်ဂင်” သဘောတူညီချက်သည် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသော ရခိုင်ဒေသမှ စစ်ပွဲများအပေါ် သက်ရောက်မှုမရှိပါ။ ထို့ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ရခိုင်ပြည်နယ်တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ယနေ့ထိ ရပ်နားခြင်းမရှိဘဲ၊ AA သည် ရခိုင်တွင် ၁၀ မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီ ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ထူးခြားချက်မှာ ပဋိပက္ခအတွင်း “ဘက်မလိုက်မူဝါဒ” ဖြင့် ရပ်တည်ခဲ့သော UWSA သည် MNDAA ဦးဆောင်သိမ်းပိုက်ထားသော ဟိုပန်နှင့် ပန်လုံ နှစ်မြို့ကို သေနတ်တစ်ချက် မဖောက်လိုက်ရဘဲ ၎င်းတို့၏ အုပ်ချုပ်ရေးအောက် လွှဲပြောင်းရယူခဲ့သည်။ မြေပြင်တွင် MNDAA က ထိုနှစ်မြို့ကို စစ်တပ်လက်ထဲမှ တိုက်ခိုက်ရယူခဲ့ပြီး၊ UWSA လက်ထဲ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် UWSA ၏ ထုတ်ပြန် ချက်တွင် စစ်ကောင်စီ၏ ညှိနှိုင်းသဘောတူညီချက်ဖြင့် ရယူခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခြင်းက အများပြည်သူ နားမလည်နိုင်စရာ ဖြစ်ခဲ့သည်။
စစ်အောင်နိုင်ခြင်းနှင့်အတူ ဒေသန္တရအုပ်ချုပ်ရေးများ ထူထောင်လာခြင်း
သမိုင်းတစ်လျှောက် နိုင်ငံ၏နယ်စပ်မျဉ်းနှင့်ကပ်လျက် နယ်မြေများတွင်သာ စိုးမိုးရပ်တည်ခဲ့ရသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကဲ့သို့ စစ်တပ်အပေါ် စစ်အောင်နိုင်မှုမျိုး မရရှိခဲ့ဖူးပါ။
“၁၀၂၇ စစ်ဆင်ရေး” ကြောင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာမြို့များ၊ ကုန်သွယ်ရေးလမ်းမကြီးနှင့် အတွင်းပိုင်းကျသော မြို့ကြီးမြို့ငယ်များကို ကျယ်ပြန့်စွာ သိမ်းပိုက်ထိန်းချုပ်နိုင်လိုက်သည့် အခြေအနေက MNDAA, TNLA နှင့် AA တို့၏ စစ်အင်အားနှင့် ဩဇာအာဏာ ဖြန့်ကြက်မှုကို ကြီးမားသောပြောင်းလဲမှု ဖြစ်လာစေခဲ့သည်။
စစ်ပွဲတို့၏ နိယာမအတိုင်း စစ်အောင်နိုင်ခြင်းနှင့်အတူ တွဲဆက်ပါလာသည်က သိမ်းပိုက်နိုင်ခဲ့သည့် မြို့ရွာများတွင် အာဏာလေဟာနယ် (Power Vacuum) ဖြစ်ပေါ်မှုကို အလျင်အမြန် အစားထိုး ထူထောင်တာဝန်ယူရခြင်း ဖြစ်သည်။ MNDAA နှင့် TNLA သည် ကိုးကန့်ဒေသနှင့် ရှမ်းမြောက်တွင် စစ်ရေးခြေကုပ်ခိုင်မာရေးနှင့်အတူ အုပ်ချုပ်ရေးယန္တရားများပါ တည်ဆောက်လာကြသည်။ အလားတူ ရခိုင်ပြည်နယ်တွင် AA ဆောင်ရွက်လာခြင်းကို တွေ့မြင်ခဲ့ရသည်။
ရှမ်းမြောက်စစ်ပွဲများက အရပ်သားပြည်သူတို့နေထိုင်ရာ မြို့ရွာများနှင့် သီးခြားကင်းလွတ်သော စစ်မြေပြင်တွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ပါ။ ထို့ကြောင့် စစ်တပ်အုပ်ချုပ်မှုမှ လွတ်မြောက်သွားသော မြို့ရွာများရှိ ပြည်သူတို့အတွက် မရှိမဖြစ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော လုံခြုံရေး၊ ဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသော ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ လူသားချင်းစာနာမှု အကူအညီလိုအပ်သူများကို အကူအညီပေးရေး၊ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး အချိန်မဆိုင်း ကြိုးပမ်းဆောင်ရွက်လာကြသည်ကို တွေ့မြင်နေရသည်။
