သတင်း

စစ်ကောင်စီတပ်များရှိသည့် တန့်ယန်းမြို့ကို “ဝ”တပ်ဖွဲ့ အင်အားနှစ်ထောင်ကျော်ဖြင့် ဝင်ရောက်လာ

UWSA တပ်ဖွဲ့၏ လားရှိုးမြို့နယ် ဆက်ဆံရေးတာဝန်ခံက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ တန့်ယန်းဘက်သို့ ကူးမလာအေင် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ကမ်းနံဘေးတွင် ရှိပြီး “ဝ” ဒေသနှင့် ထိစပ်နေသည့် တန့်ယန်းမြို့ကို ယမန်နေ့( ဇူလိုင် ၁၀) တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) တပ်ဖွဲ့အင်အား ၂၀၀၀ ကျော်ခန့် စစ်ကားများဖြင့် ရောက်ရှိလာသည်ဟု တန့်ယန်းဒေသခံတချို့က ပြောသည်။

ယမန်နေ့ နံနက်က စစ်ကောင်စီတပ်၏ ဗျူဟာမှူးနှင့် UWSA က တပ်မှူးတချို့ ဆွေးနွေးခဲ့ပြီးနောက် စစ်ကားအကြီးအသေးပေါင်းစုံနှင့် “ဝ”တပ်ဖွဲ့အင်အားအများအပြား ဝင်ရောက်လာသည်ကို တွေ့မြင်ခဲ့ရသည်ဟု တန့်ယန်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲဒါက မနေ့က တပ်ပေါ်က ဗျူဟာမှူးနဲ့ ဒီဘက်က လူနဲ့ဆွေးနွေးကြတယ်၊ အိုကေတယ်ပေါ့ ဒီဘက်ကို တန့်ယန်းကို အထိမခံဘူးဆိုတဲ့ အနေအထားနဲ့ မိုင်းပတ်လောက်အထိတော့ ထိန်းထားတယ်ပေါ့ အဲဒီအနေအထားပါ” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

အဆိုပါ UWSA အင်အားအများစုမှာ တန့်ယန်းမြို့အပြင် တန့်ယန်းနှင့် မိုင်းရယ်ကြား မိုင် ၄၀ ခန့်ဝေးသည့် လမ်းပိုင်းရှိ မန်ကတ်၊ မိုင်းပတ် စသည့် ကျေးရွာများနှင့် အဆိုပါ လမ်းပိုင်းတစ်ခုလုံးကို လုံခြုံရေးယူထားသည်ဟု တန့်ယန်းဒေသခံများက ပြောသည်။

တန့်ယန်းမြို့နှင့် မြို့အနောက်ဘက်သို့ UWSA တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေသည့် သတင်းကို အဆိုပါအဖွဲ့၏ လားရှိုးမြို့နယ် ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းနှင့် “ဝ”တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသတာဝန်ခံ ဦးဆမ်ဘိမ်းတို့ နှစ်ဦးကလည်း အတည်ပြုထားသည်။

UWSA တပ်ဖွဲ့၏ လားရှိုးမြို့နယ် ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ တန့်ယန်းဘက်သို့ ကူးမလာအေင် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်ဟု Myanmar Now ကို ယနေ့ ညနေတွင် ပြောသည်။

“ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် စိုးရိမ်နေတဲ့ဒေသခံနဲ့ ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်” ဟု ဦးညီရမ်းက ဆိုသည်။

ယခုလို တပ်စွဲခြင်းက တန့်ယန်းဒေသ တည်ငြိမ်ရေးကို အထောက်အကူပြုစေနိုင်မည် ဖြစ်သလို ၎င်းတို့ ကိုင်စွဲထားသော ဘက်မလိုက်ရေးမူကိုလည်း ဆက်လက်ကျင့်သုံးပြီး ပဋိပက္ခဖြစ်ပွားမှုကိုလည်း လက်ခံမည် မဟုတ်ဟု ၎င်းက ပြောသည်။

တန့်ယန်းမြို့အတွင်း ဝင်ရောက်လာသည့် UWSA စစ်ကားများအား လူမှုကွန်ရက်တွင် တွေ့ရစဉ်။

တန့်ယန်းဒေသအတွင်း ဝင်ရောက်လာသည့် UWSA တပ်ဖွဲ့ ၂၀၀၀ ကျော်တွင် တပ်မဟာ (၃၁၈) မှ အင်အား ၅၀၀ ကျော်သာပါဝင်ပြီး ထိုင်းနယ်စပ်ဒေသဖြစ်သည့် အမှတ် (၁၇၁) စစ်ဒေသမှ အင်အား ၁၅၀၀ ကျော် ပါဝင်သည်ဟု ရှေ့တန်းစစ်ရေးရင်းမြစ်ကို ကိုးကားပြီး Shan News က ရေးသားထားသည်။

တန့်ယန်းမြို့တွင် တပ်စွဲထားသည့် UWSA တပ်များ၏ တာဝန်မှာ ပဋိပက္ခထိန်းချုပ်ရေးနှင့် လုံခြုံရေးအတွက်သာ ဖြစ်သည်ဟု အမှတ် (၁၇၁) စစ်ဒေသ၏ ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဘိမ်းက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ လုံခြုံရေးအရင်သွားယူထားတာ အဲဒီလိုမျိုး။ (ထိတွေ့မှု) မဖြစ်နိုင်ဘူး၊ ဖြစ်မှာစိုးလို့ ကျွန်တော်တို့အနေနဲ့ ကြားထဲက သွားပြီးမှ တားထားတာ၊ ပြည်သူတွေ ထိခိုက်ကုန်မှာစိုးလို့” ဟု ထိုသူက ဆိုသည်။

ယမန်နေ့က တန့်ယန်းသို့ ရောက်လာသည့် UWSA တပ်ဖွဲ့ဝင်များအနက်မှ အချို့သည် တန့်ယန်း-မိုင်းရယ်လမ်းပိုင်းမှတစ်ဆင့် လားရှိုးမြို့ဘက်သို့ တက်သွားသည်ဆိုသည့် သတင်းများထွက်ပေါ်နေခဲ့သည်။

ယနေ့ မွန်းတည့် ၁၂ နာရီကျော်၌ တပ်ဖွဲ့ဝင်အများအပြား ပါဝင်သည့် UWSA စစ်ကား ၁၀ စီးကျော်သည် တန့်ယန်းမြို့ပေါ်သို့ ဝင်ရောက်ခဲ့ပြီး တန့်ယန်း-လားရှိုးလမ်းပိုင်းသို့ ဦးတည်သွားခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့ (UWSA) က မြို့ပေါ်မှာတော့ ဝင်နေတာ မရှိပါဘူး။ ဒီတိုင်းပဲ ဖြတ်သွားတာ တန့်ယန်းကနေ လားရှိုးမြို့ဘက်ကို ပြန်ထွက်သွားတာ။ တစ်ချို့ကတော့ စိုးရိမ်ကြတာပေါ့ ပေါ်တင်ကြီးဝင်လာတာဆိုတော့” ဟု ပြောသည်။

ယမန်နေ့ ည ၁၀ နာရီခန့်တွင်လည်း UWSA စစ်ကားအများအပြားသည် တန့်ယန်းမြို့ပေါ်ကို ဖြတ်၍ လားရှိုးမြို့သို့ ဦးတည်ထွက်ခွာသွားကြောင်းလည်း နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည်။

UWSA စစ်ကြောင်းများ ဦးတည်သွားသည့် လားရှိုးမြို့သည် ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်များ ထိုးစစ်ဆင်နေသော မြို့ဖြစ်ကာ မဟာမိတ်ဖွဲ့ထားသည့် UWSA လားရှိုးထိုးစစ်တွင် ပါဝင်လာနိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ “သူတို့ (UWSA) လားရှိုးအထိတော့ မရောက်ပါဘူး နမ့်ပေါင်နားတစ်ဝိုက်ပေါ့၊ အဲဒီနားပဲ သွားကြည့်မှာပေါ့၊ အဲဒီမှာ ကြားဖြတ်မှာပေါ့နော်၊ ဘာမှတော့ မဖြစ်ဘူး” ဟု ဦးဆမ်ဘိမ်းက ငြင်းဆိုသည်။

နမ့်ပေါင်နှင့်အနီးတစ်ဝိုက်သည် လားရှိုးအရှေ့တောင်ဘက်မှ မိုင်အနည်းငယ်သာ ဝေးကာ ကိုးကန့်တပ် (MNDAA) တပ်များက နယ်မြေထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်နေသည်။