ထိုလုပ်ငန်းများကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမှ လုပ်ဆောင်မည်ဟု စောင့်ဆိုင်း၍မရပေ။ ထိုရည်မှန်းချက်သို့ သွားရာ လမ်းခုလတ်မှာပင် တော်လှန်ရေးအင်အားစုအသီးသီး၏ ပခုံးပေါ် ကျရောက်လာပြီး၊ ရှောင်လွှဲ၍ မရနိုင်ပါ။
ထို့အတူ “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းကာလတွင် ဟန်ချက်ညီ ဖော်ဆောင်ခဲ့သော ချင်း၊ ကရင်နှင့် ကရင်နီ ပြည်နယ်များရှိ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ သိမ်းပိုက်ရရှိထားသော နယ်မြေများတွင်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) က သိမ်းပိုက်ရရှိထားသော နယ်မြေများတွင်လည်းကောင်း ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းအသီးသီး ဖော်ဆောင်ခဲ့ကြသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း သို့မဟုတ် “ဟိုက်ဂင်” ကျိုးပြတ်ခြင်း
“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းက အနောက်နိုင်ငံများမှ စစ်ရေးကျွမ်းကျင်ပညာရှင်များကို အငိုက်မိ၊ အရှက်ရစေခဲ့သည်။ အကြောင်းမှာ မြန်မာစစ်တပ်များ၏ စစ်အင်အားနှင့် လက်နက်အင်အားပိုင်ဆိုင်မှု အဆင့်အတန်းကို သီအိုရီအရ တွက်ချက်ပြီး၊ ရေရှည်တွင် စစ်တပ်နိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သောကြောင့် ဖြစ်သည်။
စစ်တပ်၏ စစ်အင်အားကို ပိုတွက်ခဲ့ကြသော ပြည်တွင်း ညဏ်ကြီးရှင်အဖွဲ့များ (Think Tank) နှင့် ပညာရှင်ဆိုသူများကလည်း၊ ရေရှည်စစ်ပွဲ (Protracted War) ဖြစ်လာပြီ ဖြစ်၍ စစ်တပ်သာ အနိုင်ရလိမ့်မည်ဟု ခိုင်ခိုင်မာမာ ဟောကိန်းထုတ်ခဲ့ကြသည်။
ထို့ပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တရုတ်ဩဇာကို မဆန့်ကျင်ရဲဘဲ၊ တရုတ်အစိုးရ၏ ကြားဝင်စွက်ဖက်မှုဖြင့် ကြိုးပမ်းထားသော “ဟိုက်ဂင်” သဘောတူညီချက်ကို ဖောက်ဖျက်လိမ့်မည်မဟုတ်၊ ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” ဤမျှနှင့်သာ အဆုံးသတ်သွားပြီဟု ထိုပညာရှင်များက ဟောကိန်းအသစ်များ ထပ်မံထုတ်ပြန်လာပါသည်။
ယင်းမှာ “၁၀၂၇ စစ်ဆင်ရေး” သည် ကိုယ့်နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး စစ်ပွဲသာဖြစ်သည်။ NUG နှင့် PDF များ ကြွေးကြော်နေသော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးမဟုတ်၊ ယခုအခါ နယ်မြေပိုင်ဆိုင်မှု ရရှိသွားပြီဖြစ်၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအထိ တိုက်ပွဲဆင်နွှဲမည် မဟုတ်ဟု ကောက်ချက်ဆွဲကြသည်။
ထိုကောက်ချက်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှုကို ပိုမိုတွက်ဆထားသလို၊ ထိုအဖွဲ့များသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထက် တရုတ်နိုင်ငံနှင့် လိုက်လျောညီထွေသော နိုင်ငံရေးစနစ်ကိုသာ လိုလားကြသူများအဖြစ် ယခင်က ကျယ်ကျယ်ပြန့်ပြန့်ရှိထားခဲ့သော ယူဆချက်များအပေါ် အခြေခံထားကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် တရုတ်အစိုးရကိုယ်တိုင် ကြားဝင်စေ့စပ်ထားသော ဟိုက်ဂင်သဘောတူညီချက်ကို MNDAA နှင့် TNLA တို့က ချိုးဖောက်မည်မဟုတ်ဟု ကိန်းသေတွက်ချက်ကာ၊ ဟိုက်ဂင်သဘောတူညီချက်ကို မတတ်သာ၍ လက်ခံခဲ့ရသော စစ်တပ်က မြေပြင်တွင် TNLA ထိန်းချုပ်နယ်မြေများကို လက်နက်ကြီးများဖြင့် ပစ်ခတ်၊ လေယာဉ်ဖြင့် ဗုံးကြဲနေသော အခြေအနေတွင် သဘောတူညီချက် အချိန်မရွေးပျက်နိုင်သည်ကို ထိုပညာရှင်များ ထည့်မတွက်ခဲ့ကြပါ။
သို့သော် သဘောတူညီချက် ၆ လမပြည့်မီ၊ ဇွန်လ ၂၅ ရက်နေ့တွင် ထိုသဘောတူညီချက်ကို မလိုက်နာဘဲ အကြိမ်ကြိမ်ချိုးဖောက်သော စစ်တပ်ကို TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မန္တလေး (MDY-PDF) တို့ ဦးဆောင်ပြီး၊ ဒေသအလိုက် PDF တပ်ဖွဲ့များပူးပေါင်း၍ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကို စတင်ဆင်နွှဲလာပါသည်။
ဤတစ်ကြိမ် စစ်ဆင်ရေးနယ်မြေသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်မြို့နယ်တို့သာမက၊ မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့တို့အထိ စစ်ဆင်ရေးကျယ်ပြန့်လာပြီး၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထိုစစ်ဆင်ရေးကို “ရှမ်း-မန်း စစ်ဆင်ရေး” ဟုလည်း အမည်ပေးထားသည်။
ယနေ့အထိ TNLA သည် နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ MDY-PDF သည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတွင် တည်ရှိသော စဉ့်ကူးမြို့ကို သိမ်းပိုက်ထားကာ၊ မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ အကွာခန့်အကွာအဝေးတွင်ရှိသော မတ္တရာမြို့ရှိ စစ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ထားပြီဖြစ်သည်။
စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအတွင်း MNDAA ဦးဆောင်ပြီး၊ ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ရင်းများပါဝင်သော ပူးပေါင်းအဖွဲ့က လားရှိုးမြို့သိမ်းတိုက်ပွဲကို အပြင်းအထန်ဆင်နွှဲခဲ့ပြီး သြဂုတ်လဆန်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ပွဲမကျယ်ပြန့်စေရန် အကြောင်းပြချက်ဖြင့် “ကြားခံ” တတိယစစ်အုပ်စု ပေါ်ထွက်လာခြင်း
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုတွင် မည်သည့်ဘက်မှ မပါဝင်သော “ဘက်မလိုက်မူဝါဒ” ဖြင့် ရပ်တည်ခဲ့သော UWSA သည် ဇူလိုင်လ ၁၀ ရက်နေ့တွင် သံလွင်မြစ်အနောက်ခြမ်းရှိ လားရှိုးမြို့နှင့် နယ်နိမိတ်ထိစပ်နေသော တန့်ယန်းမြို့ကို “ဝ”တပ်ဖွဲ့ အင်အားနှစ်ထောင်ကျော် စေလွှတ်ခဲ့သည်။ UWSA နှင့် ရပ်တည်ချက်တူသော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) ကလည်း တန့်ယန်းနှင့် ကပ်လျက် မိုင်းရယ်မြို့ကို UWSA နှင့်အတူ အင်အားရာချီဖြင့် ဝင်ရောက်တပ်စွဲလာသည်။
UWSA နှင့် SSA-N နှစ်ဖွဲ့စလုံးက လားရှိုးအထိ ကျယ်ပြန့်လာသော ရှမ်းမြောက်စစ်ရေးပဋိပက္ခများ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ကူးစက်မလာရေး ကြားဝင်ထိန်းသိမ်းခြင်းဖြစ်ပြီး၊ စစ်ကောင်စီနှင့် ညှိနှိုင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ကြသည်။