ယနေ့နံနက် တန့်ယန်းမြို့တွင် ပုံမှန်အတိုင်းပင် သွားလာလှုပ်ရှားနေကြပြီး ဈေးဆိုင်များလည်း ဖွင့်လှစ်ထားသည်ဟု တန့်ယန်းမြို့ခံတချို့က ပြောသည်။

နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအားလုံး မြို့ပေါ်တွင် သွားလာလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီတပ်ကလည်း ၎င်းတို့ တပ်စခန်းများအတွင်း၌သာ တပ်စွဲထားသည်ဟု မြို့ခံများထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နောင်ချိုနှင့် လားရှိုးမြို့တို့ကို TNLA နှင့် ကိုးကန့်တပ် MNDAA တို့က ဦးဆောင်တိုက်ခိုက်နေရာ တိုက်ပွဲများမှာ တန့်ယန်းဒေသနှင့် ထိစပ်နေသည့် နမ့်ပေါင်၊ မိုင်းရယ် စသည့် ဒေသများသို့ ရောက်ရှိလာသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလဆန်းပိုင်းတွင် ဟိုပန်မြို့နှင့် ပန်လုံမြို့ကို သိမ်းယူပြီး နောက်ပိုင်းတွင် UWSA “ဝ”တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။

တန့်ယန်းမြို့ကိုလည်း UWSA တပ်ဖွဲ့က လွှဲယူနိုင်သည်ဆိုသည့် သတင်များထွက်ပေါ်နေသည်ဟု ဒေသခံများက ပြောသော်လည်း အမှတ် (၁၇၁) စစ်ဒေသတာဝန်ခံ ဦးဆမ်ဘိမ်းက ဖြေကြားရန် ငြင်းဆိုသည်။

“အဲဒါတွေက နောက်မှ လူကြီးတွေ ဆွေးနွေးလိမ့်မယ်လေနော်၊ နယ်မြေက နည်းနည်းလေးရှုပ်တယ်” ဟု ဦးဆမ်ဘိမ်းက ပြောသည်။

တန့်ယန်းမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၆) နှင့် ခမရ (၅၂၃) တပ်များရှိသလို မြို့အနောက်ဘက် လမ်းတစ်လျှောက်ရှိ မန်ကတ်တွင် ခလရ (၁၄၄) နှင့် စစ်သင်တန်းကျောင်း၊ မိုင်းပတ်တွင် ခလရ (၁၃၆) တပ်များ အစဉ်လိုက်ရှိနေသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် တန့်ယန်းမြို့အနီးရှိ ကျေးရွာများတွင် UWSA က တပ်ဖွဲ့ဝင်အင်အားဖြည့်ကာ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလာခဲ့ကြောင်း သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးမြို့ကို မြောက်ပိုင်းတပ်များ ထိုးစစ်မစတင်ခင်ကတည်းက မြို့ကို ကာကွယ်ရန် စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့ အင်အားအများအပြားဖြင့် အချိန်ယူ ပြင်ဆင်ထားခဲ့ရာ သိမ်းပိုက်ရန် အလွန်ခက်ခဲသည်။

၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်တွင် တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း UWSA တပ်ဖွဲ့သည် မဟာမိတ်ဖွဲ့ထားသည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့ ထိုးစစ်တွင် ပါဝင်ကူညီခဲ့ကြောင်း မြေပြင်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်ဆင်ရေး ပထမပိုင်းအပြီးတွင်လည်း လားရှိုးမြို့အနီးရှိ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် မိုင်းကျက်ဒေသနှင့် သိန္နီမြို့နယ် ကာမိုင်းဒေသများတွင် UWSA တပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားလာခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၅ ရက်တွင်လည်း ဟိုပန်မြို့နှင့် ပန်လုံမြို့တို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိုမြို့များကို UWSA ထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ဟိုပန်မြို့ကို ခရိုင်မြို့အဖြစ် UWSA က တရားဝင်သတ်မှတ်ကာ ၎င်းတို့ ထိန်းချုပ်ဒေသထဲ ထည့်သွင်းခဲ့သည်။

Show More

Related Articles

Back to top button