UWSA သည် SSA-N နှင့် NDAA တို့နှင့်အတူ ငြိမ်းချမ်းမှုထိန်းသိမ်းသော “ကြားခံ” တတိယစစ်အုပ်စုအဖြစ် ပုံဖော်လာခြင်းသည် တရုတ်နိုင်ငံ၏ နောက်ကွယ်မှ ထောက်ခံမှုရရှိထား၍ဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။
ထိုသုံးသပ်ချက်ကို ပံ့ပိုးပေးသော အချက်မှာ FPNCC ၏ ထုတ်ပြန်ချက်တွင်လည်းကောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်းကောင်း “တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံပါသည်” ဟု ဖော်ပြကြခြင်းကြောင့် ဖြစ်နိုင်သည်။
နိဂုံး – ပဋိပက္ခစက်ဝန်း အရှုပ်အထွေးများမှ အမြတ်ထုတ်မည့်အရေး သတိထားရန် လိုအပ်
မည်သို့ပင်ဆိုစေ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းနှင့်အတူ ရှမ်းမြောက်ဒေသ ဖြစ်ပေါ်တိုးတက်မှုများသည် ပဋိပက္ခစက်ဝန်း ပိုမိုရှုပ်ထွေးသော အခြေအနေတစ်ရပ်ကို စစ်ကောင်စီ ကြိုးပမ်းနေကြောင်း မြင်သာစေပါသည်။ စစ်ခေါင်းဆောင်များက ၎င်းတို့အစဉ်အဆက် ကျင့်သုံးခဲ့၊ ကျင့်သုံးဆဲ “သွေးခွဲဗျူဟာ” အလုပ်ဖြစ်နေသေးသည်ဟု ယုံကြည်နေကြသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ထိုယုံကြည်ချက်ကို ရိုက်ချိုးနိုင်ကြောင်း သက်သေပြရမည် ဖြစ်သည်။
ထို့ပြင် တရုတ်နယ်စပ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက ထူးထူးခြားခြား လက်ရှောင်နေခဲ့သော အာဆီယံနှင့် အနောက်နိုင်ငံအစိုးရများကို “ဟိုက်ဂင်” သဘောတူညီချက် ပျက်ပြားသွားခြင်းက တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု အကန့်အသတ်သာရှိကြောင်း သတင်းစကားပါးလိုက်ခြင်း ဖြစ်ပေသည်။
သို့သော် တရုတ်အစိုးရသည် ပျက်စီးသွားသော “ဟိုက်ဂင်” ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေပါသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် စစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် တရုတ်အစိုးရက ဖိအားပေးစီစဉ်နေသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။
တရုတ်သည် မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဆန့်ကျင်လျက် ပဋိပက္ခတွင်းမှ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ရှေ့တန်းတင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်တပ်နှင့်ပူးပေါင်း၍ စစ်တပ်သက်ဆိုးရှည်မည့် လုပ်ရပ်များ တရုတ်လုပ်ကိုင်နေသည်ကို ပါးနပ်စွာ ရှောင်ရှားနိုင်ရန်လည်း အရေးကြီးသည်။
ရှမ်း-မြောက်သို့ ရွေ့လျားသွားသော ပဋိပက္ခဗဟိုချက်၏ ပြင်းအား ကြီးမားသော်လည်း၊ ထိုပဋိပက္ခဗဟိုချက်ကို ထိန်းချုပ်နိုင်ရုံမျှဖြင့် မြန်မာ့ပဋိပက္ခတစ်စုံလုံးကို ဖြေရှင်းပေးမည် မဟုတ်ပါ။ ဤအချက်သည် အရေးအကြီးဆုံးအချက်ပင်။ မြန်မာ့ပြဿနာကို မြန်မာပြည်သူများကသာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ ပြင်ပစွက်ဖက်မှုကြောင့် ဖြေရှင်းနိုင်ခဲ့သောရာဇဝင် မြန်မာသမိုင်းတွင် မရှိပြီ။
မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်သော အင်အားသာလျှင် အဓိက ဖြစ်သည်။